ဝမ်းရေးထက်ပင် ခက်ပါသည်
ယမန်နေ့မှအဆက်
“ဟင်၊ ကျွန် ကျွန်တော့်ကို သတ်ကြမလို့”
ကိုထွန်းငြိမ်း၏မျက်နှာမှာ ချက်ချင်း သွေးဆုတ်သွားသည်။ အမှန်က ကိုထွန်း ငြိမ်းတစ်ယောက်တည်းသာ မဟုတ်၊ ဦးကျော်ထွန်း၏ စကားအဆုံးမှာ ကိုထွန်းငြိမ်း၏ ဦးလေး၊ အဒေါ်တို့၏ မျက်နှာမှာလည်း ရုတ်ခြည်း ဖြူဖပ်ဖြူရော်ဖြစ်သွား ကြသည်။ မခင်မှီကတော့ ဟင့်ခနဲ တစ်ချက် ရှိုက်လိုက်ပြီး ကိုထွန်းငြိမ်း၏ လက်မောင်း တစ်ဖက်ကို ကြောက်ကြောက်ရွံ့ရွံ့နှင့် ဆုပ်ကိုင်ထားလိုက်မိသည်။
“ဟုတ်တယ် ဆရာငြိမ်း၊ အဲဒါကြောင့် ကျွန်တော်လည်း သားလေးသံယောဇဉ်နဲ့ ဆရာငြိမ်းကို အသက်စွန့်ပြီး လာပြောရတာ။ ကျွန်တော်နဲ့ ဆရာငြိမ်းတို့ဟာ ရပ်ဆွေရပ်မျိုးမကင်းကြသလို ဆရာငြိမ်း စေတနာတွေကို သားလေးက ပြောပြလို့ ကျွန်တော်တို့ရွာကလူတွေပါ ဆရာငြိမ်းကို ခင်ကြတယ်။ အဲဒါကြောင့် လာပြောရတာ”
“ကျွန်တော့်မှာ ဘာအပြစ်များ ရှိလို့ ဒီလောက်ထိ အငြိုးကြီးကြရတာလဲဗျာ။ ကျွန်တော်တော့ မတွေးတတ်၊ မယုံကြည် နိုင်လောက်အောင်ပဲ”
“အဲဒါ ကျွန်တော်လည်း အစကတော့ ယုံတောင်မယုံဘူး။ ဆရာငြိမ်းဟာ ဒီနယ်ပယ်က ကလေးတွေ ပညာရေး၊ ခေတ်မီရေး၊ နား၊မျက်စိ အသိဉာဏ်ပွင့်ရေးကို အကောင်းချည်းလုပ်နေတဲ့ ဆရာငြိမ်းကို ဖမ်းဆီးသတ်ကြမယ်ဆိုတော့ ကဲ ဘယ်သူ က ယုံမလဲ။ နောက် အဲဒီကောင်လေးကို တိုးတိုးတိတ်တိတ်မေးကြည့်မှ အကြောင်းစုံသိရတယ်။ ဒီလို ဆရာငြိမ်းကို ဘာကြောင့် သတ်ပစ်မယ်ဆိုတာလည်း အဲဒီ ရဲဘော်ဖြူတွေထဲမှာ ဗိုလ်လုပ်တဲ့ လူနဲ့ ဒီကောင်လေးကလွဲရင် ဘယ်သူမှ မသိဘူးတဲ့။ ဒီကောင်လေးကလည်း ဒီစကားအကုန် ကျွန်တော့်ကို ဖွင့်ပြောတာ။ ဒေသစွဲကြောင့် ဖြစ်ပါလိမ့်မယ်။ ကိုယ့်ရွာ ကိုယ့်ပြည်က ကျောင်းဆရာတစ်ယောက်ကို သတ်မယ်ဆိုတော့ သူ့ဆရာဗိုလ်ကို မေးပါလိမ့်မယ်။ အဲဒါကြောင့် ဒီကောင်လေးက အဖြစ်မှန်သိလို့ ပြောပြတာ}}
“ဆရာငြိမ်းကို ဗိုလ်ညို စွဲချက်တင်တဲ့ အပြစ်က ဆရာငြိမ်းဟာ အစိုးရသူလျှို လုပ်တယ်တဲ့။ ဆရာငြိမ်း မြို့ကို လခထုတ် သွားတိုင်း ရဲဘော်ဖြူတွေရဲ့အခြေအနေကို မြို့ကစစ်တပ်မှာ တင်ပြတယ်တဲ့။ ဆရာ ငြိမ်းရဲ့ ညီတစ်ယောက်က စစ်ဗိုလ်တဲ့။ မောင်ထွန်းလင်းကို ပြောမှာပေါ့။ ဆရာငြိမ်း မြို့ကိုသွားတိုင်း အစိုးရတိုက်ကင်း တက်တယ်တဲ့။ ခု ဟိုတစ်လောက ရဲဘော်ဖြူ ငါးယောက်ကို ဘရင်းဂန်းနဲ့ ပစ်ပြေးပြီး အစိုးရဘက် ထွက်ပြေးသွားတဲ့ စိန်မောင် ကိစ္စမှာလည်း အစိုးရတပ်တွေ ကုန်းဘောင်ရွာမှာ ရှိနေတယ်ဆိုတာ ဆရာငြိမ်း မြို့က ပြန်လာလို့ သိခဲ့ရပြီး စိန်မောင်ကို တစ်ဆင့် ပြောပေးတာတဲ့။ အစိုးရတပ်က ကုန်းဘောင်မှာ ရောက်နေမှန်းသာမသိရင် စိန်မောင် ဟာ ဒီလိုလုပ်ပြီး ထွက်မပြေးရဲဘူးတဲ့။ ထွက်ပြေးရင်လည်း သူတို့လက်ထဲက မလွတ်ဘူးတဲ့။ အဲဒါ ခုတော့ ဆရာငြိမ်း ပြောပေးလို့ဆိုပြီး ဆရာငြိမ်းကို သတ်ကြမလို့တဲ့။ အဲဒါ ဒီညချင်း ဆရာငြိမ်းလည်း ပြေးမှဖြစ်မယ်။ သူတို့ ခုညတွင်းချင်း လာဖမ်းပြီး ညတွင်းချင်းသတ်ရမယ်တဲ့။ပြီး သူတို့ ညတွင်းချင်း ဌာနချုပ်ကိုပြန်ကြမယ်တဲ့။ အဲဒါကြောင့် ဟိုကောင်လေးကို ခေါ်လာကြတာဟာလည်း လမ်းပန်းကိစ္စနေမှာပေါ့။ အဲဒါ ဆရာငြိမ်း အခု ပြေးဖို့လုပ်တော့။ ခုလောက်ဆို သူတို့ အစီအစဉ်တောင် လုပ်နေကြပြီလား မသိဘူး"
ဦးကျော်ထွန်းစကားကို ကြားရသော အခါ သူတို့အားလုံးမှာ စိတ်မကောင်းခြင်း ကြီးစွာနှင့် သက်မ ပြိုင်တူချလိုက်ကြသည်။
“ဒီလောက်တောင် အထင်အမြင် မှားနေကြတာ ကျွန်တော်တော့ သူတို့နဲ့ အတွေ့ ခံပြီး ရှင်းပြချင်သေးတယ် ဦးကျော်ထွန်း”
“ဖြစ်ပါ့မလား ဆရာ”
“ဟယ် ဘယ်ဖြစ်မလဲ မောင်ငြိမ်းရယ်၊ သူတို့ကိုရှင်းပြလို့ ဘယ်လက်ခံမလဲ၊ လုပ် လုပ် ပြေးဖို့သာလုပ်”
ကိုထွန်းငြိမ်းအဒေါ်က စိုးရိမ်တကြီး နှင့် ပြေးရန်ပြော၏။
“ဟုတ်တယ် မောင်ထွန်းငြိမ်း၊ သူတို့မှာ တရားရှိတာမဟုတ်ဘူး။ လူတစ်ယောက် အသက် သတ်ရမှာလည်း ပုရွက်ဆိတ်တစ်ကောင် သတ်ရမှာလောက် ဝန်လေး ကြတာမဟုတ်တော့ ခုလောလောဆယ်မှာ မင်း ရှောင်နေတာက အကောင်းဆုံးပဲ”
“ဟုတ်တယ် အစ်ကို၊ ခုနေခါ ကိုယ့် ဘက်က ရပ်တည်မယ့်လူဆိုလို့ ကိုရဲမြင့် လည်းမရှိတော့ အစ်ကို ရှောင်နေတာ ကောင်းမယ်။ နောက် ကိုရဲမြင့်ကိုတွေ့တော့ ညီမလည်း အကျိုးအကြောင်းပြောပြပြီး အကူအညီ တောင်းနိုင်တာပေါ့”
ကိုထွန်းငြိမ်းမှာ အကြံအိုက်နေမိ၏။ သူ့ကိစ္စပြောရာတွင် “ကိုရဲမြင့် ကိုရဲမြင့်” ဟု ပါလာသော မခင်မှီ၏စကားကိုလည်း မကျေနပ်ချင်။ ထို့ကြောင့် မခင်မှီ၏မျက်နှာ ကိုလည်း ကွက်ခနဲ တစ်ချက်လှမ်းကြည့် လိုက်သည်။
မျက်ရည်လည်ရွဲနှင့် သူ့ကိုသာ ငေး ကြည့်နေသော မခင်မှီ၏ ညှိုးငယ်သော ရုပ်သွင်ကို မြင်ရသောအခါ ရင်ထဲ ဆို့နင့် ချင်သလို ဖြစ်သွားပြန်သည်။
အမှန်က ကိုထွန်းငြိမ်းသည် ယနေ့၌ ရဲဘော်ဖြူဆိုသူများနှင့် ပတ်သက်၍ ကိုရဲမြင့် ကိုပင် သူ့စိတ်ထဲ နာကြည်းလျက်ရှိနေလေ ပြီ။
“ကဲ ဆရာငြိမ်း ကျွန်တော် သွားပါဦးမယ်။ ဒီကိစ္စ ပေါက်ကြားရင်တော့ ကျွန်တော်ပါ အသတ်ခံရမှာ ကျိန်းသေပါပဲ။ အဲဒါကြောင့် ဆရာငြိမ်းရော၊ ဒီက အဒေါ်တို့နဲ့ မခင်မှီကိုပါ ကျွန်တော် နောက်ဆုံးတောင်းပန်ချင်တာက ဒီလို အသက်စွန့်ပြီး လာပြောရတဲ့ ကျွန်တော့် စေတနာကို သဘောပေါက်ကြပါဗျာ”
“စိတ်ချပါ ဦးကျော်ထွန်း၊ ကျွန်တော့် အသက်ဟာ ဦးကျော်ထွန်းပေးတဲ့ အသက်ပါဗျာ။ ကျေးဇူးလည်း အထူးတင်ပါတယ်”
ဆက်လက်ဖော်ပြပါမည်။