ပင်လယ်နီအတွင်း သင်္ဘောများ တိုက်ခိုက်ခံရမှု နိုင်ငံ့စီးပွားရေးအပေါ် သက်ရောက်မှုရှိစေဟု ဗြိတိန်ပြော

 

 

ပင်လယ်နီအတွင်း သင်္ဘောများ တိုက်ခိုက်ခံရမှု နိုင်ငံ့စီးပွားရေးအပေါ် သက်ရောက်မှုရှိစေဟု ဗြိတိန်ပြော

 

    ပင်လယ်နီအတွင်း ကုန်တင်သင်္ဘောများ တိုက်ခိုက်ခံရမှုသည် နိုင်ငံ့စီးပွားရေးအပေါ် သက်ရောက်မှုရှိစေကြောင်း ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး ဂျယ်ရမီဟန့်က ဇန်နဝါရီလ ၆ ရက်တွင်ပြောသည်။

ဟူသီသူပုန်များက ပင်လယ်နီအတွင်း ကုန်တင်သင်္ဘောများကို တိုက်ခိုက်မှုသည် ကုန်ဈေးနှုန်းများ မြင့်တက်ခြင်းမှတစ်ဆင့်  နိုင်ငံ၏စီးပွားရေးကို ထိခိုက်စေမည်ဖြစ်ကြောင်း ဂျယ်ရမီဟန့် ကပြောသည်။

ထို့ပြင် ပင်လယ်နီဒေသသည် တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုအတွက် အလွန်အရေးပါသော ဒေသဖြစ်သောကြောင့် ဟူသီသူပုန်များ၏ လုပ်ဆောင်ချက်အပေါ် အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးက ဆက်ပြောသည်။

အစ္စရေးနှင့် ဟားမတ်တို့ကြားဖြစ်ပွားသည့် တိုက်ပွဲများအတွင်း အစ္စရေးတို့က လူသားချင်း စာနာထောက်ထားမှုကို လျစ်လျူရှုကာ လေကြောင်းမှ ဗုံးကြဲမှုများနှင့် မြေပြင်မှ  ကျူးကျော်တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်လာခြင်းကြောင့် ဟူသီသူပုန်များက ပင်လယ်နီဒေသအတွင်းရှိ အမေရိကန်၊ အစ္စရေးတို့နှင့် ပတ်သက်နေသော ကုန်တင်သင်္ဘောများကို  ပစ်မှတ်ထား တိုက်ခိုက်မှုများ  ပိုမိုဆောင်ရွက်လာခြင်း ဖြစ်သည်။

ဟူသီတို့၏ တိုက်ခိုက်မှုများကို တုံ့ပြန်ရေးအတွက်  အမေရိကန်ဦးဆောင်သော ပင်လယ်ရေကြောင်း မဟာမိတ်အဖွဲ့က ကုန်တင်သင်္ဘောများကို လုံခြုံရေး ဆောင်ရွက်ပေးရန် စီစဉ်ထားသည်။

ထိုအဖွဲ့တွင် ဗြိတိန်၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂရိ၊ အီတလီ၊ နယ်သာလန်နှင့် နော်ဝေးတို့အပြင် ဘာရိန်းနှင့် ဆေးရှဲ နိုင်ငံတို့လည်း ပါဝင်သည်။

သို့သော် အချို့နိုင်ငံများမှာ အိမ်ဖြည့်အဖြစ်သာဖြစ်ပြီး နော်ဝေးက အရာရှိ ၁၀ ဦး၊ နယ်သာလန်က အရာရှိနှစ်ဦးနှင့် ဒိန်းမတ်က အရာရှိတစ်ဦးကိုသာ စေလွှတ်သွားမည်ဖြစ်ကာ စပိန်ကမူ ထိုစစ်ဆင်ရေးသည်NATO သို့မဟုတ် EU အဖွဲ့၏ အုပ်ချုပ်မှုအောက်တွင် ရှိပါက မည်သည့်စစ်ရေးလှုပ်ရှားမှုတွင်မျှ ပါဝင်မည် မဟုတ်ကြောင်း ပြောထားသည်ဟု သိရသည်။