တရုတ်ဆီက ထွက်ပေါ်လာမယ့် မျိုးဆက်သစ် အီလက်ထရွန်နစ် စစ်ဆင်ရေး လက်နက်

 

တရုတ်ဆီက ထွက်ပေါ်လာမယ့် မျိုးဆက်သစ် အီလက်ထရွန်နစ် စစ်ဆင်ရေး လက်နက်

 

လက်ရှိအချိန်မှာဆိုရင် တရုတ်နိုင်ငံဟာ နည်းပညာနယ်ပယ်မှာ တော်တော်လေးကို ရှေ့ရောက်လာပါပြီ။     အထူးသဖြင့် စစ်လက်နက် နည်းပညာမှာ သူမတူအောင်ကို ထူးချွန်လာတယ်လို့ ဆိုရမှာပါ။

အခုလည်း တရုတ်နိုင်ငံ နန်ကျင်းမြို့ရှိ အရှေ့တောင်ပိုင်း တက္ကသိုလ်မှ သုတေသန ပညာရှင်များက မျိုးဆက်သစ် အီလက်ထရွန်နစ် စစ်ဆင်ရေးလက်နက် တစ်မျိုးရဲ့ဒီဇိုင်းကို လူသိရှင်ကြား ထုတ်ပြန်လိုက်ပါပြီ။

တခြားသော အီလက်ထရွန်နစ် စစ်ဆင်ရေး လက်နက်နဲ့မတူတဲ့ တရုတ်ရဲ့ မျိုးဆက်သစ်    အီလက်ထရွန်နစ်စစ်ဆင်ရေး လက်နက်ရဲ့     စွမ်းဆောင်ရည်ကိုတော့ တော်ရုံအားဖြင့် ဘယ်သူမှထင်မှတ်ထားမှာမဟုတ်ပါဘူး။

အဲဒီလက်နက်စနစ်က    အင်တာနာ တစ်မျိုးတည်းကနေ    အမျိုးမျိုးသော လျှပ်စစ်သံလိုက်လှိုင်းနှုန်းများကို ထုတ်လွှင့်နိုင်ပါတယ်။ ဒီအတွက်ကြောင့် ပစ်မှတ်အများအပြားကို တစ်ချိန်တည်းမှာ တစ်ပြိုင်နက် ပစ်မှတ်ထား တိုက်ခိုက်နိုင်မှာ ဖြစ်ပါတယ်။

အီလက်ထရွန်နစ် စစ်ဆင်ရေးဆိုတာ စစ်ပွဲတစ်ပွဲရဲ့     နောက်ထပ်ရှေ့တန်း စစ်မျက်နှာပြင် တစ်ခုအဖြစ် ရောက်ရှိလာပြီ ဆိုတာကို အားလုံးက လက်ခံထားကြပါပြီ။

ဒါကြောင့်လည်း   အင်အားကြီးနိုင်ငံများက အီလက်ထရွန်နစ် စစ်ဆင်ရေးအတွက် နည်းပညာ အသစ်အဆန်းများကို အသည်းအသန် တီထွင်နေကြတာပါ။

ဒီလိုအရေးတကြီးလိုအပ်တဲ့ နည်းပညာကို လက်တွေ့မြေပြင်မှာ အသုံးမချနိုင်ဘူး ဆိုရင်  နောက်ဆုံးမှာ   ကိုယ့်ရဲ့ပိုင်နက် နယ်မြေကိုပါ လက်လွှတ် ဆုံးရှုံးရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

အဆင့်မြင့်အီလက်ထရွန်နစ် စစ်ဆင်ရေး လက်နက်များဟာ စစ်လက်နက်ပစ္စည်းများ၊ ရေဒါများကို အသုံးမဝင်တော့ အောင်ဖိနှိပ်နိုင်ရုံသာမက စစ်မက်ဖြစ်ပွားရာဒေသမှာ ရန်သူရဲ့ ဆက်သွယ်ရေး၊ လမ်းညွှန်စနစ်နဲ့ သတင်းအချက်အလက် ရယူနိုင်စွမ်းတို့ကိုပါ ပျက်စီးစေနိုင်စွမ်း ရှိပါတယ်။

လက်ရှိမှာဆိုရင် အီလက်ထရွန်နစ် စစ်ဆင်ရေး လက်နက်များရဲ့ပုံစံဟာ တိုက်လေယာဉ်ရဲ့  အတောင်ပံအောက်မှာတပ် ဆင်ထားတဲ့ ဒုံးကျည်များနဲ့ ဆင်တူလာပါပြီ။

အဲဒီလို   လက်နက်မျိုးတွေကိုလည်း အမေရိကန်နဲ့ ရုရှားတို့ရဲ့  အဆင့်မြင့် စစ်လေယာဉ်များမှာ မြင်တွေ့လာရပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ လက်နက်များက ရည်မှန်းချက်တစ်ခုတည်းမှာရှိတဲ့ ပစ်မှတ်များကိုသာ ဖိနှိပ်နိုင်စွမ်းရှိပါတယ်။

ဒီနေရာမှာတော့ တရုတ်ကထုတ်တဲ့ လက်နက်က သူတို့ထက် ပိုပြီးသာသွားပါပြီ။ သူက ရည်မှန်းချက်နေရာ အများအပြားမှာရှိတဲ့ မတူညီသော လှိုင်းနှုန်းများနဲ့ ထုတ်လွှင့်နေတဲ့ လျှပ်စစ်ပစ္စည်းများကို အသက်မဲ့သွားအောင် လုပ်ဆောင်နိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။

အခု     တရုတ်နိုင်ငံရဲ့မျိုးဆက်သစ် အီလက်ထရွန်နစ် လက်နက်စနစ်ကို အရှေ့ တောင်ပိုင်းတက္ကသိုလ်မှ ပါမောက္ခကျန်း ဝေရှန်းဦးဆောင်တဲ့ အဖွဲ့က တီထွင်လိုက်တာပါ။

ယေဘုယျအားဖြင့်ဆိုရင်   အီလက်ထရွန်နစ် စစ်ဆင်ရေး လက်နက်တစ်မျိုးက လှိုင်းနှုန်းထုတ်လွှင့်မှု၊ ပြန်လည်ဖမ်းယူမှု တို့အတွက် ကွန်ပျူတာ ထိန်းချုပ်အင်တာနာ အများကြီးကို အသုံးပြုရတာဖြစ်ပါတယ်။

မတူညီတဲ့ပစ်မှတ်များကို ချိန်ရာမှာ အဲဒီအင်တာနာတွေက   တစ်ခုချင်းသီးခြား လွတ်လပ်စွာ အလုပ်လုပ်နိုင်ပေမယ့် လျှပ်စစ်သံလိုက်လှိုင်းများ   ထုတ်လွှင့်ရာမှာတော့ စွမ်းအင်နဲ့ လှိုင်းနှုန်း ရောက်ရှိနိုင်မှုတို့ဟာ  အကန့်အသတ်အောက်မှာသာ အဆုံးသတ် သွားကြပါတယ်။

ကျန်းဝေရှန်းရဲ့ အဖွဲ့ကတော့ အင်တာနာ တစ်ခုချင်းစီကနေ လျှပ်စစ်သံလိုက်လှိုင်းများ ထုတ်လွှင့်မှုကို ကျွမ်းကျင်စွာ ကိုင်တွယ် အသုံးပြုနိုင်ခြင်းအားဖြင့် ဒီနည်းပညာမှာ နှာတစ်ဖျားသာလာတာကို   တွေ့ရပါတယ်။

ဒီနေရာမှာ ပစ်မှတ်များကိုဖိနှိပ်မယ့် လျှပ်စစ်သံလိုက်လှိုင်းနှုန်း   တစ်ခုချင်းစီကို ပစ်မှတ်များနဲ့သင့်လျော်တဲ့   လှိုင်းနှုန်း များအဖြစ် လွတ်လပ်စွာ ချိန်ညှိနိုင်စေမှာပါ။

ဒီလိုမျိုးစိတ်ကူးက ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်   တကယ်တမ်းလက်တွေ့မှာကျတော့  ပစ်မှတ်အများအပြားကို ပစ်မှတ်ထား တိုက်ခိုက်ရာမှာ တွက်ချက်မှုမြောက်မြားစွာ လိုအပ်တဲ့အတွက် ချစ်ပြားများကို ဝန်ပိုပိစေနိုင်ပါတယ်။

ဒါပေမဲ့လည်း ဒီပြဿနာကိုဖြေရှင်းနိုင်ဖို့အတွက် ကျန်းဝေရှန်းရဲ့အဖွဲ့က အယ်လဂိုရီသမ် တစ်မျိုးကို ရေးဆွဲခြင်းအားဖြင့် ကျော်လွှားနိုင်ခဲ့ပါတယ်။ အဲဒီအယ်လဂိုရီသမ်က ကွန်ပျူတာတွက်ချက်မှုပိုင်းမှာ ဝန်ပိစေမယ့်အရာကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

နန်ကျင်းမြို့မှာရှိတဲ့ အရှေ့တောင်ပိုင်း တက္ကသိုလ်ဆိုတာ ထိပ်တန်းတက္ကသိုလ် တစ်ခုဖြစ်ပြီး ဟွားဝေလိုမျိုးကမ္ဘာကျော် နည်းပညာ ကုမ္ပဏီများနဲ့   လက်တွဲလုပ်နေတဲ့ တက္ကသိုလ်ဖြစ်ပါတယ်။

ဒီတက္ကသိုလ်ကနေ ဘွဲ့ရသွားသူ အများစုအနေနဲ့ အဲဒီကုမ္ပဏီကြီးတွေမှာ တစ်ခါတည်းအလုပ်တန်းရတဲ့ အထိကို နာမည်ကျော်တဲ့ တက္ကသိုလ်ဖြစ်ပါတယ်။

ဒါကြောင့် ဒီလိုမျိုးတက္ကသိုလ်ကနေ ထွက်ပေါ်လာတဲ့ နည်းပညာဆိုတာက ကမ္ဘာ့ထိပ်တန်း အဆင့်ရှိနေမှာကတော့ အသေအချာပဲဖြစ်ပါတယ်။