မြန်မာနိုင်ငံရောဂါဗေဒ ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၄) ကျင်းပ

 

မြန်မာနိုင်ငံရောဂါဗေဒ ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၄) ကျင်းပ

 

နေပြည်တော်  ဇန်နဝါရီ  ၉

    ကျန်းမာရေးဝန်ကြီးဌာနက ဦးဆောင်ကျင်းပသည့် မြန်မာနိုင်ငံ ရောဂါဗေဒပညာ ရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၄) (Myanmar Pathology Conference 2024) ဖွင့်ပွဲအခမ်းအနားကို    "Pathology Updates in Theranostic Era"ဆောင်ပုဒ်နှင့်အညီ ယနေ့နံနက်ပိုင်းတွင် ဆေးတက္ကသိုလ်(၁) ရန်ကုန်လမ်းမတော်ဝင်း၌ ကျင်းပရာ ဖွင့်ပွဲအခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။  

 ယင်းနောက် ဒုတိယဝန်ကြီးက ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ပြောင်းလဲဖြစ်ပေါ်လာသည့် ဘာသာရပ်ဆိုင်ရာ တိုးတက်မှုများကို လက်လှမ်းမီသိရှိနိုင်ရန် ယခုကဲ့သို့ နှီးနှောဖလှယ်ပွဲများ ကျင်းပခြင်းဖြစ်ကြောင်း၊ ပြည်သူ့ဆေးရုံများတွင် ဓာတ်ခွဲစစ်ဆေးမှုများကို အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ ဝန်ကြီးဌာနအနေဖြင့် ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ရန်နှင့် လိုအပ်သည့်စက်ပစ္စည်းနှင့် ဓာတ်ဆေးပစ္စည်းများကို ဖြည့်တင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆေးပညာဘာသာရပ် နယ်ပယ်အသီးသီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရှိနေစေရန်နှင့် ပညာရှင်တစ်ဦးစီ၏ ပညာရပ်ဆိုင်ရာ အရည်အသွေး (Academic quality) ကျင့်ဝတ်နှင့် တာဝန်ယူတတ်မှု (Professional ethic, duty and responsibility)၊ ပရဟိတစိတ်နှင့် လူသားဆန်မှု (Humanity) ပြည့်စုံရန်လိုကြောင်း။

ယခုကျင်းပသည့် မြန်မာနိုင်ငံ ရောဂါဗေဒ ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၄)တွင် မြန်မာနိုင်ငံမှ ရောဂါဗေဒ ပညာရှင်ကြီးများ၊ နိုင်ငံတကာမှ ရောဂါဗေဒပညာရှင်များ၊ မျိုးဆက်သစ်ရောဂါဗေဒ ပညာရှင်များ တက်ရောက်ကြပြီး ရောဂါဗေဒ ပညာရပ် နယ်ပယ်သစ် တိုးတက်ဖြစ်ထွန်းမှုများ၊ လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံများ၊ ရောဂါဗေဒပညာရပ်၏ ပင်မရောဂါရှာဖွေရေး ကဏ္ဍကိုကျော်လွန်ပြီး ကုသမှုအပိုင်းတွင် စွမ်းဆောင်နိုင်မှုများကို ဆွေးနွေးကြမည်ဖြစ်ပြီး သုတေသန စာတမ်းများကိုလည်း ဖတ်ကြားဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရှိရသည့်အတွက် ရောဂါရှာဖွေကုသခြင်း နယ်ပယ်အတွက် အလွန်တန်ဖိုးရှိကြောင်း၊ ရောဂါဗေဒပညာရှင်များ၏ အရည်အသွေး မြှင့်တင်ခြင်းနှင့်အတူ ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေး တိုးတက်မြင့်မား လာမည်ဟု ယုံကြည်ကြောင်း၊ ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုများကို ပြည်သူ့ဆေးရုံများတွင် အခမဲ့ ဆောင်ရွက်ပေးလျက်ရှိသဖြင့်   ပြည်သူလူထုအတွက်  များစွာအကျိုးရှိကြောင်း ပြောကြားသည်။

နှီးနှောဖလှယ်ပွဲ   အခမ်းအနားသို့ ကျန်းမာရေး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးနှင့်ဆေးနှီးနွှယ် တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊  မြန်မာနိုင်ငံဆေးကောင်စီနှင့် အသင်းများမှ ဥက္ကဋ္ဌများ၊ ပြည်ထောင်စု ဝန်ကြီး(ငြိမ်း) ပါမောက္ခဒေါက်တာဖေသက်ခင်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဗဟိုအဆင့် ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးများ၊ ရောဂါဗေဒဘာသာရပ် နာယက အငြိမ်းစားဆရာ/ ဆရာမကြီးများ၊    ရောဂါဗေဒဌာနများမှ ပါမောက္ခ/ဌာနမှူးများ၊ ပါမောက္ခများနှင့် ရောဂါဗေဒဆရာဝန်များ အပါအဝင် ၂၅၀ခန့် တက်ရောက်ခဲ့ကြသည်။

အကြိုအလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့က ဆေးတက္ကသိုလ်(၂)ရန်ကုန်၌ကျင်းပခဲ့ပြီး နှီးနှောဖလှယ်ပွဲကို ဆေးတက္ကသိုလ်(၁) ရန်ကုန်တွင် ဇန်နဝါရီလ ၁၀ ရက်အထိ ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။