ဝမ်းရေးထက်ပင် ခက်ပါသည်

 

ဝမ်းရေးထက်ပင် ခက်ပါသည်

 

ယမန်နေ့မှအဆက်

 

    မန်းချောင်းနားရောက်သောအခါ သူသည် ကျောက်တုံးတစ်တုံးပေါ် တက်ထိုင်၍ ရောက်တတ်ရာရာ စိတ်ကူးနေမိသည်။

ကိုရဲမြင့်၏စိတ်ကူးထဲတွင် နွေတုန်းက ဒဟပ်ကုန်းရွာကို ရောက်လာပြီး မခင်မှီနှင့် ဤမန်းချောင်းနားတွင်   ဆုံမိခဲ့ကြသည် လည်းပါသည်။   ထို့နောက်  မောင်ကိုဦး လာခေါ်၍  ရဲဘော်ဖြူတို့၏ ဌာနချုပ်နှင့် စေတုတ္တရာဘက်   ရောက်ခဲ့ရပုံ၊   မြို့ကို အပြန်မှာ  လျှို့ဝှက်စုံစမ်းရေးက လိုက်၍ တင်တင်မြိုင်တို့အိမ်မှာ ပုန်းခဲ့ရပုံ၊ မင်းဘူး မှာရှိနေသော အဖေ၊ အမေတို့အကြောင်း၊ ရန်ကုန်တွင် ထိန်းသိမ်းခံနေရသော အစ်ကို့ အကြောင်း။

မိုးနှောင်းလဖြစ်သော်လည်း မန်းချောင်း ၏ရေက အစီးသန်တုန်းပင်။ မခင်မှီနှင့် သူ တွေ့ခဲ့ရသော နွေတုန်းကလို သစ်ပင် တောတောင်များ၊ လယ်ကွင်း၊ လယ်ကွက် များသည်    ခြောက်ခြောက်သွေ့သွေ့ မဟုတ်။ စိမ်းလန်းစိုပြည်နေကြသည်။

ဒီကနေ့ သူ့စိတ်က ကိုထွန်းငြိမ်း၊ မခင်မှီ တို့၏အိမ်ထောင်ရေး သာယာချမ်းမြေ့မှု အပေါ်တွင် ရစ်ဝဲလျက်ရှိသည်။ ကိုငြိမ်းကြီးဆို ငါ့ထက်ငယ်တာပဲ။ ဒါပေမဲ့ အင်း ခုတော့   သူက  ကလေးအဖေဖြစ်တော့မယ်။

ရိုးမတောင်ပေါ်တွင် တိမ်မည်းညိုတို့ အုံ့ဖွဲ့ကာ လာကြသည်ကိုမြင်သောအခါ ရွာဘက်သို့    ပြန်လျှောက်လာမိသည်။

အဖေ၊ အမေတို့ရှိသော မင်းဘူးမြို့ဘက် ကို မျှော်ကြည့်၍ ရင်ထဲက ဟာနေမိ၏။

ထို့နောက် တစ်နေ့က လက်ပန်ဘက် တွင်  ကျဆုံးကျန်ရစ်ခဲ့သော  သူ့တပည့် မြတ်မင်းကိုလည်း သတိရမိသည်။ သူတို့ မှာ နိုင်ငံရေးမှူးဖြစ်ကြသော်လည်း အစိုးရ က  ရွာကိုလာဝိုင်းသဖြင့်  ထွက်ပြေးခဲ့ရ သည်။ ဒီတွင် မြတ်မင်း ကျကျန်ခဲ့၏။

မနက်ဖြန်  ဗဟိုကိုသွားပြီး  လက်ပန် ဘက်ကအခြေအနေကို  အစီရင်ခံစရာရှိ သေးသည်။ ပြီး သူသည် စေတုတ္တရာဘက် ခရီးဆက်ရဦးမည်။ သူ့ဘဝသည် ကိုထွန်း ငြိမ်းတို့လို   ဇနီးမယားနှင့်  တည်တည်ငြိမ်ငြိမ်နေရသော ဘ၀ မဟုတ်ပါလား။

“ဒက်-ဒက်-ဒက်-ဒက်-ဒက်-ဒက်”

တိတ်ဆိတ်ငြိမ်သက်စွာ အိပ်မောကျ နေသောညကို  သေနတ်သံတွေက  ရုတ်တရက် လှန့်နှိုးလိုက်သည်။

ဒဟပ်ကုန်းတစ်ရွာလုံးသည် ချက်ချင်း ရုတ်ရုတ်သဲသဲဖြစ်သွား၏။ ခွေးဟောင်သံ၊ ဆဲသံဆိုသံ၊ အော်ဟစ်ညည်းညူသံများနှင့် အတူ ပြေးလွှားကြသံများကိုလည်း ကြား လိုက်ရသည်။

“ဟဲ့...မောင်ထွန်းငြိမ်းတို့၊ မခင်မှီတို့ မနိုးကြသေးဘူးလား။  တို့ရွာကို  အစိုးရ စစ်တပ် လာတိုက်တာလားဟဲ့၊ နားထောင်ကြပါဦး။ ကိုရင်တင်ခ ရှင့်မလည်းတော် အိပ်ရင်အသေအတိုင်းပဲ၊  ဘယ်မလဲ  ရှင့်မီးခြစ်၊ ညဦးက ဘယ်နားထားမိတုံး”

“အဒေါ် မီးမထွန်းပါနဲ့၊ ခဏ နားထောင် ကြည့်ပါဦး။ သေနတ်သံကတော့ ရွာဦးက ထင်တာပဲ”

မီးထွန်းရန်   မီးခြစ်လိုက်ရှာနေသော အဒေါ်ကို ကိုထွန်းငြိမ်းက ဟန့်တားလိုက် သည်။

မခင်မှီကတော့ ကြောက်ကြောက်ရွံ့ရွံ့ နှင့် အမှောင်ထဲတွင် ကိုထွန်းငြိမ်းကိုသာ အားကိုးတကြီးနှင့် ဖက်ထားမိ၏။

အချိန်မှာ နံနက်သုံးနာရီကျော်ပေပြီ။

“ဒိုင်း”

“ဒိုင်း”

“ဟိုက်...ဟဲ...မောင်...မောင် ထွန်းငြိမ်းရဲ့”

လူတစ်ယောက်ပြေးလွှားလာသံ၊ ခွေးဟောင်သံနှင့်အတူ သူတို့အိမ်ရှေ့လမ်းမမှ  သေနတ်သံနှစ်ချက်ကိုပါ  ဆက်ကြား လိုက်ရပြန်သဖြင့် အဒေါ်က ကိုထွန်းငြိမ်း ကို လန့်အော်ခေါ်လိုက်သည်။

“ဝပ်နေ အဒေါ်ရေ့၊ ဝပ်နေ ဝပ်နေ၊ အိမ်အောက်ကိုမဆင်းနဲ့ ဝပ်နေပါ၊ ဦးလေး လည်း ဝပ်နေပါ”

ကိုထွန်းငြိမ်းသည် မခင်မှီကို တွန်းလှဲ လိုက်ရင်း  တစ်ဖက်ခန်းရှိ   ဦးလေးနှင့် အဒေါ်တို့ကို သတိလှမ်းပေးလိုက်သည်။

“ဒက်-ဒက်-ဒက်-ဒက်-ဒက်”

ဤတစ်ခါတော့ ကိုထွန်းငြိမ်းမှာ ခေါင်း နားပန်းကြီးသွားမိ၏။

ပထမ ဒက် ဒက် ဒက် ဒက်နှင့် ရွာဦးက ကြားလိုက်ရသောအသံမှာ စက်ကလေး ပစ်သံဖြစ်သည်။ သူတို့အိမ်နား ရွာလယ် လမ်းမက  နှစ်ချက်ကြားရသောအသံက တော့  ရိုင်ဖယ်သေနတ်သံပင်။  ငါးမိနစ် လောက်အတွင်းမှာပင်  ယခု  ရွာဖျားက စက်ကလေးသံကို ကြားရပြန်ပြီ။ သူတို့ တစ်ရွာလုံးကို    ရဲဘော်ဖြူများရှိမှန်းသိ၍ အစိုးရစစ်တပ်က    ဝိုင်းထားလေပြီလား။ ရွာဦးတွင်တော့   ရဲဘော်ဖြူများ ရှိတတ်သည်။ သူတို့သည်  စေတီပုထိုးကို  အကာအကွယ်ယူကာ ကျောင်းဘေးနားက ဇရပ်တွင် အမြဲနေလေ့ရှိကြ၏။ ကျောင်းကြားနှင့်ရွာကြားတွင်   ယခင်က  ပျက်စီးနေသော စေတီပျက်ဆယ့်နှစ်ဆူလောက်ရှိလေသည်။ ထိုစေတီပျက်များသည် ရဲဘော်ဖြူတို့အတွက် ခံတပ်ကြီးသဖွယ်ပင်တည်း။

သေနတ်သံတွေကြောင့် ဒဟပ်ကုန်းရွာ ရှိ လူတွေအားလုံးမှာ တုတ်တုတ်မျှမလှုပ် ရဲ ဖြစ်နေကြသည်။

“ရွှီ”

ခရာမှုတ်လိုက်သံတစ်ခုနှင့်အတူ ခွေးဟောင်သံ၊ ပြေးလွှားသံတို့ကို ရွာလယ်လမ်းမမှ ကြားလာရပြန်သည်။

“ရဲ”

“မီး”

“ကင်းကပါ ဗိုလ်ကြီး”

“တောက်...ဒီကောင် ဘယ်ဘက်ပြေး တယ်ထင်လဲ”

“ဆင်ကုန်တိုင်ဘက်ပြေးတာ”

“ဘယ်နှယောက်လဲ”

"စိန်အောင် ရေကွာ"

“တောက်...လုပ်ရက်တယ်ကွာ”

ရဲဘော်ဖြူလား၊   အစိုးရစစ်သားတွေလား ခွဲခြားမသိသော လက်နက်ကိုင်များသည် လက်နှိပ်ဓာတ်မီး တဝင်းဝင်းနှင့် ရွာလယ်လမ်းမတွင် ရှုပ်ယှက်ခတ်နေကြ၏။ စကားဝှက်များနှင့် ကင်းမေးသံကိုလည်း ကြားရသည်။   

ဆက်လက်ဖော်ပြပါမည်။