ဝမ်းရေးထက်ပင် ခက်ပါသည်

 

ဝမ်းရေးထက်ပင် ခက်ပါသည်

 

ယမန်နေ့မှအဆက်

 

     ဦးဖြူလှ နွားကို သေနတ်နှင့် ပစ်သတ်စားကြသော ကိစ္စနှင့်ပတ်သက်၍ မကျေမနပ်ဖြစ်နေသော စိန်မောင်သည် မြမောင်အပါအဝင် ရဲဘော်ဖြူ ငါးယောက် တန်းစီအိပ်နေကြသည်ကို စက်ကလေးနှင့် တရကြမ်းပစ်ပြေးကာ အစိုးရတိုက်ကင်းရှိရာ ကုန်းဘောင်ရွာသို့ ညက ထွက်ပြေးသွားသည်။

ဗိုလ်ဝေပန်း အုပ်ချုပ်သော တပ်စိတ်တစ်စိတ်တွင် စက်ကလေးပစ်သူမှာ စိန်မောင်သာဖြစ်ရာ စက်ကလေးပါသွားသော စိန်မောင်နောက်ကို ဆက်မလိုက်ရဲကြတော့ဘဲ ရဲဘော်ဖြူတို့မှာ ဒဟပ်ကုန်း၌ပင် ကျန်ခဲ့ကြသည်။ သူတို့သည် မြမောင်နှင့်တကွ ရဲဘော်ဖြူငါးယောက်၏ အလောင်းကို ရွာသူ၊ ရွာသားများမသိ၊ မရိပ်မိအောင် ညတွင်းချင်းမြှုပ်နှံပြီး ဒဟပ်ကုန်းမှ ပန်းတိမ်းငဖဲဘက် ထွက်သွားကြသည်။ ပန်းတိမ်းငဖဲတွင် မြို့နယ် စစ်ရဲတာဝန်ခံ ဗိုလ်ညိုရှိသည် မဟုတ်ပါလား။

တန်ဆောင်မုန်းလ၏ ညသည် ဆိုင်းသံ၊ ဗုံသံ၊ ဒိုးပတ်၊ ပလွေသံတို့နှင့် သာယာလျက်ရှိလေသည်။ တစ်ရွာလုံးရှိ လူကြီး၊ လူငယ်၊ လူရွယ်ကာလ သား ယောကျ်ား၊ မိန်းမများသည် ပျော်လျက်ရှိကြသည်။

ကိုထွန်းငြိမ်းသည်လည်း အများနည်းတူ ပျော်ရွှင်လျက်ရှိလေသည်။

ကိုထွန်းငြိမ်းနှင့် မခင်မှီတို့သည် ညနေက စေတီတော်တွင် ဘုရားဆီမီး သွားပူဇော်ကြသေး၏။ ဘုရားဆီမီး ညှိပြီး၍ ဆုတောင်းပြီးကြသောအခါ ကိုထွန်းငြိမ်းက မခင်မှီ၏ စူထွက်နေသော ဗိုက်ကို ကျေကျေနပ်နပ်ကြီး ကြည့်၍ မေးလိုက်၏။

“ခင်မှီ ဘာဆုတောင်းလဲဟင်”

“အစ်ကိုကရော”

ကိုထွန်းငြိမ်း၏အမေးကို ပြန်မဖြေသေးဘဲ မခင်မှီက ကိုထွန်းငြိမ်း နည်းတူ ကိုထွန်းငြိမ်း၏မျက်နှာကို အပြုံးနှင့်ပြန်ကြည့်ကာ ပြန်မေးလိုက် ၏။

“အစ်ကိုကတော့ ခုမွေးလာမယ့် ကလေးဟာ သားသားလေးဖြစ်ပါစေ အရှင်ဘုရားဆိုတဲ့ ဆုပဲ တောင်းတယ်။ ခင်မှီရော”

“ခင်မှီကလည်း အစ်ကို့လိုပါပဲ အစ်ကိုရယ်”

မခင်မှီက နွဲ့သံနှင့် ပြော၏။

“ကဲ...လာကွယ်၊ ဟိုမှာ ကျောင်းသားတွေ မီးပုံးပျံလွှတ်ဖို့လုပ်နေကြတယ်။ သွားကြည့်ရအောင်”

မခင်မှီသည် ကိုထွန်းငြိမ်း၏ လက်မောင်းတစ်ဖက်ကို မှေးကိုင်၍ ကျောင်းသားလေးများ မီးပုံးပျံလွှတ်ရာသို့ လိုက်ပါလာသည်။

ကျောင်းသားလေးများ မီးပုံးပျံလွှတ်ရာတွင်  ခဏရပ်ကြည့်ကြပြီး ကိုထွန်းငြိမ်းနှင့် မခင်မှီတို့သည် အိမ်သို့ ပြန်လာကြသည်။

တစ်လောကမှ မြို့က ဝယ်လာပေးသော ဗိုက်ဖုံးအင်္ကျီနှင့် တစ်မျိုးကြည့် ကောင်းနေသော   မခင်မှီ၏အလှကို   ကိုထွန်းငြိမ်းသည် ဤနေ့ညမှ

ပိုပြီး ဂရုစိုက်မိသည်။ ပင်ကိုကပင်လှသော မခင်မှီသည် ဤလို မစူ့တစူ သုံးလေးလဗိုက်နှင့်လည်း   ကိုထွန်းငြိမ်း၏   မျက်စိထဲမှာ   လှနေ၏။ ထို့ကြောင့်လည်း ကိုထွန်းငြိမ်းသည် မိမိအိမ်သို့ ပြန်လာကြရင်း မခင်မှီကို ခဏခဏလှည့်ကြည့်ကာ နောက်ပြောင်လာလေသည်။

“ဆ... ဆရာငြိမ်း၊  ရှာလိုက်ရတာဗျာ၊  ဟိုမှာတွေ့တော့လည်း လူအုပ်ထဲ မပြောရဲလို့ အသာကြည့်နေရတာ၊ ခု လူအုပ်ထဲက ထွက်လာမှ အတင်းပြေးလိုက်လာရတာ”

ကိုထွန်းငြိမ်းအား ပြောလာသူမှာ ဇင်ပြွန်းရွာက ကိုထွန်းငြိမ်း တပည့် မောင်ကျော်ညွန့်၏ အဖေ ဦးကျော်ထွန်းဖြစ်သည်။ ဦးကျော်ထွန်းသည် မွေးပွတဘက်တစ်ထည်ကို  ခေါင်းနှင့်မျက်နှာ ဖိအုပ်ထား၏။ သူ့မျက်နှာ ပေါ်တွင်လည်း ချွေးသီးချွေးပေါက်တွေက ပြန်နေလေသည်။

သူ၏ ထိတ်ထိတ်ပျာပျာ စကားကို ကြားရသောအခါ ကိုထွန်းငြိမ်း နှင့် မခင်မှီတို့မှာ ငေးသွားကြသည်။ သို့သော်  တစ်စုံတစ်ခုအရေးတကြီး ကိစ္စရှိပြီ ဆိုသည်ကိုတော့ မမေးဘဲနှင့် သိလိုက်ကြသည်။

“ဘာကိစ္စလဲ ဦးကျော်ထွန်း၊ မောင်ကျော်ညွန့် ဘာဖြစ်လို့လဲ”

“ကျွန်တော့်သားကိစ္စ မဟုတ်ပါဘူး ဆရာငြိမ်း။ ဆရာငြိမ်း ကိစ္စအတွက် ခုလို ကျွန်တော် အသက်စွန့်လာရတာပါ”

“ဗျာ ကျွန်တော့်ကိစ္စ”

ဦးကျော်ထွန်း၏စကားက ကိုထွန်းငြိမ်းနှင့် မခင်မှီတို့ကို မျက်လုံးပြူး သွားစေသည်။

“ဟုတ်ပါတယ် ဆရာငြိမ်း၊ ဆရာငြိမ်းအတွက် သေရေးရှင်ရေးကိစ္စပါ။ ဒီလမ်းမမှာ  ပြောလို့မကောင်းဘူး  ဆရာငြိမ်း၊ အိမ်ကိုသာ မြန်မြန် သွားကြမယ်၊ အိမ်ရောက်မှ ကျွန်တော်ပြောပြပါမယ်”

သေရေးရှင်ရေးကိစ္စဆိုသဖြင့် ကိုထွန်းငြိမ်း၊ မခင်မှီနှင့် ဦးကျော်ထွန်း တို့မှာ မပြေးရုံတမယ် အိမ်သို့ရောက်လာကြသည်။

“ကိစ္စက ဒီလို ဆရာငြိမ်း၊ ခုညနေက ကျွန်တော်တို့ရွာကို ဌာနချုပ်က ဆိုတဲ့ ရဲဘော်ဖြူ သုံးဆယ်လောက် ရောက်လာကြတယ်။ ပျံဂျီရွာသား ကျွန်တော့်တူတော်တဲ့ ကောင်လေးတစ်ယောက်ကလွဲရင်  ရဲဘော်ဖြူ အားလုံးဟာ လူစိမ်းတွေချည်းပဲ။ အဲဒါ ညနေမိုးချုပ်ခါနီးမှ ရောက်လာကြတဲ့ ရဲဘော်ဖြူတွေကို အိမ်မှာ တစ်အိမ်တစ်ယောက်ဆီ ထမင်းကျွေး ကြရမယ်ဆိုတော့ ကျွန်တော်လည်း တိုင်းရေးပြည်ရေးဆိုသလို မေးစမ်း ကြည့်ချင်တာနဲ့ အိမ်မှာ ထမင်းချက်ပြီး ကျွန်တော့်တူလေး ရဲဘော်ဖြူ ကို ထမင်းကျွေးတယ်။ သူတို့က ဌာနချုပ်ကဆိုတော့ နိုင်ငံရေးအခြေအနေ ပိုသိလိမ့်မယ်ထင်လို့ပေါ့လေ။  ဒီကောင်လေး   ရဲဘော်ဖြူထဲ ဝင်သွားတာ   ၁၄  နှစ်သားလောက်ကတည်းကပဲ။   ခု ဒီကောင်လေး ရဲဘော်ဖြူထဲမှာ သုံးနှစ်ကျော်ရှိပြီ။ သူ့ဗိုလ်ကြီးကလည်း ဒီကောင်ကို မြို့မှာကျန်ခဲ့တဲ့ သူညီလေးနဲ့တူလို့တဲ့ သိပ်ချစ်တာ။ အဲဒါကြောင့် ဘယ် သွားသွား ခေါ်သွားတာ။ အဲဒါ ခု သူ့ကို ထမင်းကျွေးတော့ ကျွန်တော် ကမေးမိတယ်။ ဆရာငြိမ်းတို့ရွာမှာလည်း ဟိုတစ်လောက ပြဿနာတစ်ခု၊ နှစ်ခုဖြစ်လို့ ပစ်ကြခတ်ကြ၊ အချင်းချင်း ပစ်သတ်ထွက်ပြေးကြတာ ရှိလေတော့၊ ခုရောက်လာကြတဲ့ လူတွေကလည်း တစ်ခါမှ မမြင်ဖူးတဲ့၊ ထမင်း  မကျွေးဖူးတဲ့   ရဲဘော်ဖြူတွေချည်း ဖြစ်နေတော့   မင်းတို့    ဒီနယ်မှာ အုပ်ချုပ်ရေးအသစ် ချမလို့ လာကြတာလားဆိုတော့ ကျွန်တော့်တူလေးက ပြောတယ်။ အုပ်ချုပ်ရေးအသစ်ချမလို့လာတာ မဟုတ်ဘူး ဦးလေး။ ဒဟပ်ကုန်းရွာက ကျောင်းဆရာ ကိုထွန်းငြိမ်းဆိုတဲ့လူကို ဖမ်းပြီး သတ်ပစ်မလို့ လာကြတာတဲ့”

ဆက်လက်ဖော်ပြပါမည်။