နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော်  ဇန်နဝါရီ  ၉

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဉက္ကဋ္ဌ၊ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ တက္ကသိုလ်နှင့် ဒီဂရီကောလိပ် အသီးသီးမှ အားကစားအဖွဲ့ ခေါင်းဆောင်များ၊ အားကစားနည်းအလိုက် အုပ်ချုပ်သူနည်းပြများနှင့် အားကစား မောင်မယ် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် အားကစားသည် လူငယ်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုကို ဖြစ်ပေါ်စေရုံသာမက ဗလငါးတန်ဖွံ့ဖြိုးမှု၏ အခြေခံမျိုးစေ့လည်းဖြစ်ပါကြောင်း၊ တက္ကသိုလ် ကျောင်းသား ကျောင်းသူများအနေဖြင့် အားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်ခြင်း၊ စိတ်လက်အပန်းဖြေနိုင်ခြင်း၊ စိတ်ဖိစီးမှု လျော့ကျစေနိုင်ခြင်း၊ တက်ကြွ ဖျတ်လတ်ခြင်း၊ ပြဿနာကို ဖြေရှင်းနိုင်ခြင်း၊ စနစ်တကျတွေးခေါ်နိုင်ခြင်း၊ ဖြတ်ထိုးဉာဏ် အသုံးချခြင်း၊ အသင်းအဖွဲ့နှင့် လုပ်ကိုင်တတ်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်စေနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ပေါင်းသင်းဆက်ဆံရေးကို မြှင့်တင်ပေးရုံသာမက စဉ်းစားတွေးခေါ်မှု စွမ်းရည်များကိုပါ တိုးတက်စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အားကစားနှင့် ပညာရေးကို ပေါင်းစပ်ပေးခြင်းသည် တက္ကသိုလ်ကျောင်းသားလူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်မှုကို အလျင်အမြန် အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း။

အခုကျင်းပသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန၊ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ စားပွဲတင် တင်းနစ်စသည့် အားကစားနည်း(၅)မျိုး ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း၊  ယင်းအားကစားနည်း (၅)မျိုးအနက် ဘောလုံးနှင့် ဘော်လီဘော အားကစားနည်းများကို ရန်ကုန်ဇုန်၊ ဒဂုံဇုန်၊ ပုသိမ်ဇုန်၊ မော်လမြိုင်ဇုန်၊ မန္တလေးဇုန်၊ မကွေးဇုန်၊ တောင်ကြီးဇုန်၊ မြစ်ကြီးနားဇုန်ဆိုသည့် ဇုန်(၈)ခု ဖွဲ့စည်းပြီး သတ်မှတ်ဇုန်များက လူရွေးပွဲကျင်းပပြုလုပ်ခဲ့ကြပါကြောင်း၊ ယင်းမှ ဇုန်တစ်ဇုန်စီက ဇုန်ကိုယ်စားပြုအသင်း တစ်သင်းစီဖွဲ့စည်းခဲ့ကြပြီး အခုကျင်းပနေသည့် ဗဟိုအဆင့်တွင် လာရောက်ယှဉ်ပြိုင် ကြခြင်းဖြစ်ပါကြောင်း၊ ကျန်အားကစားနည်းများကို ကျောင်းပေါင်းစုံ အားကစား ပြိုင်ပွဲအနေဖြင့် ယှဉ်ပြိုင်ကျင်းပသွားမည်  ဖြစ်ပါကြောင်း။

Athletics လို့ခေါ်သည့် ပြေးခုန်ပစ် အားကစားသည် ရှေးဟောင်းဂရိလူမျိုးများ ဆီက စတင်မြစ်ဖျားခံခဲ့ပြီး ဘီစီ ၁၀ ရာစုခန့်တွင် Sport လို့ခေါ်သည့် အားကစားအဖြစ် ပေါ်ထွန်းလာခဲ့ကြောင်း၊ ဂရိတို့သည် ကာယဗလနှင့် ဉာဏဗလတို့တွင် ယင်းခေတ် ကာလက ကမ္ဘာပေါ်၌ အောင်မြင်ထင်ရှားခဲ့ပါကြောင်း၊ ဂရိလူမျိုး များသည် ပြေးခုန်ပစ် ကစားနည်းများကို တီထွင်ကစားခဲ့ကြရာမှ ကမ္ဘာပေါ်တွင် အိုလံပစ်အားကစား ပြိုင်ပွဲများ ပေါ်ပေါက်လာသည့် အဆင့်အထိ တိုးတက်ထွန်းကားလာခဲ့ပါကြောင်း။

မြန်မာနိုင်ငံတွင်လည်း တက္ကသိုလ်အားကစား လှုပ်ရှားမှုများသည် လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ဖူးသည့် သမိုင်းများရှိပါကြောင်း၊ ၁၉၁၇ ခုနှစ် ကတည်းက ရန်ကုန်ကောလိပ်ဘောလုံးအသင်း (Rangoon College Football Team) သည် အောင်မြင်မှုများနှင့်အတူ ပေါ်ပေါက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၏ ဘောလုံး လောကတွင် ၁၉၃၂ ခုနှစ်မှစ၍ ယူနီဗာစီတီ ဘောလုံးအသင်းဆိုပြီး အထူးနာမည်ကြီးလာခဲ့ပါကြောင်း၊ ယင်းနှစ်မှာပဲ ဘီအေအေ ယခု အောင်ဆန်းကစားကွင်း ချန်ပီယံဖလားကြီးကို ရရှိခဲ့ပါကြောင်း။

၁၉၃၃ ခုနှစ်တွင် ချန်ပီယံဖလားနှင့် ဝါတာလော့ ရှုံးထွက်ဒိုင်းကြီးကိုပါ ရရှိခဲ့ပါကြောင်း၊ ၁၉၃၄ ခုနှစ်တွင် ချန်ပီယံဖလားဆုကို သုံးနှစ်ဆက်တိုက်ရရှိခဲ့သဖြင့် အပိုင်ရရှိပြီး ဝါတာလော့ဒိုင်းကိုလည်း နှစ်နှစ်ဆက်တိုက် ရရှိခဲ့ပါကြောင်း၊ ယင်းအချိန်က ရန်ကုန်တက္ကသိုလ် ဘောလုံးအသင်း၏ အောင်မြင်ကျော်ကြားမှုသည် ဘီအေအေကွင်း ကြီးမှာသာမက မြန်မာပြည်တစ်ပြည်လုံး “ဗာစီတီ ဗာစီတီ၊ ရားရား” ဆိုသည့် အား ပေးသံများနှင့်အတူ လွှမ်းမိုးကျော်ကြားခဲ့ပါကြောင်း။

ရန်ကုန်တက္ကသိုလ် ဘောလုံးအသင်းသည် ၁၉၆၅၊ ၁၉၆၆ နှင့် ၁၉၆၇ ခုနှစ်များမှာလည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကျင်းပသည့် ရှုံးထွက် ဖလားပတ်လည်ဒိုင်း နှင့် ကွင်းဖွင့်ဖလားပြိုင်ပွဲများတွင် သုံးနှစ်ဆက်တိုက် ပထမဆု ရရှိခဲ့ဖူးပါကြောင်း၊ ရန်ကုန်တက္ကသိုလ်၏ ကျောင်းတွင်းအားကစားပြိုင်ပွဲများ အခန်းကဏ္ဍသည်လည်း အင်မတန်အရေးပါလှပါကြောင်း၊ စစ်ကြိုခေတ်ကာလက ရန်ကုန်တက္ကသိုလ်၏ ကျောင်းတွင်း အားကစားပြိုင်ပွဲများအဖြစ် အဆောင်လိုက် ပြိုင်ပွဲနှင့် အတန်းလိုက် ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခဲ့ပါကြောင်း၊ အဆောင်လိုက် ပြိုင်ပွဲများတွင် နေ့ကျောင်းသားများသည် နေ့ဝိဇ္ဇာအသင်းနှင့် နေ့သိပ္ပံအသင်းများအနေဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါကြောင်း။

၁၉၆၄ ခုနှစ်မှ စတင်၍ ကျောင်းဆောင်အလိုက် အားကစားပြိုင်ပွဲများအပြင် ဘာသာရပ်အလိုက်ပြိုင်ပွဲများကိုပါ ကျင်းပပြုလုပ် ပေးခဲ့ပါကြောင်း၊ ပညာသင်နှစ် အပေါ်မူတည်ပြီး ကျင်းပပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ထိုကဲ့သို ကျောင်းတွင်း အားကစား ပြိုင်ပွဲများမှ ထူးချွန်သည့် ကျောင်းသား ကျောင်းသူများကို တက္ကသိုလ်လက် ရွေးစင် အားကစားသမားများအဖြစ် ရွေးချယ်ပြီး ယခုလိုကျင်းပသည့် တက္ကသိုလ်/ကောလိပ် အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်စေခဲ့ခြင်း ဖြစ်ပါကြောင်း၊ ရန်ကုန် တက္ကသိုလ်တွင် အားကစားပြိုင်ပွဲများအပြင် အားကစားသင်တန်းများကိုလည်း ရက်တို သင်တန်း၊ ရက်ရှည်သင်တန်း ခွဲခြားပြီး နှစ်စဉ်ဖွင့်လှစ် သင်ကြားပေးခဲ့ပါကြောင်း။

ထိုကဲ့သို့ တစ်ချိန်တုန်းက ရန်ကုန်တက္ကသိုလ်ဘောလုံးအသင်း သုံးနှစ်ဆက်တိုက် အနိုင်ရရှိခဲ့ခြင်းသည် ဘောလုံးသမားများ၏ ကြိုးစားလေ့ကျင့်မှုနှင့် ထူးချွန်ထက်မြက်မှုများကြောင့်ဖြစ်ပြီး ဘောလုံးအားကစားသမားများသည် တစ်ဦးချင်းသာမက အသင်းလိုက်အနေဖြင့်ပါ အရည်အချင်း ပြည့်ဝ ကောင်းမွန်လာရခြင်းနှင့်အတူ နည်းပြ ဆရာ၏ ညွှန်ကြားလေ့ကျင့်ပေးမှုအပေါ် အပြည့်အဝ လိုက်နာလေ့ကျင့်ခဲ့၍လည်း ယခုလို အောင်မြင်မှုရရှိခဲ့ခြင်းပင် ဖြစ်ပါကြောင်း။

၁၉၆၉ ခုနှစ် ဒီဇင်ဘာလ ၆ ရက်မှ ၁၃ ရက်အထိ ပဉ္စမအကြိမ်မြောက် အရှေ့တောင်အာရှကျွန်းဆွယ် အားကစား ပြိုင်ပွဲကြီးကို ရန်ကုန်မြို့၌ အောင်မြင်စွာ ကျင်းပခဲ့ရာ မြန်မာအားကစားအဖွဲ့တွင် တက္ကသိုလ်အားကစားသမားများ ပိုမိုပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး အိမ်ရှင်မြန်မာတို့အနေဖြင့် ရွှေတံဆိပ် ၅၇ ခု၊ ငွေတံဆိပ် ၄၆ ခုနှင့် ကြေးတံဆိပ် ၄၃ ခု ရရှိခဲ့ပြီး နိုင်ငံအလိုက်ပထမဗိုလ်စွဲခဲ့ပါကြောင်း၊ ရရှိခဲ့သည့်ဆု တံဆိပ်များအနက် ရွှေတံဆိပ် ၆ ခု၊ ငွေတံဆိပ် ၄ ခုနှင့် ကြေးတံဆိပ် ၅ ခုအား တက္ကသိုလ်အားကစားသမားများမှ ဆွတ်ခူးပေးနိုင်ခဲ့ကြောင်း၊ ရွှေတံဆိပ် ၆ ခု ရရှိရာတွင် တက္ကသိုလ်ကျောင်းသား ရေကူးချန်ပီယံ နန္ဒကျော်စွာ တစ်ဦးတည်းက ရွှေတံဆိပ် ၃ ခု ရယူပေးနိုင်ခဲ့ခြင်းသည် တက္ကသိုလ်နှင့် တက္ကသိုလ်ကျောင်းသားတို့၏ ဂုဏ်ရောင်ကို ပိုမိုထွန်းပြောင်စေခဲ့ပါကြောင်း၊ အလားတူ ကျွန်းဆွယ်ပြိုင်ပွဲ သမိုင်းစဉ် တစ်လျှောက်လုံး မြန်မာတို့ တစ်ကြိမ်တစ်ခါမျှ မရဘူးခဲ့သည့် တင်းနစ်ရွှေတံဆိပ်ဆုကို တက္ကသိုလ် ကျောင်းသား မောင်မောင်လေးက ဆွတ်ခူးပေးနိုင်ခဲ့ခြင်းသည်လည်း မှတ်တမ်းဝင်ခဲ့ပါကြောင်း၊ ယနေ့ကာလတွင်လည်း မြန်မာနိုင်ငံအနေဖြင့် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲ (ASEAN University Games-AUG)များတွင် တက်ကြွစွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အောင်မြင်မှုများစွာ ရရှိထားပါကြောင်း။

၂၀၂၂ ခုနှစ် ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် အကြိမ် (၂၀) မြောက် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ဘောလုံး၊ မြှားပစ်၊ ပိုက်ကျော်ခြင်းနှင့် ဝူရှူး အားကစားနည်း ၄ မျိုးတွင် အားကစားသမား   ၃၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာမှ ရွှေတံဆိပ် ၂ ခု၊ ငွေတံဆိပ်  ၂ ခုနှင့် ကြေးတံဆိပ် ၂ ခု ရရှိအောင်ပွဲခံနိုင်ခဲ့ပါကြောင်း၊ ယင်းကဲ့သို့ အောင်ပွဲရခဲ့သည့် တက္ကသိုလ်အားကစားမောင်မယ်များကို နိုင်ငံတော်က ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးခဲ့ပါကြောင်း၊ ထိုကဲ့သို့ ထူးချွန်သည့် တက္ကသိုလ် အားကစားမောင်မယ်များ ပေါ်ထွန်းလာရန်အတွက်လည်း နိုင်ငံတော်က လိုအပ်သည့် အထောက်အပံ့များ ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း။

ပညာရေးဝန်ကြီးဌာနအနေဖြင့် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် အားကစား ကဏ္ဍမြှင့်တင်ရေးအတွက် ကျောင်းအားကစားကွင်းများ အဆင့်မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ ပညာရေးနှင့်အားကစား ပေါင်းစပ် သင်ယူနိုင်သည့် အခွင့်အလမ်းများကို တိုးမြှင့်ဖော်ဆောင် ပေးလျက်ရှိပါကြောင်း၊ အားကစားကောင်းမှ ပညာရေးကောင်းမည်ဖြစ်ပြီး ပညာရေးကောင်းမှ နိုင်ငံတိုးတက်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပညာတတ်သော၊ စိတ်ဓာတ် စည်းကမ်းကောင်းမွန်သော၊ ကျန်းမာကြံ့ခိုင်သော လူချွန်လူကောင်းများ ပေါ်ထွက်လာစေရန် အားကစားကဏ္ဍကို ပညာရေးနှင့် ပေါင်းစပ် မြှင့်တင်ရမည်ဖြစ်ကြောင်း။

အခြေခံပညာကဏ္ဍမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကာယဆရာ၊ ဆရာမများအတွက် သင်တန်းများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနှင့် ပူးပေါင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ အဆင့်မြင့် ပညာကဏ္ဍမှာလည်း ဒဂုံတက္ကသိုလ်နှင့် ရတနာပုံတက္ကသိုလ်တို့တွင် B.Sc (Sports)ဘွဲ့သင်တန်းကို ဖွင့်လှစ်ပေးထားလျက်ရှိပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်း သင်ကြားပို့ချပေးလျက်ရှိပါကြောင်း၊ ထို့ပြင် တက္ကသိုလ်၊‌ ဒီဂရီကောလိပ်များတွင် အားကစားအရာရှိနှင့် အားကစား နည်းပြများ ခန့်အပ်ပေးထားပြီး စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြားပေးလျက်ရှိပါကြောင်း။

“အာရောဂျံ ပရမံလာဘံ”ဆိုသည့်အတိုင်း ကျန်းမာရေးသည် လာဘ်တစ်ပါးအဖြစ် ဘဝတစ်လျှောက်လုံးတွင် လိုအပ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူ လူငယ်အားလုံးကို အားကစားလိုက်စားပြီး သက်ရှည်ကျန်းမာကြံ့ခိုင်စွာဖြင့် နိုင်ငံ့အကျိုး သယ်ပိုးနိုင်မည့် အနာဂတ်သားကောင်း ရတနာများဖြစ်အောင် ကြိုးစားကျင့်ကြံ သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ မောင်တို့ မယ်တို့သည် တက္ကသိုလ် ကျောင်းသား ကျောင်းသူ အားကစားသမားများဖြစ်ကြသည်နှင့်လျော်ညီစွာ အားကစား ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြသည့်အခါ စည်းကမ်းရှိရှိ၊ နည်းစနစ် ခိုင်ခိုင်မာမာ၊ အားကစား စိတ်ဓာတ်အပြည့်အဝနှင့် ကြိုးပမ်းအားထုတ်ယှဉ်ပြိုင်ကြရင်း နိုင်ငံတော် ချစ်စိတ်၊ မျိုးချစ်စိတ်တို့ဖြင့် နိုင်ငံတော်၏ ဂုဏ်ကို ထိန်းသိမ်းမြှင့်တင်နိုင်ကြပါစေကြောင်း၊ ဆုတံဆိပ်အသီးသီးကိုလည်း ဆွတ်ခူးရရှိပြီး နိုင်ငံ့လက်ရွေးစင်အားကစားသမားများ ဖြစ်အောင်ကြိုးစား၍ အောင်မြင်မှုများ ရရှိနိုင်ကြပါစေကြောင်းနှင့် တက္ကသိုလ်အားက စားလောကတစ်ခေတ် ဆန်းသစ်နိုင်ကြပါစေကြောင်း ပြောကြားပြီး “၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲ” ကို ဖွင့်လှစ် ပေးသည်။

ထို့နောက် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ အထိမ်းအမှတ်အလံကို အားကစား မောင်မယ်များက စုပေါင်းသယ်ယူ၍ လွှင့်တင်ပြီး အားကစားမောင်မယ် ကျောင်းသား ကျောင်းသူများက အားကစားသစ္စာအဓိဋ္ဌာန်ကို ရွတ်ဆိုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်နှင့် အဖွဲ့များသည် တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် အားကစား သမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၏ Exercise Dance ၊ Physical  Fitness Dance ၊ ပန်းပွားအကနှင့် ကရင်းဒုံးယိမ်းအကတို့ဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံအားကစား ပြိုင်ပွဲကို ဇန်နဝါရီ ၉ ရက်မှ ၁၈ ရက်အထိ အားကစားနည်းများအလိုက် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံများနှင့် လေ့ကျင့်ရေး ဘောလုံးကွင်းများ၌ ကျင်းပသွားမည်ဖြစ်ပြီး တက္ကသိုလ်ပေါင်းစုံမှ အဖွဲ့ ခေါင်းဆောင်များ၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမား စုစုပေါင်း ၁၁၆၀ ကျော် ပါဝင်ယှဉ် ပြိုင်သွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။