ဝမ်းရေးထက်ပင် ခက်ပါသည်

 

ဝမ်းရေးထက်ပင် ခက်ပါသည်

 

ယမန်နေ့မှအဆက်

 

     “ကဲ ဆရာငြိမ်း ကျွန်တော် သွားပါဦးမယ်။   ဒီကိစ္စ ပေါက်ကြားရင်တော့ ကျွန်တော်ပါ အသတ်ခံရမှာ ကျိန်းသေပါပဲ။ အဲဒါကြောင့် ဆရာငြိမ်းရော၊ ဒီက အဒေါ်တို့နဲ့    မခင်မှီကိုပါ   ကျွန်တော်နောက်ဆုံး တောင်းပန်ချင်တာက ဒီလို အသက်စွန့်ပြီး လာပြောရတဲ့   ကျွန်တော့်စေတနာကို   သဘောပေါက်ကြပါဗျာ”

“စိတ်ချပါ ဦးကျော်ထွန်း၊ ကျွန်တော့် အသက်ဟာ ဦးကျော်ထွန်းပေးတဲ့ အသက်ပါဗျာ။ ကျေးဇူးလည်း အထူးတင်ပါတယ်”

“ကျွန်တော့်အနေက ဆရာငြိမ်းကို ကိုယ့်ရွာ၊ ကိုယ့်ပြည်သား လူ့အဖိုးတန် တစ်ယောက်ဆုံးရှုံးရမှာ နှမြောလိုပါ။ ကဲ သွားပါမယ်”

“ဟုတ် ဟုတ်၊ ကျေး ကျေးဇူးပါပဲ ဦးလေးရယ်”

မခင်မှီသည် မျက်ရည်ကြားက ကျေးဇူးတင်စကား ကို စိတ်တင်း၍ပြောလိုက်ရသည်။

“ကဲ အစ်ကို၊ လုပ်ပါ အစ်ကိုရယ်။ သူတို့ကို အစ်ကို ရင်ဆိုင်လို့ မဖြစ်ပါဘူး”

မခင်မှီရော၊ ဦးလေး၊ အဒေါ်တို့ကပါ ဝိုင်းပြောကြသောအခါ ကိုထွန်းငြိမ်းမှာ အဝတ်ပင်မလဲတော့ဘဲ နောက်ထပ်အဝတ်သုံးလေးထည်ကို   လွယ်အိတ်ထဲထည့်ကာ အိမ်မှ၊  ရွာမှ ဇနီးမယား၊ ဆွေမျိုးများဆီမှ ထွက်ခွာလာခဲ့ရလေသည်။

မခင်မှီကမူ တရှုပ်ရှုပ်ငို၍ ကျန်ခဲ့၏။

ကလေးသူငယ်များ မီးပုံးပျံလွှတ်ရာမှ အသံသည် မကြာခင် တိတ်ဆိတ်သွားသည်။ ထို့နောက် ဘုန်းကြီး ကျောင်းရှေ့ကွင်းပြင်မှ ဆိုင်းသံ၊ ဗုံသံ၊ ဒိုးပတ်သံများလည်း တိတ်ဆိတ်သွားပြန်သည်။

တန်ဆောင်မုန်းလ၏ ရှစ်ရက်လကား သာမြဲတည်း။

အေးချမ်းငြိမ်သက်သော   ညပင်ဖြစ်လင့်ကစား မခင်မှီနှင့်တကွ ဦးလေး၊ အဒေါ်တို့မှာ အိပ်မပျော်နိုင် ကြပေ။ အိမ်ရှေ့ခြံထဲက သစ်ရွက်ကြွေသံ၊ ညဉ့်ငှက်၊ တိရစ္ဆာန်များ  ပြေးလွှားလှုပ်ရှားနေကြသံများကိုပင် “ရဲဘော်ဖြူတို့လာနေကြသော အသံလား” ဟု အတွေး စိတ်က ခြောက်လှန့်လျက်ရှိလေသည်။

“ဝုန်း ဝုန်း၊ ဗျို့ ဆရာဦးထွန်းငြိမ်း၊ ဆရာဦးထွန်း ငြိမ်း”

ခြံတံခါးကို တွန်းဖွင့်ကာ အိမ်ရှေ့တံခါးကို လက်နှင့် အကြမ်းပတမ်းပုတ်၍ ကိုထွန်းငြိမ်း၏ အမည်ကို ခေါ်သံ ကြားလိုက်ရသောအခါ မခင်မှီနှင့် ဦးလေး၊ အဒေါ် တို့မှာ  ကြောက်စိတ်နှင့်  ခေါင်းနားပန်းကြီးသွားကြသည်။ မည်သူမျှ အသံမပြုရဲဘဲ တိတ်ဆိတ်စွာတုန်ယင် နေကြ၏။

‘ဗျိုး ဆရာဦးထွန်းငြိမ်း၊ ဆရာဦးထွန်းငြိမ်း”

“အင်၊ အဟမ်း၊ ဘယ်သူလဲဗျိုး”

မနေသာသော ဦးလေးဦးတင်ခက အသံပြုလိုက် သည်။

“ကျွန်တော်တို့ပါ ကျောက်ကြီးစခန်းက အစိုးရစစ်သားတွေပါခင်ဗျာ။ ဆရာဦးထွန်းငြိမ်းနဲ့ အရေးတကြီး တိုင်ပင်စရာရှိလို့ တံခါးဖွင့်ပါဦးခင်ဗျာ”

“ဟုတ်ကဲ့၊ ဟုတ် လာပါပြီ၊ ဆရာမောင်ထွန်းငြိမ်း တော့ မရှိပါဘူး”

ဦးလေးတင်ခ တံခါးဖွင့်လိုက်သောအခါ အိမ်ရှေ့မှ ဝိုင်းထိုးလိုက်ကြသော လက်နှိပ်ဓာတ်မီးရောင်တွေက တစ်အိမ်လုံး ပြန့်ကျဲသွားသည်။

မခင်မှီနှင့် ဒေါ်လေးတို့မှာ ကြောက်၍တစ်ယောက် လက်တစ်ယောက်ကိုင်ကာ တဆတ်ဆတ်တုန်ပြီး နှုတ် ဆိတ်နေကြသည်။

“ဆရာဦးထွန်းငြိမ်းရောခင်ဗျာ”

အိမ်ထဲ ဦးဆုံးဝင်လာသူ သုံးယောက်ထဲမှာ ခေါင်းဆောင်နှင့်တူသူက အသံပြတ်ပြတ်နှင့်မေးသည်။

“မောင်ထွန်းငြိမ်းကို ညဦးပိုင်းက လူတစ်ယောက် လာခေါ်သွားပါတယ်”

“ဘယ်ကလူလဲ၊ ဘယ်ရွာကလဲ”

ခေါင်းဆောင်လုပ်သူက မကျေမနပ်နှင့် အော်မေး ၏။

“ဘယ်ရွာကလဲ၊ ဘယ်သူလဲဆိုတာတော့ ကျွန်တော်လည်း မသိပါဘူး ဗိုလ်ကြီးတို့ရယ်၊ ထိုင်ကြပါဦး”

“ခု  ဒီအိမ်မှာ  ဘယ်သူတွေရှိလဲ၊  ခင်ဗျား  တစ်ယောက်တည်းလား”

“ထိုင်ကြပါဦး” ဟု ဦးတင်ခက ပြောသော်လည်း မည်သူမျှမထိုင်ကြဘဲ အမေးစကားကသာ ဆက်လာ၏။ ပြီး သူတို့သုံးယောက်၏မျက်လုံးများက တစ်အိမ်လုံး မွှေနှောက်ရှာနေကြသည်။

“ကျွန်တော်တစ်ယောက်တည်း    မဟုတ်ပါဘူး။ ကျွန်တော့်ဇနီးနဲ့  မောင်ထွန်းငြိမ်း  မိန်းမလည်း ရှိပါတယ်။ ဟေး ခင်မှီ၊ လာကြဟေ့၊ ဒီမှာ ဗိုလ်ကြီးတို့က တွေ့ချင်လို့တဲ့။ ညဦးက မောင်ထွန်းငြိမ်းကို လာခေါ် တဲ့လူက ဘယ်ကလဲတဲ့၊ ခင်မှီ သိသလား၊ ဒီက ဗိုလ် ကြီးတို့က မေးနေတယ်”

“ဘယ်ရွာက ဘယ်သူလဲဆိုတာတော့ ကျွန်မလည်း မမေးမိလိုက်ပါဘူး။ ကိုရဲမြင့်က အရေးတကြီးခေါ်ဖို့ လွှတ်လို့ လာခေါ်တယ်ဆိုတာပဲ အစ်ကိုက ပြောသွားပါတယ်”

မခင်မှီနှင့် ဦးတင်ခတို့မှာ စီစဉ်ထားသည့်အတိုင်း အမူအရာမပျက် ပြောနိုင်ဆိုနိုင်ကြသည်။

ဆက်လက်ဖော်ပြပါမည်။