ဝမ်းရေးထက်ပင် ခက်ပါသည်

 

ဝမ်းရေးထက်ပင် ခက်ပါသည်

 

ယမန်နေ့မှအဆက်

 

    လူတွေမှာ ကြောက်၍ တုတ်တုတ်မျှ မလှုပ်ရဲကြသော်လည်း ခွေးတွေကမူ တဝေါင်ဝေါင် ဟောင်နေကြသည်။

အကာလ ညအချိန်ဖြစ်၍ တိတ်ဆိတ်သွားပြန်၏။

အကာလ ညအချိန်တွင် ဤလိုသေနတ်သံများကို ကြားရပြီဆိုလျှင်  နံနက်ထမှာ  အမင်္ဂလာသတင်း တစ်ခုကိုလည်း ကြားရစမြဲပင်။

ကိုထွန်းငြိမ်း မြို့ကိုမသွားမီ တစ်ပတ်အလိုလောက်က  ဤလိုညမျိုး၌  သေနတ်သံသုံးချက်ကို  ရွာဦးမှ ကြားရဖူးသည်။ တစ်ခုတော့ရှိသည်။ ထိုစဉ်က ဤလို မိုးလင်းပိုင်း  နံနက်မဟုတ်၊  ညဦးပိုင်း  သက်ငယ် ခေါင်းချချိန်တွင်ဖြစ်သည်။  လူကြီးတွေပင်  မအိပ်ကြ သေး။

နံနက်မိုးလင်းသောအခါ ရွာလယ်ပိုင်းမှ ဦးဖြူလှတို့ နွားသိုးကြီးတစ်ကောင်ကို ရဲဘော်ဖြူတို့ကင်းက မှားပစ်သဖြင့် သေသွားသည်။ နွားပိုင်ရှင် ဦးဖြူလှကို ရဲဘော် ဖြူတို့က မိမိပစ္စည်းလုံခြုံစွာ မထိန်းသိမ်းမှု၊ ပေါ့လျော့မှု ဖြင့် ဒဏ်ငွေခုနစ်ကျပ်ခွဲ တပ်သည်။ ကျည်သုံးတောင့် အတွက် တစ်တောင့် နှစ်ကျပ်ခွဲ ဈေးနှုန်းနှင့်ဖြစ်၏။

ဖြစ်ရသည်က ဤသို့။

ဦးဖြူလှ၏သေသွားသော နွားသိုးကြီးသည် ညဦးက လှန်ထားရာမှ ကြိုးပြတ်ပြီး ပျောက်သွား၏။ နွားသိုးကြီးနှစ်ကောင် ရှိသည့်ထဲက နွားတစ်ကောင်ပျောက်နေသဖြင့် ဦးဖြူလှသည် ကြိုးစားရှာ၏။ ဦးဖြူလှအနေမှာ ဤနွားတစ်ရှဉ်းသည် သူ၏လယ်ယာလုပ်ငန်းတွင် အသက်သွေးကြောဖြစ်လေသည်။

သို့သော် မိုးသာ စုပ်စုပ်ချုပ်လာသည်။ ထိုနွားကိုကား ရှာမတွေ့ပေ။ ထို့ကြောင့် လက်လျှော့ကာ ကျန်နွားတစ်ကောင်ကို ရွာထဲသွင်းလာသည်။ အိမ်နောက်ဘက်က နွားတင်းကုပ်ချည်တိုင်တွင် ချည်ထားသည်။ ရှာမတွေ့ဘဲ ပျောက်ကျန်ခဲ့သော နွားတစ်ကောင်ကိုမူ နောက်နေ့မှ ဆက်ရှာရမည်ဖြစ်သည်။

ထိုနေ့တွင်   ပျောက်နေသော   နွားကိုဆက်ရှာ၍ မဖြစ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် လက်ပန်ဘက်ကို အစိုးရတိုက်ကင်းတွေ တက်နေသဖြင့် တစ်နယ်လုံးကို ရဲဘော်ဖြူများက နေဝင်မီးငြှိမ်း အမိန့်ထုတ် ထားသည်။ ညဆိုလျှင် ရွာတွင်း၊ ရွာပြင် အဝင်အထွက် မရှိရ။ ည ရွာထဲဝင်လာလျှင် မာရှယ်လော။ သုံးခွန်း မေး၍မရလျှင် ရွာထဲ၌ပင် မည်သူ့ကိုမဆို ပစ်သတ် စေဟု သက်ဆိုင်ရာက အမိန့်ထုတ်ထား၏။ ရွာဦး၊ ရွာဖျား၊  ရွာလယ်တို့တွင်လည်း  ကင်းအထပ်ထပ်ချ ထားသည်။

ထိုအခြေအနေ၌ပင် ညဦးက ရှာမတွေ့ခဲ့သော ဦးဖြူလှ၏ နွားသည် ညရှစ်နာရီကျော်ကျော်လောက် ရောက်သောအခါ  ချည်တိုင်ရှိရာအိမ်သို့  ရွာဝင်လမ်း အတိုင်းဝင်လာသည်။ ထိုအခါ ရွာဦးတွင် ကင်းစောင့်နေသော  ရဲဘော်မြမောင်က သုံးခွန်းမေး၍ မရသဖြင့် နွားကို သေနတ်နှင့် သုံးချက်ပစ်သည်။ သူ၏အကြောင်းပြချက်မှာ သူကင်းစောင့်နေစဉ် ညကြီးမင်းကြီး ရွာဝင်တံခါးကိုလာတိုး၍ မေးမရသဖြင့် ပစ်ရခြင်းဖြစ်သည်။

ဤနွားတစ်ရှဉ်းကိုသာ အားထားနေရသော ဦးဖြူလှအနေမှာ ယခု နွားတစ်ကောင် ဆုံးရှုံးသွားရသည့် အပြင် မိမိပစ္စည်းကို လုံခြုံစွာ မထိန်းသိမ်းမှုနှင့် ဒဏ်ငွေကိုပင် ခုနစ်ကျပ်ခွဲ အတပ်ခံရသောအခါ ရဲဘော်ဖြူများကို တော်တော်မကျေမနပ် ဖြစ်နေလေသည်။

အမှန်က ဦးဖြူလှသာမဟုတ် ရဲဘော်ဖြူများထဲ တွင် ဦးဖြူလှနှင့် ဆွေမျိုးနီးစပ်တော်သော စိန်မောင် ကလည်း  ဤကိစ္စကိုမကျေနပ်၊  အဘယ်ကြောင့်ဆိုသော် မြမောင်သည် နွားသားစားချင်သဖြင့် နွားကြီးကို မြင်လျက်နှင့်  အာပတ်လွတ် သုံးခွန်းမေးကာပစ်သည်။ ဤအရပ်ဒေသရှိ    ရွာခံပြည်သူတွေမှာ    သူတို့ကို ကြည်ညိုခြင်းမရှိသဖြင့် ထမင်းပို့ရာ၌ ဟင်းကောင်းကောင်းနှင့် မပို့ကြသည်ကို မကျေနပ်သဖြင့် မြမောင်က တမင်အကွက်ဆင်ခြင်းဖြစ်သည်။ ဤသည်ကိုသိသော စိန်မောင်က မြမောင်ကို မကျေနပ်။ ဤကိစ္စနှင့်ပတ်သက်၍  စိန်မောင်နှင့်  မြမောင်တို့  အကြီးအကျယ်    စကားများကြသောအခါ   ဒေသခံလူများ သိမှာစိုး၍ ဗိုလ်လုပ်သူ ဝေပန်းက အုပ်ထားသည်။ သို့သော်  ဦးဖြူလှနွားကို  သူတို့နွားသားစားချင်၍ တမင်အကွက်ဆင် ကြသည်ဆိုသည်ကိုတော့ လူတိုင်း သိကြလေသည်။ သို့သော် ရဲဘော်ဖြူများကို ကြောက် သဖြင့် မည်သူမျှမပြောရဲကြပေ။

ဤသည်မှာ ကိုထွန်းငြိမ်း မြို့ကို လခထုတ်မသွားမီ ယခင်တစ်ပတ်ကျော် လောက်ကဖြစ်၏။ ယခု ကိုထွန်းငြိမ်း မြို့ကပြန်ရောက်လာသော ညဉ့်၌ပင် သေနတ်သံ များကို ကြားရပြန်လေပြီ။ မိုးလင်းလျှင် မည်ကဲ့သို့ သတင်းဆိုးများကို ကြားရပြန်ဦးမည်မသိသေး။ ဤလို ညမျိုးမှာ  သေနတ်သံကိုကြားရလျှင်  မိုးလင်းသော အခါ  အမင်္ဂလာသတင်း တစ်ခုခုကိုတော့  ကြားရမြဲ  မဟုတ်ပါလား။

နေရောင်ခြည်နှင့်အတူ   သတင်းဆိုးက ထွက်ပေါ် လာသည်။               

ဆက်လက်ဖော်ပြပါမည်။