ဟားမတ်အဖွဲ့၏ ငွေကြေးကွန်ရက်နှင့် ပတ်သက်၍ သတင်းပေးနိုင်သူကို အမေရိကန်က ဒေါ်လာ ၁၀ သန်း ချီးမြှင့်မည်

 

ဟားမတ်အဖွဲ့၏ ငွေကြေးကွန်ရက်နှင့် ပတ်သက်၍ သတင်းပေးနိုင်သူကို အမေရိကန်က ဒေါ်လာ ၁၀ သန်း ချီးမြှင့်မည်

 

    အမေရိကန်နိုင်ငံက ဟားမတ်အဖွဲ့၏ ငွေကြေးကွန်ရက်နှင့် ပတ်သက်၍ သတင်းပေးနိုင်သူကို အမေရိကန်ဒေါ်လာ ၁၀ သန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း  သိရသည်။

အထူးသဖြင့် တူကီယဲနှင့်ဆူဒန်နိုင်ငံတို့၌ အခြေစိုက်နေသည့် ငွေကြေးထောက်ပံ့ပေးသူ ငါးဦးနှင့်ပတ်သက်၍ ထိုအဖွဲ့ကို ဖြိုခွင်းနိုင်သည်အထိ သတင်းပေးနိုင်သူကို ဆုငွေချီးမြှင့်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

“ဒီလိုဆုကြေးငွေ ထုတ်ပြန်ချက်အရ နိုင်ငံခြားရေး ဝန်ကြီးဌာနအနေနဲ့ ဟားမတ်တို့ကို ငွေကြေးထောက်ပံ့ပေးနေတဲ့ လူငါးဦးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို တောင်းခံသွားမှာပါ” ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဟားမတ်တို့ကို ငွေကြေးထောက်ပံ့ ပေးနေသူများအနက် ဟမ်ဇာခဲဆိုသူမှာ ဆူဒန်နိုင်ငံတွင်ရှိပြီး ဟားမတ်တို့၏ ရင်းနှီးမြှုပ်နှံမှုအောက်တွင် ကုမ္ပဏီ အများအပြားကိုဦးစီးနေသူဖြစ်သည်။

အယ်ရှာဝါ၊ ဂျာလပ်နှင့် ဂျာဒယ်လာတို့ သုံးဦးမှာ တူကီယဲနိုင်ငံရှိ ဟားမတ်အဖွဲ့၏ ရင်းနှီးမြှုပ်နှံမှုကွန်ရက်တွင် အဓိကအဖွဲ့ဝင်များဖြစ်သည်။

အလားတူ နာဆရယ်လာဆိုသူမှာ အီရန်ကုမ္ပဏီများနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့် ဟားမတ်အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း၊ ၎င်းသည် ဟားမတ်အဖွဲ့သို့ ဒေါ်လာသန်းပေါင်းများစွာ လွှဲပြောင်းပေးမှုတွင် အဓိကတာဝန်ရှိသူ ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဟားမတ်အဖွဲ့သည်   အစ္စရေးကို အောက်တိုဘာလ ၇ ရက်တွင် အလစ်အငိုက် ရယူတိုက်ခိုက်ပြီးနောက် အစ္စရေးနှင့် ဟားမတ်တို့ကြား   တိုက်ပွဲများပြန်လည် ဖြစ်ပွားလာခြင်းဖြစ်ကြောင်း သိရသည်။