(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘောလုံးပြိုင်ပွဲ (အမျိုးသား) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ကြည့်

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘောလုံးပြိုင်ပွဲ (အမျိုးသား) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ကြည့်ရှုအားပေးချီးမြှင့်

နေပြည်တော်၊ ဇန်နဝါရီ - ၃

            (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ ဘောလုံးကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ကြည့်ရှုအားပေးပြီး ဆုများ ပေးအပ်ချီးမြှင့်သည်။

            အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ အားကစားအသင်းများအလိုက် အုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစားသမားများ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်ပြည်သူများ တက်ရောက် ကြည့်ရှုအားပေးကြသည်။

            (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘောလုံးပြိုင်ပွဲ(အမျိုးသား)ဗိုလ်လုပွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အဆိုပါ အသင်းများသည် ဗိုလ်လုပွဲသို့ တက်ရောက်လာကြသည့် အသင်းများဖြစ်သည်နှင့်အညီ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်အကြိတ်အနယ် ဖိအားပေးယှဉ်ပြိုင်ကြပြီး ပွဲကစားချိန် ၈ မိနစ်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းက အဖွင့်ဂိုးရရှိခဲ့ပြီး ဦးဆောင်နိုင်ခဲ့သည်။ ထို့နောက် ပွဲကစားချိန် ၁၁ မိနစ်တွင် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းက ချေပဂိုးနှင့် ပွဲချိန် ၁၆ မိနစ်နှင့် ပွဲချိန် ၁၈ မိနစ်တို့တွင် ဦးဆောင်ဂိုးများ ထပ်မံသွင်းယူနိုင်ခဲ့သောကြောင့် ၃ ဂိုး ၁ ဂိုးဖြင့် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းက ဦးဆောင်နိုင်ခဲ့သော်လည်း ပွဲချိန် ၄၂ မိနစ်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းက ချေပဂိုးတစ်ဂိုး ပြန်လည် သွင်းယူနိုင်ခဲ့သောကြောင့် ပထမပိုင်း ၄၅ မိနစ်ပြီးဆုံးချိန်တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ၃ ဂိုး ၂ ဂိုးဖြင့်  ဦးဆောင်နိုင်ခဲ့သည်။

            ယင်းနောက် ဒုတိယပိုင်းပွဲကစားချိန်ကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲ စလျင် စချင်း ၄၇ မိနစ်၌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းက ချေပဂိုးတစ်ဂိုးထပ်မံ သွင်းယူနိုင်ခဲ့သဖြင့် တစ်ဖက်သုံးဂိုးစီဖြင့် နှစ်ဖက်အပြန်အလှန် အကြိတ်အနယ် ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ကျန်ရှိသည့် ပွဲကစားချိန်အတွင်း အနိုင်ဂိုးရရှိရေး ရေကုန် ရေခမ်း ယှဉ်ပြိုင်ကစားခဲ့ကြသော်လည်း တစ်ဖက်နှင့်တစ်ဖက် ဂိုးသွင်းယူနိုင်ခြင်း မရှိသည့် အတွက် သာမာန်ပွဲကစားချိန် မိနစ် ၉၀ ပြည့်သည့်အချိန်တွင် သရေ ရလာဒ်ဖြင့်သာ ပွဲပြီးဆုံးခဲ့ရသဖြင့် အချိန်ပို ပထမပိုင်းကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရသည်။

            အချိန်ပို မိနစ် ၃၀ ကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ အချိန်ပို ၁၈ မိနစ်တွင် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းက ၁၈ ကိုက်စည်း အပြင်ဘက်မှ အပြင်းကန်သွင်းချက်ဖြင့် ဦးဆောင်ဂိုးရရှိခဲ့ပြီး ချေပဂိုးပြန်လည်သွင်းယူနိုင်ခြင်းမရှိသဖြင့် ပွဲကစားချိန်များပြီးဆုံးချိန်တွင် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အသင်းအား ၄ ဂိုး - ၃ ဂိုးဖြင့် ထိုက်တန်စွာ အနိုင်ရ ဗိုလ်စွဲခဲ့သည်။   

            ယင်းနောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ အကောင်းဆုံး အားကစားသမားဆုရရှိခဲ့ကြသည့် အားကစားသမားများကို ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကောင်စီဝင်များ ဖြစ်ကြသည့် ခွန်စံလွင်၊ ဒေါက်တာဘရွှေ၊ ဒေါက်တာ မှုထန် နှင့် မန်းငြိမ်းမောင် တို့က ဂုဏ်ပြုဆုတံဆိပ်နှင့် ချီးမြှင့်ငွေ များပေးအပ်ချီးမြှင့်သည်။

            ထို့နောက် အသင်းလိုက်စတုတ္ထဆုရရှိသည့် ဆောက်လုပ်ရေး ဝန်ကြီးဌာန အသင်းအား ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော က လည်းကောင်း၊ တတိယဆု ရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းအား ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က လည်းကောင်း၊ ဒုတိယဆုရရှိသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းအား ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး က လည်းကောင်း တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

            ယင်းနောက် ပထမဆုရရှိသည့် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအသင်း အား ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးက တစ်ဦးချင်း ဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်သည်။

            ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပထမဆု ရရှိသည့် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် တံခွန်စိုက်ဖလားတို့ကို ပေးအပ်ချီးမြှင့်ပြီး အားကစားသမားများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။