မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီး ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ကျန်းမာရေး ဝန်ထမ်းများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ တွေ့ဆုံ

 

မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီး ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ကျန်းမာရေး ဝန်ထမ်းများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ တွေ့ဆုံ

 

နေပြည်တော်   ဇန်နဝါရီ   ၉

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်  ဒေါ်ဒွဲဘူနှင့်ဒေါက်တာမှုထန်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး  ဒေါက်တာသက်ခိုင်ဝင်းတို့သည် ယမန်နေ့ညနေပိုင်းက မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိကာ   ကျန်းမာရေး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူက ဒေသခံပြည်သူလူထုကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် မြစ်ကြီးနားပြည်သူ့ ဆေးရုံကြီး၌ တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေး ဝန်ထမ်းများအား အထူးကျေးဇူးတင်ရှိကြောင်း၊ ဤဆေးရုံကြီးသည်   ကချင်ပြည်နယ်ဒေသခံ ပြည်သူလူထုအားကိုးသည့် ဆေးရုံကြီးဖြစ်သည့် အားလျော်စွာ ဆေးရုံကြီး၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်နယ်ဂုဏ်ဆောင် ပြည်သူ့ဆေးရုံကြီးဖြစ်အောင် ဆက်လက်ကြိုးစားသွားစေ လိုကြောင်း ပြောကြားသည်။

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လူမှုရေး ဦးတည်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ပြည်သူ့ကျန်းမာရေး ဆိုင်ရာ ရောဂါကာကွယ် နှိမ်နင်းရေး လုပ်ငန်းများ၊ ပြည်သူများ    စိတ်ချမ်းသာစွာ အရည်အသွေးပြည့်ဝသည့် ကုသမှု ခံယူနိုင်ရေး အတွက် ပြည်သူ့ဆေးရုံများ အဆင့်မြှင့်တင်ခြင်းနှင့် အခြေခံအဆောက်အဦများ ဖြည့်ဆည်းခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူဖြည့်ဆည်းခြင်း၊  ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်များ ဖြည့်ဆည်းမြှင့်တင်ခြင်းတို့ကို   ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ဒေသခံပြည်သူလူထု အကျိုးရှိစေရန်  ရည်ရွယ်၍ ပြည်သူ့ဆေးရုံကြီးများတွင် ဓာတ်ခွဲ၊ ဓာတ်မှန်၊ ရောဂါရှာဖွေရေး လုပ်ငန်းများကို အဆင့်မြှင့်တင်   ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆေးကုသမှု လုပ်ငန်းအပြင် လူနာများအား   နွေးထွေးပျူငှာစွာ ဆက်ဆံရန် လိုအပ်ကြောင်း၊ နိုင်ငံတော်မှ ထောက်ပံ့သည့် ဆေးနှင့်ဆေးပစ္စည်းများကို ဒေသခံပြည်သူလူထု အကျိုးရှိစေရေး သုံးစွဲကြရမည်ဖြစ်ကြောင်း၊ ဆေးရုံဥပဓိရုပ် ကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေး တို့အတွက် အားလုံးဝိုင်းဝန်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာကြသည့် အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေး ဝန်ထမ်းများက လိုအပ်ချက်များကို တင်ပြကြရာ  ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

အဆိုပါ  တွေ့ဆုံပွဲသို့ ကချင်ပြည်နယ် ကုသရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြစ်ကြီးနားမြို့  ပြည်သူ့ဆေးရုံကြီး၊ မူးယစ်ဆေးစွဲရောဂါကု ဆေးရုံ၊ ကချင်ပြည်နယ်  တိုင်းရင်းဆေးပညာ ဦးစီးဌာနစသည်တို့မှ   ကျန်းမာရေး ဝန်ထမ်းများ၊ မိုးညှင်း၊   ဝိုင်းမော်၊   မိုးကောင်းမြို့နယ်တို့မှ   ဆေးရုံအုပ်/မြို့နယ် ကုသရေး ဦးစီးဌာနမှူးများ တက်ရောက် ခဲ့ကြောင်း သိရသည်။