ပြည်သူ့ဆေးရုံကြီး ပြည်မြို့ ငါးထပ် ကုသဆောင်သစ်နှင့် ပြည်သူ့ဆေးရုံ ပန်းတောင်းမြို့ နှစ်ထပ်ကုသဆောင်သစ် ဖွင့်ပွဲ အခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း တက်ရောက်ဖွင့်လှစ်

 

ပြည်သူ့ဆေးရုံကြီး ပြည်မြို့ ငါးထပ် ကုသဆောင်သစ်နှင့် ပြည်သူ့ဆေးရုံ ပန်းတောင်းမြို့ နှစ်ထပ်ကုသဆောင်သစ် ဖွင့်ပွဲ အခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း တက်ရောက်ဖွင့်လှစ်

 

နေပြည်တော်  ဇန်နဝါရီ  ၅

    ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ပြည်သူ့ဆေးရုံကြီး ငါးထပ်ကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊   တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်  ဝန်ကြီးများ၊  နယ်မြေခံတပ်မှ ဗိုလ်မှူးချုပ်ဆန်းဌေးမောင်နှင့် တပ်မတော် အရာရှိကြီးများ၊   ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲ များ၊ အထူးကုဆရာဝန်ကြီးများ၊ တိုင်းဒေသကြီး ကုသရေးဦးစီး ဌာနမှူး၊ ဆေးရုံအုပ်ကြီး၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ကျန်းမာရေး ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်မြို့ ပြည်သူ့ဆေးရုံကြီး ငါးထပ်ကုသဆောင်သစ်ကို ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး ဖွင့်ပွဲအထိမ်းအမှတ် ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ယနေ့ဖွင့်လှစ်သည့် ငါးထပ်ကုသဆောင်သစ်အပြင် ပဲခူးတိုင်းဒေသကြီးအတွင်း၌ ပန်းတောင်းမြို့၊ လက်ပံတန်းမြို့၊   ကြို့ပင်ကောက်မြို့နှင့် နတ္တလင်းမြို့တို့၌ ကုသဆောင်သစ်များ ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အခြေခံအဆောက်အအုံ (Infrastructure)များ ဖြည့်ဆည်း ဆောင်ရွက်ပေးသကဲ့သို့ ကျန်းမာရေး  လူ့စွမ်းအား အရင်းအမြစ်များကိုလည်း ဘက်ပေါင်းစုံမှ မွေးထုတ်ပေးလျက်ရှိပြီး ကျန်းမာရေး ဝန်ထမ်းများ၏ ဆေးကုသမှု အရည်အသွေးမြှင့်တင်ရေး အတွက်လည်း နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး နှစ်ရုံအပါအဝင် ဆေးရုံပေါင်း ၁၁၂ ရုံဖွင့်လှစ်ထားပြီး လူနာခုတင် ၃၆၆၂ ခုတင်အထိ လက်ခံကုသ ပေးနိုင်ကြောင်း၊ ပြည်မြို့အတွက်သာမက ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းနှင့် မကွေးတိုင်းဒေသကြီးတို့ရှိ   မြို့နယ်များကပါ လွှဲပြောင်းကုသ ဆောင်ရွက်နိုင်မည့် ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးဖြစ်သည်နှင့်အညီ ပြည်သူ့ ဆေးရုံကြီး   ပြည်မြို့တွင် အထူးကုဌာန ၁၃ ခုဖွင့်လှစ်ကာ အထူးကုဆရာဝန်များသာမက လက်ထောက်ဆရာဝန်၊ သူနာပြု၊ ဆေးဘက်ကျွမ်းကျင် အင်အားလည်း အများအပြား ဖြည့်ဆည်းထားကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့်   ဆေးကုသမှုဆိုင်ရာ ဝန်ဆောင်မှု ပိုမိုကောင်းမွန်စေရေး အတွက် အထူးကုပြင်ပလူနာဌာနများကို တိုးချဲ့ဖွင့်လှစ်ပေးလျက် ရှိကြောင်း။

ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် အထူးကုကွင်းဆင်း ကုသမှုခရီးစဉ်များဖြင့်လည်း   အားဖြည့်ဆောင်ရွက်လျက် ရှိကြောင်း၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအတွက်လည်း ဆေးကုသမှု ဆောင်ရွက်ပေးသည့် အပြင် မိမိအိတ်ထဲမှ စိုက်ထုတ်ရသည့် ကုန်ကျစရိတ် များအတွက် ဝန်ကြီးဌာနအနေဖြင့် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုဖွင့်လှစ်သည့် ဆေးရုံကြီးရေရှည်တည်တံ့ ခိုင်မြဲအောင် ကျန်းမာရေး ဝန်ထမ်းများအားလုံး ဝိုင်းဝန်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်က ပြည်သူ့ဆေးရုံကြီးနှင့် အခြားသော ပြည်သူ့ဆေးရုံများအတွက် လိုအပ်သည်များ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ကုသရေး ဦးစီးဌာနမှူး ဒေါက်တာသီဟနှင့်  ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့မှ ဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးတို့က ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရ လက်ဆောင်များကို အထူးဧည့်သည်တော်များကို နေရာအရောက်ပေးအပ်၍ ဆေးရုံအုပ်ကြီးက ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့  ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ငါးထပ်ကုသဆောင်သစ်အတွင်း အရေးပေါ်နှင့်ပြင်ပလူနာဌာန၊ ပုံရိပ်ဖော်ရောဂါ ရှာဖွေရေးဌာန၊ ခွဲစိတ်ခန်းများ၊ အထူးကြပ်မတ် ကုသခန်းများ၊ ခွဲစိတ်ကုသဆောင်၊ အစည်းအဝေးခန်းမနှင့် အခပေးလူနာခန်းများကို လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ မှာကြားသည်။

အဆိုပါဖွင့်လှစ်သည့်ငါးထပ် ကုသဆောင်သစ်သည် ပေ ၂၄၀ x ၆၇ ပေ အကျယ်အဝန်း ရှိပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦ အထူးအဖွဲ့(၃)အား လုပ်ငန်းအပ်နှံ၍ ၂၀၂၁ ခုနှစ် ဧပြီလ၂၀ ရက်တွင် စတင်ဆောက်လုပ်ခဲ့ကာ  ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်တွင် လုပ်ငန်းများပြီးစီးခဲ့သည်။ စီမံကိန်းတန်ဖိုးငွေကျပ် သန်း  ၄၇၃၅  ဒသမ  ၇ အကုန်အကျခံ တည်ဆောက်ခဲ့ပြီး  အရေးပေါ်နှင့် ပြင်ပလူနာဌာန၊ ဓာတ်မှန်ဌာန၊  ဓာတ်ခွဲခန်း၊ ခွဲစိတ်ခန်း  ခုနစ်ခန်းနှင့် အထူးကြပ်မတ်ကုသဆောင်(ICU)၊ ခွဲစိတ်လူနာကုသဆောင်၊ သားဖွားမီးယပ် လူနာကုသဆောင်၊  အစည်းအဝေးခန်းများနှင့် သီးသန့်လူနာခန်းများပါဝင်ကာ လူနာများ အဆင်ပြေစေရေးအတွက်   ဓာတ်လှေကားနှစ်စင်းလည်း တပ်ဆင် ထားသည်။

မွန်းလွဲပိုင်းတွင်  ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့သည် ပြည်သူ့ဆေးရုံ ပန်းတောင်းမြို့ နှစ်ထပ်ကုသဆောင်သစ် ဖွင့်လှစ်ပွဲသို့တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကာ မှတ်တမ်းတင် ဓာတ်ပုံများရိုက်ကြသည်။ထို့နောက် ပဲခူးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး ဒေါက်တာသီဟက အထူးဧည့်သည်တော်များအား ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရ လက်ဆောင်များကို နေရာအရောက် ပေးအပ်ပြီး နှစ်ထပ်ကုသဆောင်သစ်ကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အဆိုပါဖွင့်လှစ်သည့် နှစ်ထပ်ကုသဆောင်သစ်သည် ပေ ၁၂၀ x ၅၆ ပေအကျယ်အဝန်းရှိပြီး ၂၀၁၉ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ကာ ၂၀၂၃ ခုနှစ် မတ်လတွင် လုပ်ငန်းများ ပြီးစီးခဲ့သည်။ စီမံကိန်း တန်ဖိုးငွေကျပ်သန်း ၃၈၈ ဒသမ ၃၀၄ အကုန်အကျခံ တည်ဆောက်ခဲ့ပြီး အရေးပေါ်ဌာန၊ သွားနှင့်ခံတွင်းဌာန၊ ဓာတ်မှန်ဌာန၊ ဓာတ်ခွဲဌာန၊ မွေးကင်းစကလေးကုသဌာန၊ ခွဲစိတ်ခန်းနှစ်ခန်း၊ မွေးဖွားခန်း၊ ဆေးပေးခန်း၊ လူနာဆောင်၊ ရုံးခန်းနှင့် ဆေးစတိုများ ပါဝင်ကြောင်း သိရသည်။