ဝမ်းရေးထက်ပင် ခက်ပါသည်

 

ဝမ်းရေးထက်ပင် ခက်ပါသည်

 

ယမန်နေ့မှအဆက်

 

    မင်းဘူးမြို့ မရောက်ခင် အစိုးရ ရှေ့ကင်းချထားသော ကျောက်ကြီး စခန်းကို ဗိုလ်ညိုတို့ သွားတိုက်ကြသဖြင့် အစိုးရက တက်လိုက်လာကြောင်း ကိုရဲမြင့်က ပြောသည်။

အစိုးရနှင့် ရဲဘော်ဖြူတို့မှာ သူ့စခန်းကိုယ်သွားတိုက်၊ ကိုယ့်စခန်းသူလာတိုက်နှင့် မကြာခဏ တိုက်ပွဲဖြစ်နေကြသည်မှာ အဆန်းမဟုတ်တော့သဖြင့် ကိုယ်နှင့်မဆိုင်သော စစ်အကြောင်းကို ကိုထွန်းငြိမ်းက ဆက်မမေးတော့ပေ။

မကြာခင်ပင် ကိုထွန်းငြိမ်း၊ ကိုရဲမြင့်၊ မခင်မှီတို့မှာ ခါတိုင်းကဲ့သို့ပင် ထမင်းဝိုင်းစားကြသည်။ ဦးလေး၊ အဒေါ်တို့ကလည်း  လယ်ထဲက မပြန်ကြသေးသဖြင့်  လူငယ်လူရွယ် သုံးယောက်မှာ  တစ်ယောက်နှင့် တစ်ယောက် နောက်လိုက်ပြောင်လိုက်နှင့် လွတ်လွတ်လပ်လပ် ရှိနေကြ သည်။

“အိုး၊ အော့ အော့”

“ဟင်း”

မခင်မှီသည်  ထမင်းစားနေရင်းက  အော့အန်၍   နောက်ဖေးသို့ ချက်ချင်း ဝင်ပြေးသွားသည်။

ကိုထွန်းငြိမ်းက မခင်မှီနောက် ထလိုက်သွားသည်။

“မခင်မှီ၊ ဘာ ဘာဖြစ်တာလဲဟင်”

မခင်မှီနောက် ထလိုက်သွားသော ကိုထွန်းငြိမ်း၏ အသံကို ကိုရဲမြင့် ကြားနေရသည်။ ထို့ကြောင့် ကိုရဲမြင့်မှာလည်း ထမင်းကို ဆက်မစားနိုင် တော့ဘဲ ခဏရပ်ကာ ကိုထွန်းငြိမ်း၊ မခင်မှီတို့ဘက် ထကြည့်ရတော့ သည်။

မခင်မှီသည် ရေကပြင်တွင် ထိုင်၍ အော့အန်နေသည်။

ကိုထွန်းငြိမ်းသည် မခင်မှီ၏ နဖူးကို လက်တစ်ဖက်နှင့် ဖေးမပေးကာ မခင်မှီ၏ ကိုယ်လုံးကိုလည်း လက်တစ်ဖက်နှင့် သိုင်းဖက်ပေးထားသည်။

“ခင်မှီ ဘာဖြစ်တာလဲဟင်၊ ဘာကို တွေ့လို့လဲ”

ကိုထွန်းငြိမ်းမှာ ပါးစပ်ကလည်း တတွတ်တွတ် မေးနေ၏။

“ရင်ထဲက ပျို့လာတယ် အစ်ကိုရယ်၊ အန်ချင်သလိုပဲ၊ အော့”

ပြောရင်းပင် မခင်မှီက အန်လိုက်ပြန်၏။

“ဟင်း ဟင်း”

ကိုထွန်းငြိမ်း၏ ဝမ်းမြောက်ဝမ်းသာ ရယ်လိုက်သံ သဲ့သဲ့ကို ကြားရသည်။ ပြီး မခင်မှီ နားသို့ကပ်၍ တီးတိုးပြော၏။ ဤစကားကိုတော့ ကိုရဲမြင့်က သဲသဲကွဲကွဲ မကြားလိုက်ရ။ သို့သော် မခင်မှီ၏ “ဟင် ဟုတ် မှာပဲနော်”ဟူသော ကနွဲ့ကလျ ပြောလိုက်သံကိုတော့ အတိုင်းသားကြား လိုက်ရသည်။

“ဗျို့ ကိုရဲမြင့် စားဗျာ။ ဘာမှ အားမနာနဲ့၊ ဟင်း ဟင်း၊ မခင်မှီ၊ ဟိုဒင်း”

“အို အစ်ကိုကလည်း”

“ဟဲ ဟဲ”

ကိုရဲမြင့်မှာ ကိုထွန်းငြိမ်း၏ လှမ်းပြောလိုက်သံကြောင့် ကမန်းကတန်း ထမင်းပွဲမှာ ပြန်ထိုင်လိုက်ရသည်။

ကိုထွန်းငြိမ်းသည် အပြင်သို့ ပြေးထွက်လာပြီး သောက်ရေတစ်ခွက် ခပ်ယူသွားကာ မခင်မှီကို ပေးသည်။

“ရော့...ပလုတ်ကျင်းလိုက်ကွယ်။ ထမင်းဆက်မစားနဲ့တော့နော်။ ညနေကျမှ တစ်ခုခုစားပေါ့ ဟုတ်လား။ အိပ်ရာထဲ အသာမှေးနေဦးနော်”

ကိုထွန်းငြိမ်းသည် မခင်မှီအား အိပ်ရာထဲ တွဲဖက်ပို့ထားခဲ့ပြီး ရေခွက်ကို ကိုင်ကာ ပြုံးဖြီးဖြီး မျက်နှာထားနှင့် အပြင်သို့ ပြန်ထွက်လာ၏။

“ကိုရဲမြင့်ကို ညီမ အားနာလိုက်တာ၊ ကိုရဲမြင့် ဝအောင်သာစားနော်။ အနှောင့်အယှက်ဖြစ်သွားတာ ခွင့်လွှတ်ပါနော်။ ညီမ ခေါင်းမူးလို့ ခဏ မှေးနေလိုက်ဦးမယ်”

မခင်မှီသည် ကိုရဲမြင့်အား အတွင်းထဲက လှမ်း၍ တောင်းပန်နေ၏။

“ကိစ္စမရှိပါဘူး ညီမရယ်”

ကိုရဲမြင့်မှာ ပြောသာ ပြောလိုက်ရသော်လည်း အမည်မဖော်ပြတတ် သော ဝေဒနာတစ်ခုသည် သူ့ရင်ကို ရုတ်ခြည်း လှုပ်ခတ်လာသည်။ ကိုထွန်းငြိမ်းက မျက်စိတစ်ဖက်မှိတ်ပြီး ပြုံးပြနေသည်ကိုပင် ခပ်ကြောင်ကြောင် ဖြစ်သွားကာ ကိုထွန်းငြိမ်းမျက်နှာကို ပြန်မကြည့်ရဲ ဖြစ်သွားသည်။ သူသည် မဆီမဆိုင်ဘဲ ကြားထဲက မျက်နှာပူနေမိသည်။

“ကိုရဲမြင့် ဝပြီလား”

စားလက်စ ပန်းကန်တွင် ထမင်းကုန်သွားသည်နှင့် တစ်ပြိုင်နက် နောက်ထပ် ထမင်းထပ်မထည့်ဘဲ လက်ဆေးနေသော ကိုရဲမြင့်ကို ကိုထွန်းငြိမ်းက မေးလိုက်သည်။

“အေး ကျွန်တော် ပြန်ဦးမယ် ကိုထွန်းငြိမ်း။ ညီမရေ ကိုယ်ပြန်ဦးမယ် ဟေး”

“ချက်ချင်းပဲလားဗျာ၊ နေပါဦးလား”

“ဟုတ်သားပဲ အစ်ကို၊ နေပါဦးလား”

“ဥက္ကဋ္ဌကြီးအိမ်မှာ ကိစ္စနည်းနည်းရှိသေးလို့ ညီမရယ် ပြန်ဦးမယ်”

အတွင်းထဲက လှမ်းပြောသော မခင်မှီကို ကိုရဲမြင့်က လှမ်းအော် နှုတ်ဆက်ပြီး အိမ်ပေါ်က ဆင်းလာခဲ့သည်။

သူသည် မခင်မှီတို့ကို ဦးလေး ဦးဘကျော်အိမ် ပြန်ဦးမည်ဟု ပြောထားခဲ့သော်လည်း ဦးဘကျော်အိမ်ကို မရောက်ဖြစ်။ ရွာအနောက်ဘက်ရှိ မန်းချောင်းနားကိုသာ ရောက်လာမိသည်။

အင်း ကိုထွန်းငြိမ်းတို့တောင် သားတွေ၊ သမီးတွေနဲ့ ဖြစ်ကြတော့မှာပါလား။                                       

ဆက်လက်ဖော်ပြပါမည်။