ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

 

    ချစ်ကြည်လေးစားရပါသော ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကိုမောင်နှမများခင်ဗျား -

ယနေ့ကျရောက်သည့်  (၇၆)နှစ်မြောက်  ကချင်ပြည်နယ်နေ့၏ နေ့ထူးနေ့မြတ် အခါသမယတွင် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကိုမောင်နှမ များနှင့် နိုင်ငံတစ်ဝန်းရှိ ပြည်ထောင်စုဖွား တိုင်းရင်းသား မိဘပြည်သူ     ညီအစ်ကိုမောင်နှမများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကောင်းကျိုး လိုအင်ဆန္ဒများ ပြည့်စုံကြစေကြောင်း ဆုမွန်ကောင်း တောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးစုအားလုံးတို့သည် ရှေးနှစ်ပေါင်း များစွာကတည်းကပင် တစ်မြေတည်းနေ တစ်ရေတည်းသောက် မရှိအတူ ရှိအတူ၊ အေးအတူ ပူအမျှ စည်းလုံးညီညွတ်စွာဖြင့် ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါဝါ ရပ်တည်နေထိုင်ခဲ့ကြပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးနောက် ၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့တွင် ကချင်ပြည်နယ် ကောင်စီညီလာခံ ပထမဆုံးညီလာခံ၏ ပထမဆုံးအစည်းအဝေး၌ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့သည်ကို ဂုဏ်ပြုသည့် အနေဖြင့် ဇန်နဝါရီလ(၁၀)ရက်နေ့ကို “ကချင်ပြည်နယ်နေ့” အဖြစ် သတ်မှတ်ပြဋ္ဌာန်း၍ နှစ်စဉ်ကျင်းပခဲ့ရာ ယနေ့ဆိုလျှင် (၇၆)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။

ကချင်ပြည်နယ်တွင် ဂျိန်းဖော၊ လာချိဒ်၊ လော်ဝေါ်၊ လီဆူ ၊ ရဝမ်၊ ဇိုင်ဝါး စသည့် ကချင်မျိုးနွယ်စုများနှင့်အတူ တိုင်းလုံ၊ တိုင်းလိုင်၊ တိုင်းခမ်းတီ၊ တိုင်းဆာ၊ တိုင်းလေ စသည့် ရှမ်းမျိုးနွယ်စုများနှင့် ဗမာတိုင်းရင်းသားများ အပြင် အခြားတိုင်းရင်းသား မျိုးနွယ်စုများ အပါအဝင် လူဦးရေစုစုပေါင်း (၁၇) သိန်းကျော် အတူတကွ ချစ်ကြည်ရင်းနှီးစွာဖြင့် စုပေါင်းနေထိုင်လျက် ရှိသည့် ပြည်နယ်တစ်ခုဖြစ်ပါသည်။

ကချင်တိုင်းရင်းသား မျိုးနွယ်စုများ၏ ဝတ်စားဆင်ယင်မှု၊ ရိုးရာအက အလှများ၊ စာပေယဉ်ကျေးမှု ဓလေ့ထုံးစံများမှာ လှပခံ့ညား ကျက်သရေရှိသည်သာမက  တိုင်းရင်းသားဝတ်စုံများနှင့် စုပေါင်းညီညာစွာ ကပြသည့် မနောအကသည် ကချင်တိုင်းရင်းသားတို့၏ နှစ်သက်မြတ်နိုးဖွယ်ရာ စည်းလုံးညီညွတ်မှုကို ဖော်ပြသည့် ရိုးရာယဉ်ကျေးမှု တစ်ခုဖြစ်ပါသည်။

ထို့ပြင် အဖိုးတန်သယံဇာတ တန်ဖိုးရှိရတနာများ ပေါများကြွယ်ဝကာ သာယာလှပသည့် တောတောင်ရေမြေ သဘာဝ ပတ်ဝန်းကျင်ကောင်းများနှင့် စိုက်ပျိုးဖြစ်ထွန်းသည့် ရေခံမြေခံကောင်းမွန်သော ပြည်နယ် တစ်ခုလည်း ဖြစ်ပါသည်။ တစ်နှစ်ပတ်လုံး ဆီးနှင်းများ ဖုံးအုပ်လျက် ရှိသည့် ရေခဲတောင်များ၏ လှပမှုနှင့် အင်းတော်ကြီးအိုင်၊ မြစ်ဆုံတို့၏ သာယာမှုတို့သည်  ပြည်နယ်၏ ထင်ရှားသော အလှအပ သဘာဝများ ဖြစ်ပါသည်။

ကချင်ပြည်နယ်သည် သဘာဝက ဖန်တီးပေးထားသည့် သယံဇာတ အခြေခံကောင်း များစွာရှိပြီးဖြစ်ရာ  ၎င်းသဘာဝ အလှတရားများနှင့် သယံဇာတထွက်ကုန်များကို အခြေပြု၍  ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ပါက  ဒေသခံတိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝနှင့် အလုပ်အကိုင် အခွင့်အလမ်းများ  တိုးတက်လာမည် ဖြစ်ပါသည်။

ယနေ့အချိန်အခါသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက နိုင်ငံတော် တာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ တာဝန်ယူ ဆောင်ရွက်လျက်ရှိသော ကာလဖြစ်ပါသည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်ကို စတင်တာဝန်ယူသည့် အချိန်မှစပြီး ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တို့ကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။

နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူ အားလုံးအတွက်  ငြိမ်းချမ်းသာယာ ဝပြောသည့်  အနာဂတ်ကို ရည်မှန်းလျက်  ကောင်းမွန်သည့် ပစ္စုပ္ပန်ကို တည်ဆောက်လျက်ရှိပါသည်။ “တိုင်းပြည်သာယာဝပြောရေး” နှင့် “စားရေရိက္ခာ ဖူလုံရေး” ကို အမျိုးသားရေး ရည်မှန်းချက်အဖြစ် ဦးတည်ထားရှိပြီး “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေး” နှင့် “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေး” ကို နိုင်ငံရေး ရည်မှန်းချက် အနေဖြင့် ချမှတ်ထားရှိပါသည်။ ချမှတ်ထားသည့် ရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ ပြည့်ဝစေရေးနှင့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်စေရေးတို့ အတွက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများနှင့် လက်တွဲပြီး  အောင်မြင်အောင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အမျိုးသားရေးရည်မှန်းချက်များနှင့်  နိုင်ငံရေး ရည်မှန်းချက်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဒေသတွင်း တိုင်းရင်းသားများ၏ အသိဉာဏ်ပညာပြည့်စုံမှုများဖြင့် ဆောင်ရွက်နိုင်ရန် အရေးကြီးသဖြင့် ပညာရေးမြှင့်တင်မှုကို အထူး အားပေးစေလိုပါသည်။

နိုင်ငံတော်က ကချင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် စိုက်ပျိုး ရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေးနှင့် လျှပ်စစ် ကဏ္ဍများအပါအဝင် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို ကဏ္ဍအလိုက် အစီအမံများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် သဘာဝထွက်ကုန်များဖြစ်သော သစ်၊ ဝါး၊ ကြိမ်နှင့် အခြားပစ္စည်းများကို အခြေခံသည့် MSME လုပ်ငန်းများကို         မြှင့်တင်အားပေးပြီး ပြည်နယ်အတွင်းရှိ တိုင်းရင်းသား ပြည်သူများ၏   လူမှုစီးပွားဘဝ မြှင့်တင်နိုင်ရေးနှင့်  ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးကို အလေးထား ဆောင်ရွက်ကြရန်  တိုက်တွန်းမှာကြားလိုပါသည်။ ကချင်ပြည်နယ် အနေဖြင့် ရှိပြီးဖြစ်သော သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းပြီး စနစ်တကျဖြင့် ကုန်ချောအဖြစ် ထုတ်လုပ်မှုကို တိုးမြှင့်နိုင်မည်ဆိုပါက ပြည်နယ် အတွင်း လိုအပ်ချက်ကို ဖူလုံစေမည့်အပြင် ပြည်တွင်းလိုအပ်ချက်ကိုပါ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါသည်။ ထို့ပြင် နယ်စပ်ဒေသလည်းဖြစ်၍ ပြည်ပသို့ တင်ပို့နိုင်မည်ဆိုပါက ဒေသခံများ၏ လူမှုစီးပွားဘဝ အဆင်ပြေ တိုးတက်မည့်အပြင် နိုင်ငံအတွက် ဝင်ငွေလည်း တိုးတက်လာနိုင်မည် ဖြစ်ပါသည်။

နိုင်ငံတော်အစိုးရသည် တပ်မတော်အပါအဝင် တိုင်းရင်းသားပြည်သူများနှင့် အတူပူးပေါင်းပြီး စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ကို အရင်းတည်ကာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို   အမျိုးသားနိုင်ငံရေး တာဝန်များအဖြစ် ထာဝစဉ်ထိန်းသိမ်း ကာကွယ် စောင့်ရှောက်သွားမည် ဖြစ်ပါသည်။

မိမိတို့ပြည်သူအားလုံး မျှော်မှန်းတောင့်တသည့် အေးချမ်းသာယာသော  နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်ရန်  မရှိမဖြစ်လိုအပ်သည့်  ပြည်ထောင်စုကြီးတစ်ခုလုံး ငြိမ်းချမ်းရေး ရရှိစေရန် NCA လမ်းကြောင်းအတိုင်း ဆောင်ရွက် ရမည်ဖြစ်ပါသည်။ မိမိတို့နိုင်ငံ၏ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း ပြည်ထောင်စု စိတ်ဓာတ်အရင်းခံကာ နိုင်ငံရေး နည်းလမ်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းဖြင့်သာ အောင်မြင်နိုင်မည်ဖြစ်ပါသည်။ တိုင်းရင်းသားပြည်သူ အားလုံး စည်းလုံးညီညွတ်သော စုပေါင်းအားဖြင့် နိုင်ငံ့အကျိုးကို တက်ညီလက်ညီ ဆောင်ရွက်သွားကြရန်  တိုက်တွန်းလိုပါသည်။

လွတ်လပ်ရေးရပြီးချိန်ကတည်းကစပြီး ယခုအချိန်ထိ ကချင်ပြည်နယ် အပါအဝင် အထူးသဖြင့် နယ်စပ်ဒေသ၊ တိုင်းရင်းသားများ နေထိုင်ရာ ဒေသများတွင် တည်ငြိမ်အေးချမ်းမှု မရှိခဲ့သဖြင့် ဒေသခံတိုင်းရင်းသား ပြည်သူများမှာ လွတ်လပ်ရေး၏ အရသာကို အပြည့်အ၀ မခံစားရသေးဘဲ လူမှုဒုက္ခများကို ရင်ဆိုင်နေကြရဆဲဖြစ်ပါသည်။ ထိုကဲ့သို့သော အဖြစ်ဆိုးကို မိမိတို့၏ လက်ထက်တွင်ချုပ်ငြိမ်းစေပြီး ထာဝရငြိမ်းချမ်းရေးနှင့် အတူ ဖွံ့ဖြိုးတိုးတက်သော  နိုင်ငံကို တည်ဆောက်ပြီး  အနာဂတ်အတွက် ကောင်းမွန်သည့်အမွေကို လွှဲပြောင်းပေးနိုင်ရေး ကြိုးစား ဆောင်ရွက်ကြရန် လိုအပ်နေပြီဖြစ်ကြောင်း အသိပေး တိုက်တွန်းမှာကြားလိုပါသည်။

နိဂုံးချုပ်အနေဖြင့် ကချင်ပြည်နယ်မှ မိဘပြည်သူ တိုင်းရင်းသား ညီအစ်ကို မောင်နှမများအပါအဝင် နိုင်ငံနှင့်လူမျိုးကို အမှန်တကယ် ချစ်မြတ်နိုးကြသည့် တိုင်းရင်းသား ပြည်သူများသည် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး၊ ထာဝရငြိမ်းချမ်းရေး၊ တိုင်းပြည်သာယာ ဝပြောရေးနှင့်  စားရေရိက္ခာဖူလုံရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းများတွင် မိမိတို့ကျရာ ကဏ္ဍအလိုက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းပါဝင် ကြိုးပမ်းတည်ဆောက်သွားကြရန် အလေးအနက်ထား တိုက်တွန်းရင်း (၇၆) နှစ်မြောက် ကချင်ပြည်နယ်နေ့သို့  ဤဂုဏ်ပြု သဝဏ်လွှာ ပေးပို့အပ်ပါသည်။

 

ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ

သတိုးသီရိသုဓမ္မမင်းအောင်လှိုင်

နိုင်ငံတော်ဝန်ကြီးချုပ်

ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ