ဂျပန်၌ငလျင်များကြောင့် သေဆုံးသူ ၄၈ ဦးအထိမြင့်တက်လာ

 

ဂျပန်၌ငလျင်များကြောင့် သေဆုံးသူ ၄၈  ဦးအထိမြင့်တက်လာ

 

    ဂျပန်နိုင်ငံအလယ်ပိုင်းနှင့်   အနီးဝန်းကျင်ဒေသများ၌ ဇန်နဝါရီလ ၁ ရက်က လှုပ်ခတ်သော အင်အားပြင်း ငလျင်များကြောင့် ဇန်နဝါရီလ ၂ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီခွဲအထိ   သေဆုံးသူ ၄၈ ဦး အထိမြင့်တက်လာကြောင်း သိရသည်။

ထို့ပြင် အီရှီကာဝါ၊ နီးဂါတာ၊ ဖူကူအီ၊ တိုယာမာနှင့် ဂီဖူစီရင်စုတို့၌ ဒဏ်ရာရရှိသူများလည်း ရှိကြောင်း     NHK သတင်းဌာနက ဖော်ပြထားသည်။

အလားတူ     ငလျင်ဒဏ်ကြောင့် လမ်းများပျက်စီးသွားသည့်အတွက် ကယ်ဆယ်ရေး လုပ်ငန်းများမှာ နှောင့်နှေးနေရသည်ဟု ဂျပန်ဝန်ကြီးချုပ် ကီရှီဒါကပြောသည်။

အင်အားပြင်းထန်သော  ငလျင်များသည် အီရှီကာဝါစီရင်စုရှိ နိုတိုကျွန်းဆွယ်ရေတိမ်ပိုင်းသို့     လာရောက်ရိုက်ခတ်ကြောင်းနှင့်   အားအပြင်းဆုံး ငလျင်မှာ ပြင်းအား ၇ ဒသမ ၆ ရစ်ချတာစကေး ရှိသည်။

ငလျင်ဒဏ်များကြောင့် မိုးလေဝသဌာနက ဆူနာမီသတိပေးချက်များ ထုတ်ပြန်ထားရာ ဇန်နဝါရီလ ၂ ရက်တွင် အဆိုပါ ထုတ်ပြန်ချက်များကို  ပြန်လည် ရုပ်သိမ်းလိုက်ကြောင်း သိရသည်။