ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေး အဖွဲ့ ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ ဒုတိယအကြိမ် ကွင်းဆင်း ဆေးကုသ

 

ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေး အဖွဲ့ ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ ဒုတိယအကြိမ် ကွင်းဆင်း ဆေးကုသ

 

    (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လည်းကောင်း၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး ငါးထပ်ကုသဆောင်သစ်ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ်လည်းကောင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလ၂ ရက်နှင့် ၃ ရက်တို့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် အထူးကုဆေးရုံကြီး ခုတင်-၅၀၀-ရန်ကုန်တို့မှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ ဒုတိယအကြိမ် အဖြစ်သွားရောက်၍  စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးနှင့် အမျိုးသမီးနှင့် ကလေးဆေးရုံကြီးတို့မှ အထူးကုဆရာဝန်ကြီးများနှင့်အတူ ဒေသခံပြည်သူများကို ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။  အဆိုပါခရီးစဉ် အတွင်း နှလုံးရောဂါဆိုင်ရာ လူနာ ၇၇ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ လူနာ ၁၉ ဦး၊ ဦးနှောက်နှင့် အာရုံကြော ဆေးကုသမှုဆိုင်ရာ လူနာ ၅၉ ဦး၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ် ကုသမှုဆိုင်ရာလူနာ ၁၈ ဦး၊ ဆီးနှင့်ကျောက်ကပ်ဆေးကုသမှု ဆိုင်ရာရောဂါလူနာ   ၃၀ ဦး၊ အထွေထွေရောဂါ ဆေးပညာဆိုင်ရာလူနာ ၁၇၃ ဦး၊ ရင်ခေါင်းရောဂါဆိုင်ရာ လူနာ  ၁၄ ဦး၊ ဆီးချိုနှင့်ဟော်မုန်းဆိုင်ရာ လူနာ ၆၄ ဦး၊ အရေပြားရောဂါဆိုင်ရာ လူနာ ၂၄ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ဆိုင်ရာလူနာ လေးဦး၊ မျက်စိရောဂါဆိုင်ရာ လူနာ ၁၄ဦး၊ အထွေထွေခွဲစိတ် လူနာ ၁၉ ဦး၊ အရိုးရောဂါလူနာ ၁၆ ဦး၊ အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေးရောဂါ ဆိုင်ရာလူနာ ၁၄ ဦး၊ ကလေးရောဂါဆိုင်ရာလူနာ ငါးဦး၊ သားဖွားမီးယပ် ရောဂါဆိုင်ရာလူနာ  ၁၆ ဦး၊ သွားနှင့်ခံတွင်းရောဂါ ဆိုင်ရာလူနာ သုံးဦး စုစုပေါင်း ဒေသခံပြည်သူ ၅၆၉ ဦးတို့ကို ကြည့်ရှုကုသမှုပေးခဲ့ပြီး နှလုံးပုံရိပ်ဖော်စက်ဖြင့် ကြည့်ရှုခြင်း  (Echocardiography) ၅၅ ဦး၊   အစာအိမ်နှင့် အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုခြင်း (OGDS) ငါးဦး၊ အစာအိမ်ပိုးစစ်ဆေးခြင်း သုံးဦး၊ ကွန်ပျူတာဓာတ်မှန်ဖြင့် စစ်ဆေးခြင်း (CT scan ) ငါးဦး၊ သံလိုက်ဓာတ်မှန်ဖြင့် စစ်ဆေးခြင်း (MRI) သုံးဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း ၉၇ဦး၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း ၂၁၃ ဦး၊ သွေးချိုဓာတ်စစ်ဆေးခြင်း(HbA1C) ၈၈ဦး၊ Ultrasound ရိုက်ကူးခြင်း ၁၂၀ ဦးနှင့်  နှလုံးစက်ဖြင့် စစ်ဆေးခြင်း (ECG)) ၁၅၃ ဦးတို့ကို   စမ်းသပ်စစ်ဆေးကုသ ဆောင်ရွက်နိုင်ခဲ့သည်။

လာရောက်ပြသသော လူနာများတွင် ရှမ်းပြည်နယ်အတွင်းရှိ    တောင်ကြီး၊ ရွှေညောင်၊ ညောင်ရွှေ၊ ပင်လောင်း၊ ဖယ်ခုံ၊ နမ့်စန်၊ ရပ်စောက်၊ ရွာငံ၊ ဟိုပုံး၊ မိုးနဲ၊ ပင်းတယ၊ ဆီဆိုင်၊ အောင်ပန်းမြို့နယ်တို့မှ မြို့ပေါ်နှင့်    ကျေးလက်နေပြည်သူများ ပါဝင်ပြီး ရောဂါရှာဖွေ စစ်ဆေးမှုနှင့် ကုသမှု ဆက်လက်ဆောင်ရွက်ရန် လိုအပ်သောလူနာ၁၂ ဦးကို ရန်ကုန်ရှိ သက်ဆိုင်ရာဆေးရုံကြီး များသို့ လွှဲပြောင်းကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ဇန်နဝါရီ လ ၁ ရက်၌ အထူးကုဆေးကုသရေး အဖွဲ့မှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများအား တွေ့ဆုံနှုတ်ဆက်၍ အားပေးစကား ပြောကြားသည်။ အလားတူ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်   ဦးအောင်ဇော်အေးသည် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဇန်နဝါရီလ ၂ ရက် နံနက်ပိုင်းတွင် စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး၌ လာရောက်ပြသ ကုသမှု ခံယူကြသော  လူနာများကို ကြည့်ရှုအားပေး    ကျေးဇူးတင်စကား ပြောကြား၍ နေ့လယ်စာအတူ သုံးဆောင်ကာ ဒေသထွက် လက်ဆောင်များ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ရန်ကုန်/မန္တလေးမှ အထူးကုသမှုဆိုင်ရာ (Super speciality) ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ၏ အထူးကုကွင်းဆင်း ကုသရေး ခရီးစဉ်များအပြင် ကျန်းမာရေး ဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ဆေးရုံများမှ အထူးကုဆရာဝန်ကြီးများ   ပါဝင်သော အထူးကုဆေးကုသရေး အဖွဲ့များသည် ကွင်းဆင်းကုသမှု ခရီးစဉ်များ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်အတွင်း ၁၁၆ကြိမ် ဆောင်ရွက်ထားရှိကြောင်းနှင့် ၂၀၂၄ ခုနှစ်အတွင်း ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။