မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဘုရား/စေတီ၂၈ ဆူမှ ဂေါပကအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ ပါဝင်သည့် ဘုရားဖူးအဖွဲ့များသည် ယနေ့နံနက်ပိုင်းတွင် ဒုတိယအကြိမ်အဖြစ် လာရောက်ဖူးမြော်သူများ၏ စကားသံများ

 

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဘုရား/စေတီ၂၈ ဆူမှ ဂေါပကအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ ပါဝင်သည့်  ဘုရားဖူးအဖွဲ့များသည်  ယနေ့နံနက်ပိုင်းတွင် ဒုတိယအကြိမ်အဖြစ် လာရောက်ဖူးမြော်သူများ၏ စကားသံများ

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်အတွင်း တည်ထားပူဇော်ထားသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရား/စေတီ၂၈ ဆူမှ ဂေါပကအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များပါဝင်သည့်  ဘုရားဖူးအဖွဲ့များသည်  ယနေ့နံနက်ပိုင်းတွင် ဒုတိယအကြိမ်အဖြစ် လာရောက်ဖူးမြော် ကြည်ညိုခဲ့ကြသည်။ အဆိုပါဘုရားဖူး အဖွဲ့ဝင်များ၏ စကားသံများကိုလည်း အောက်ပါအတိုင်း ကြားသိခဲ့ရပါသည်-

ဦးလှမြင့်၊ ရွှေတိဂုံစေတီတော်၊ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်

      ကျွန်တော်တို့ အခုခရီးစဉ်ကို လာဖြစ်တာကတော့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ စီမံခန့်ခွဲမှုနဲ့ သူ့ရဲ့စေတနာကြောင့်ပါ။ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဘုရား/စေတီ ၂၈ ဆူမှ ဂေါပကအဖွဲ့တွေကို ဒုတိယအကြိမ်မြောက်   လာရောက်ပို့ဆောင်ပြီး ဖူးမြော်စေခြင်းဖြစ်ပါတယ်။ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို အရင်တစ်ကြိမ် ဖူးပြီးပါပြီ။ အခုလည်း  ဒုတိယအကြိမ်ထပ်ပြီး ဖူးရပါတယ်။ အများကြီးဝမ်းသာ ပီတိဖြစ်ရပါတယ်။ ဘာနဲ့မှနှိုင်းစရာ မရှိလောက်အောင် ပါပဲ။ ခေတ်သစ်ဗိသုကာ လက်ရာတွေ၊ ခေတ်သစ်သိပ္ပံနည်းတွေနဲ့ သာသနာတော်အတွက်   တကယ့်ကမ္ဘာမှာ ပြယုဂ်ကြီးဖြစ်အောင် လုပ်ထားတာကို အထူးပဲအံ့မခန်း တွေ့ရပါတယ်။ ဘုရားကြီး တည်ထားပေးတဲ့ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တကွ နိုင်ငံတော်အကြီးအကဲများ၊ တာဝန်ယူ ဆောင်ရွက်ခဲ့ကြတဲ့ ပုဂ္ဂိုလ်များ၊ ဒီနေရာမှာ လက်ရှိ စီမံခန့်ခွဲနေကြတဲ့ ဒုတိယဗိုလ်ချုပ်ကြီးညိုစောနဲ့ တကွ သက်ဆိုင်ရာ ဂေါပကတွေကိုလည်း အထူးပဲကိုယ်ချင်းစာပါတယ်။ ကျွန်တော်တို့ ရွှေတိဂုံဘုရားဆိုတာ အသားကျပြီးသားပါ။ နှစ်ပေါင်း ၂၆၀၀ ရှိပြီဆိုတော့ အသားကျပြီး သားပါ။ ဒီမှာက ကျယ်ပြန့်တဲ့ဧရိယာကြီးကို ထိန်းသိမ်းရတာဖြစ်လို့ အတော်လေး အခက်အခဲရှိပါတယ်။ စီမံခန့်ခွဲမှုကောင်းမှ ရမှာဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ ဂေါပကချင်း ကိုယ်ချင်းစာမိပါတယ်။ ကိုယ်သာ ဂေါပကဆိုရင် ဘယ်လိုစီမံခန့်ခွဲမလဲပေါ့။ နောက်တစ်ချက်က ဒီဘုရားကြီးက ဧရိယာ အရမ်းကျယ်ပါတယ်။ ဧက ၂၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ရွှေတိဂုံဘုရားဆိုရင် ၁၄ ဧကရှိပါတယ်။ ရွှေတိဂုံရင်ပြင်က ၁၄ ဧကပဲရှိတယ်ဆိုတော့ ထိန်းသိမ်းရတာက ကျစ်လျစ်မှုရှိတယ်။ လုပ်ရကိုင်ရတာ အဆင်ပြေတယ်။ ဒီမှာကျတော့ ရင်ပြင်တော်ဧရိယာက အကျယ်ကြီးဖြစ်နေတော့ ထိန်းသိမ်းဖို့ဆိုတာ   ကျွန်တော့်အနေနဲ့ ကိုယ်ချင်းစာပါတယ်။  လာရောက်ကြတဲ့ ဘုရားဖူးတွေကို   ရင်သပ်ရှုမောဖွယ်ဖြစ်အောင်၊ ကြည်ညိုဖွယ်ဖြစ်အောင်၊ ဂုဏ်ယူရအောင်၊ တို့မြန်မာပြည်မှာ ခေတ်သစ်မှာ ဒီလိုဘုရားမျိုးကြီးရှိပါလား၊ကမ္ဘာကိုရင်ပေါင်တန်းနိုင်တဲ့    ဒီလိုဘုရားမျိုးရှိပါ လားဆိုပြီး ဘုရားဖူးတစ်ယောက်အနေနဲ့ရော၊ လက်ရှိဆောင်ရွက်နေတဲ့ဂေါပက အဖွဲ့ဝင်တစ်ယောက်အနေနဲ့ရော ဂုဏ်ယူမိပါတယ်။ လိုအပ်သလိုလည်း အကြံပြုသွားမှာဖြစ်ပါတယ်။ ကျွန်တော့်ရဲ့အမြင်ပြောရရင် ဘုရားကြီးတစ်ဆူဟာ သက်ဆိုင်ရာ ဘုရားစေတီပုထိုးတွေရဲ့ ဂေါပကတွေရယ်၊ ဘုရားဖူးတွေရယ်  ဟန်ချက်ညီညီလေးနဲ့ တြိဂံလေးဖြစ်ဖို့   တဖြည်းဖြည်းနဲ့ပြုပြင် သွားရမှာဖြစ်ပါတယ်။   ဘုရားဖူးတွေက လှူနိုင်တန်းနိုင်အောင်၊   လှူချင်စိတ်ပေါ်လာအောင်  အလှူခံမဏ္ဍပ်တွေ၊ အလှူခံပုံးတွေ သဒ္ဓါပေါက်အောင် လုပ်ဆောင်နေရမှာဖြစ်ပါတယ်။  ဒီလောက်ကောင်းတဲ့ ပရိဝုဏ်ကြီးကို ထိန်းသိမ်းနိုင်တာ  ဂုဏ်ယူပါတယ်။    မြန်မာပြည်မှာရှိတဲ့   ခေတ်အဆက်ဆက်ဘုရားတွေ၊ တန်ခိုးကြီးဘုရားတွေရှိကြပါတယ်။  မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးက နောက်ဆုံးပေါ် နည်းပညာတွေ၊ နောက်ဆုံးပေါ်အတတ်ပညာတွေနဲ့ စနစ်တကျ ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် ရွှေတိဂုံဘုရားကြီးလိုပဲ  နောင်နှစ်ပေါင်းထောင်ချီပြီး တည်တံ့နေမှာ ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။

ဦးသောင်းမြဦး၊ ဗိုလ်တထောင်ဘုရား၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်

      အခုလို မာရဝိဇယ ရုပ်ပွားတော်ကြီးကို လာရောက်ဖူးမြော်ဖို့ စီစဉ်ပေးတဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန တာဝန်ရှိသူအားလုံးနဲ့ ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ပါတယ်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကြီးရဲ့ အံ့မခန်းတဲ့ ဗိသုကာပညာတွေကို မြင်ရတော့ ဗုဒ္ဓဘာသာဝင်တစ်ယောက် အနေနဲ့ အတိုင်းထက်အလွန် ဝမ်းသာပီတိဖြစ်မိပါတယ်။ မာရဝိဇယရုပ်ပွားတော်ကြီးကို ခုလိုဖူးမြော်ခွင့်ရအောင် တည်ထားကိုးကွယ်ပေးတဲ့  ဘုရားဒါယကာကြီး  နိုင်ငံတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ အနယ်နယ်အရပ်ရပ်က ဗုဒ္ဓဘာသာဝင်တွေလည်း ခုလိုအံ့ဖွယ်ထူးခြားတဲ့   မာရဝိဇယရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ခွင့်ရှိတုန်း လာရောက်ဖူးမြော်ဖြစ်အောင် ဖူးမြော်ကြဖို့ တိုက်တွန်းလိုပါတယ်။

ဦးလှထွန်း၊ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်

      အခုလို မာရဝိဇယရုပ်ပွားတော်မြတ်ကြီးကို   လာရောက် ဖူးမြော်ခွင့်ရတဲ့အတွက် အလွန်အင်မတန် ဝမ်းသာပီတိဖြစ်ရပါတယ်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ထား ကိုးကွယ်နိုင်ခြင်းအားဖြင့်   ဗုဒ္ဓဘာသာ သာသနာတော်ကြီးလည်း အဓွန့်ရှည်တည်တံ့ပြီးတော့ မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာသာသနာကို   ထင်ထင်ရှားရှား ပြသနိုင်ခဲ့တဲ့အတွက်လည်း ဝမ်းသာပီတိဖြစ်မိပါတယ်။ ခုလို မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြော်တဲ့ အခါမှာ တည်ဆောက်တဲ့အရာတွေကို   အသေးစိတ် တွေ့ရှိရတဲ့အတွက် ကျွန်တော်တို့ ဘုရားတွေမှာလည်း လက်ရှိလုပ်နေတာထက်ပိုပြီး တိုးတက်အောင် ခေတ်မီနည်းပညာတွေကို အသုံးချပြီးတော့ ပိုလုပ်နိုင်တော့မှာဖြစ်တဲ့ အတွက်လည်း ဝမ်းသာပီတိဖြစ်ရပါတယ်။

ဦးမြင့်လွင်၊ ဥက္ကလာပစေတီတော် ဂေါပကအဖွဲ့ဝင်

    နိုင်ငံတော်အကြီးအကဲရဲ့ စီမံခန့်ခွဲမှုနဲ့ ကမ္ဘာမှာဉာဏ်တော် အမြင့်ဆုံးဖြစ်တဲ့ ထိုင်တော်မူ စကျင်ကျောက် ဗုဒ္ဓဆင်းတုရုပ်ပွားတော်ကြီးကို ထုပေးနိုင်တဲ့ စွမ်းအားနဲ့ မြန်မာနိုင်ငံသူ   နိုင်ငံသားတွေရဲ့စေတနာသဒ္ဓါ တရားတွေဟာ အင်မတန်မှ အံ့သြပြီး ချီးကျူးစရာကောင်းပါတယ်။ ပညာရှင်တွေကလည်း သူတို့တတ်စွမ်းသမျှ ပညာတွေကို အစွမ်းကုန် ထုတ်သုံးပြီးတော့ လုပ်ထားတာ တွေ့ရတဲ့အတွက်လည်း အင်မတန်ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒီဘုရားကြီးက စီမံခန့်ခွဲမှုတွေကို သေချာအတုယူပြီးတော့ ဥက္ကလာပစေတီကို ကောင်းမွန်တဲ့ နည်းစနစ်တွေနဲ့ အများကြည်ညိုဖွယ်ဖြစ်အောင် ကြိုးစားဆောင်ရွက်သွားပါမယ်။ ဒီဘုရားကြီးကို ဗုဒ္ဓဘာသာနိုင်ငံ အသီးသီးက ဆရာတော်ကြီးတွေ ကိုယ်တိုင်ကြွချီပြီး ဗုဒ္ဓါဘိသေက အနေကဇာတင်ပေးခဲ့တဲ့ ဘုရားကြီးဖြစ်လို့   အင်မတန်မှ ဝမ်းသာပီတိဖြစ်ရပါတယ်။   ဗုဒ္ဓဘာသာ သာသနာတော်ကြီး မြန်မာပြည်မှာ အဓွန့်ရှည်တည်တံ့နိုင်ဖို့ အားလုံးကနေပြီး သဒ္ဓါတရားထက်သန်စွာနဲ့ ကြိုးစားဆောင်ရွက်ခဲ့လို့သာ ခုလိုပြီးမြောက် အောင်မြင်သွားတာ ဖြစ်ပါတယ်။ ဆတက်ထမ်းပိုး တိုးပြီးတော့လည်း မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာသာသနာ အဓွန့်ရှည်တည်တံ့ခိုင်မြဲပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ဒီလောက် ဉာဏ်တော်လည်းမြင့်တယ်၊ ထုထည်လည်း ကြီးတယ်၊ နောက်ပြီး ဝေးလံတဲ့အရပ်က နေပြီးတော့  သင်္ဘောတစ်တန်၊ ကားတစ်တန်နဲ့   အဆင့်ဆင့်သယ်ယူပြီးတော့မှ မြန်မာ့ဗိသုကာပညာရှင်၊   မြန်မာ့အနုလက်ရာ ပညာရှင်တွေရဲ့ စုပေါင်းစွမ်းအား၊ နိုင်ငံတော် အကြီးအကဲရဲ့စီမံခန့်ခွဲမှုအားနဲ့   မြန်မာ့ယဉ်ကျေးမှု အနုပညာလက်ရာတွေကို အဆင့်ဆင့် ထိန်းသိမ်းလာနိုင်အောင် အဘက်ဘက်က ဆောင်ရွက်ပေးခဲ့ကြတဲ့အတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

မဟာသဒ္ဓမ္မဇောတိကဓဇ ဦးမျိုးမင်း၊ သမိုင်းဝင် မဟာဓမ္မရံသီ အိမ်တော်ရာစေတီတော်၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌ

      အခုလိုမာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ခွင့်ရတာ အထူးပဲဝမ်းမြောက်ပီတိဖြစ်မိပါတယ်။ မာရဝိဇယဘုရားကြီးကို ရောက်တဲ့အချိန်မှာ   ရှင်းလင်းဆောင်မှာ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက ဘုရားကြီးနဲ့ ပတ်သက်တဲ့ဖြစ်ပေါ်လာပုံ အဆင့်ဆင့်ကို ရှင်းပြပါတယ်။ ဘုရားကြီးတည်တဲ့ ရည်ရွယ်ချက်ကို ရှင်းပြတဲ့အခါမှာ ကျွန်တော် မှတ်သားလိုက်ရတာက မြန်မာနိုင်ငံ ထေရဝါဒဗုဒ္ဓဘာသာရဲ့ ဗဟိုချက်ဖြစ်စေရန်ဆိုတဲ့ အချက်တစ်ချက်ကို မှတ်သားလိုက်ရတာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာ ကိုးကွယ်ကြတဲ့ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ လာအိုစသည်ဖြင့် ငါးနိုင်ငံ ရှိတယ်ဆိုတာကို လေ့လာမှတ်သား ရှိခဲ့ပါတယ်။ အဲဒီဗုဒ္ဓဘာသာ ကိုးကွယ်ကြတဲ့ ငါးနိုင်ငံမှာ မြန်မာနိုင်ငံဟာ ထေရဝါဒဗုဒ္ဓ ဘာသာစည်ပင် အပြန့်ပွားဆုံးသော နိုင်ငံတစ်ခုဖြစ်ပါတယ်။    ဒီလိုဂုဏ်ဒြပ်တွေနဲ့ အညီပဲ ဒီကနေ့ နေပြည်တော်မှာ ဧရိယာ အကျယ်အဝန်း ၂၅၅ ဧကမှာ တည်ထားကိုးကွယ်ထားတဲ့ပလ္လင်တော်ကြီးနဲ့ဉာဏ်တော်

အပါအဝင် ၈၁ ပေအမြင့်ရှိတဲ့ ကျောက်ဆစ်ရုပ်ပွားတော်ကြီးကို တည်ထားတာဆိုရင် ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ ခုလိုဖူးမြော်ခွင့်ရလို့ အထူးပဲဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။ ဒီဘုရားကြီးကို တည်တဲ့နေရာမှာလည်း အခက်အခဲပေါင်းစုံ၊ စိန်ခေါ်မှုပေါင်းစုံ၊    အတိမ်းအစောင်းမခံတဲ့  Procedures လေးတွေကိုလည်း လေ့လာမှတ်သားသိရှိခဲ့ရပါတယ်။ ဒီလိုအချိန်မျိုးမှာ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက Plan ကောင်းကောင်းနဲ့ Technology  အပြည့်အစုံနဲ့ အဘက်ဘက်ကနေ Participate လုပ်ပြီးတော့ ဒီဘုရားကြီးကို တည်သွားတာဟာ တော်တော်လေးလည်း ချီးကျူးမိပါတယ်။ ဒီဘုရားကြီးနဲ့ ပတ်သက်တဲ့ သာသနာရေးဆိုင်ရာ အခမ်းအနားတွေကို ရှင်းပြသွားတဲ့ Procedures  လေးတွေကလည်း ကျွန်တော်တို့လို   ဂေါပကတွေအတွက် အထူးပဲ မှတ်သားရတဲ့ တန်ဖိုးရှိတဲ့ အချက်အလက်တွေပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီခရီးစဉ်က ကျွန်တော်တို့ ဂေါပကတွေအတွက် သင်ခန်းစာတွေ၊ အတွေ့အကြုံတွေ၊ အတုယူစရာတွေအများကြီးရရှိတဲ့ အင်မတန်မှတန်ဖိုးရှိတဲ့ ခရီးစဉ်တစ်ခုလို့ ပွင့်ပွင့်လင်းလင်းပဲ ဖြေကြားချင်ပါတယ်။    ။