လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ်များ (Mobile Medical Units) ဖြင့် အလုပ်သမား ဝန်ကြီးဌာနရှိ ဝန်ထမ်းများ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေး

 

 

 

လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ်များ (Mobile Medical Units) ဖြင့် အလုပ်သမား ဝန်ကြီးဌာနရှိ ဝန်ထမ်းများ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေး

 

နေပြည်တော်  ဇန်နဝါရီ  ၉

    အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ    ရွေ့လျား ဆေးကုသယာဉ်များ (Mobile Medical Units) ဖြင့် ဇန်နဝါရီလ ၁ ရက်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ စက်မှုဇုန်များသို့ လည်းကောင်း၊ ဇန်နဝါရီလ ၂ ရက်မှစတင်၍ နေပြည်တော်ကောင်စီရှိ ဝန်ကြီးဌာနများသို့ လည်းကောင်း  ရွေ့လျားဆေး ကုသယာဉ် (Mobile Medical Units) သုံးစီးဖြင့် လူမှုဖူလုံရေး အကျုံးဝင် အလုပ်သမားများကို အလုပ်ဌာနများ အရောက် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ယနေ့နံနက်ပိုင်းတွင် လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျား ဆေးကုသယာဉ်ဖြင့် ရုံးအမှတ်(၅၁) အလုပ်သမားဝန်ကြီးဌာနသို့ သွားရောက်၍ ဝန်ထမ်းများကို ကျန်းမာရေး စောင့်ရှောက်မှုများ အနေဖြင့်  ဝန်ထမ်း၄၅၀ ဦးကို လိုအပ်သော ဆေးဝါး ကုသမှုများ၊ ၁၇၄ ဦးကို  ဓာတ်ခွဲစစ်ဆေးမှုများ၊ ၄၂ ဦးကို နှလုံးအတွက်   ECG  စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး  ဦးဝင်းရှိန်နှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးသည်။

လူမှုဖူလုံရေးအဖွဲ့မှ လူမှုဖူလုံရေး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် အကျုံးဝင် အာမခံအလုပ်သမား ၁ ဒသမ၂ သန်းကျော် ရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုအတွက် လူမှုဖူလုံရေး အဖွဲ့ပိုင်   ဆေးရုံကြီးသုံးရုံ၊ မြို့နယ်လူမှုဖူလုံရေး ဆေးခန်း   ၉၆ ခန်း၊ ဌာနကြီးဆေးခန်း ၆၀၊   စာချုပ်ဆေးခန်း ၅၄ ခန်း၊ သားဖွားမီးယပ်ပြင်ပ လူနာကုသမှု (Specialist OG OPD)ဆောင်ရွက်သည့် စာချုပ်ဆေးခန်း ၂၃ ခန်း၊ မီးဖွားဝန်ဆောင်မှု ဆောင်ရွက်လျက်ရှိသော စာချုပ်ဆေးရုံ/ သားဖွားခန်း ၁၂ ခန်း၊ တိုင်းရင်းဆေးခန်း တစ်ခန်းတို့ဖြင့် ဝန်ဆောင်မှုဆောင်ရွက်ပေး လျက်ရှိသည်။          

နေပြည်တော်ကောင်စီရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့်  လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်)ရှိ ဝန်ထမ်းများကို ကျန်းမာရေး စောင့်ရှောက်မှုများ အနေဖြင့် ဇန်နဝါရီလ ၁၀ ရက်မှ ၁၅ ရက်ထိ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။