ဝမ်းရေးထက်ပင် ခက်ပါသည်
ယမန်နေ့မှအဆက်
“တောက်”
ဦးတင်ခ၊ မခင်မှီတို့စကားကိုကြားရသော အခါ အစိုးရတပ်ကဟုပြောသော အိမ်ပေါ်ရှိ ယူနီဖောင်းဝတ်စစ်သား သုံးယောက်မှာ ငိုင်တွေသွားကြသည်။ သို့သော် မမျှော်လင့်ဘဲ အိမ်ခေါင်းရင်းမှ တက်ခေါက်သံ တစ်ချက်ကမူ မခင်မှီ၏ တစ်ကိုယ်လုံးကို ကြက်သီးတဖြန်းဖြန်းထသွားစေလေသည်။
“ကိုထွန်းငြိမ်း ဇနီးထင်တယ်၊ အဲ အဲဒီ ကိုရဲမြင့်ဆိုတာကရော ဘယ်ရွာကပါလဲ ခင်ဗျာ}}
“ကို ကိုရဲမြင့်”
မခင်မှီသည် ပြောသင့်၊ မပြောသင့် စဉ်းစားပြီး ယူနီဖောင်းဝတ် စစ်သားသုံး ယောက်ကို မျက်လုံးတစ်ချက်ဝင့်ကြည့် လိုက်သည်။ ထိုအချိန်၌ပင် ယူနီဖောင်းဝတ် နှစ်ယောက်သည် ဓာတ်မီးတစ်ယောက် တစ်လက်နှင့် ရေသောက်သလို ရေအိုးစင် နားသွားပြီး အိမ်ထဲကို ဓာတ်မီးနှင့် မသိမသာ ထိုးကြည့်ကြသည်။
“အဲဒီ ကိုရဲမြင့်ဆိုတာ ဘယ်ရွာကလဲ၊ ဘယ်သူလဲဆိုတာ ခင်ဗျားမသိဘူးလား၊ အဒေါ်တို့၊ ဦးတို့လည်း မသိကြဘူးလား ခင်ဗျာ”
“ကိုရဲမြင့်ဆိုတာ ပန်းတိမ်းငဖဲဘက်က ကျောင်းဆရာလားပဲ။ဒီကို တစ်ခါနှစ်ခါ လာဖူးပါတယ်။ မောင်ထွန်းငြိမ်းနဲ့တော့ သိပ်ခင်ကြတာပဲ ဗိုလ်ကြီး၊ ဒီထက်တော့ ကျွန်တော်တို့လည်း မသိပါဘူး}}
“တောက်.. ဗိုလ်ကြီး လာဗျို့၊ ပြန် မယ် ပြန်မယ်။ တော်ပြီ တော်ပြီ၊ ကျွန်တော် သိပြီ”
အောက်မှ မကျေမနပ် တက်ခေါက်သံ တစ်ချက်နှင့်အတူ အိမ်ပေါ်ရှိ စစ်သားကို လှမ်းခေါ်သံ ကြားလိုက်ရသည်။
“အေးဗျာ ခုလို ညကြီးမင်းကြီးလာရတဲ့အတွက် အနှောင့်အယှက်ဖြစ်ရင် ခွင့်လွှတ်ကြပါ။ ဆရာဦးထွန်းငြိမ်း ကို သူပုန်တွေ ကိစ္စတိုင်ပင်စရာရှိလို့ ကျွန်တော်တို့လာ သွားတဲ့အကြောင်းလည်း ပြောပြလိုက်ပါ နော် ဆရာကတော်”
မခင်မှီမှာ သူတို့ကို မည်သို့ပြန်ပြောရ မှန်းမသိဘဲ အိမ်ပေါ်မှ ဆင်းသွားကြသော သူတို့၏နောက်ကျောကိုသာ ငေးကြည့် ကာ ကျောက်ရုပ်ပမာဖြစ် ကျန်ရစ်လေသည်။
“တောက်၊ နိုင်ငံရေးတင်မက လူမှုရေးပါ အမြတ်ထုတ်သွားတဲ့ကောင်၊ ခု ငါ့ကို ပါတီက ဘယ်လိုထင်ကြမလဲ။ ငါ့ကို ပါတီမှာ မျက်နှာမပြရဲအောင် လုပ်သွားတယ်”
ဦးဘကျော်သည် လက်ကိုနောက်ပစ် ကာ အိမ်ပေါ်တွင် ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း ကိုထွန်းငြိမ်းအပေါ် မကျေနပ်ချက်များကို တဖျစ်တောက်တောက် ရေရွတ်လျက်ရှိလေသည်။
အမှန်က ဦးဘကျော် ဒီစကားမျိုးကို ရေရွတ်ခဲ့သည်မှာ ကြာပြီ။ ယခု မခင်မှီ ဤအိမ်သို့ရောက်လာရသော ဤနေ့မှမဟုတ်။ ယခင် ကိုထွန်းငြိမ်း အိမ်ကထွက် ပြေးသွားခဲ့စဉ်ကပင်ဖြစ်သည်။
ယခု မခင်မှီ၏ကိုယ်ဝန်မှာ နေ့စေ့လစေ့ ဖြစ်လာပြီး ကိုထွန်းငြိမ်း၏ ဦးလေးအိမ်တွင် နေ၍ မသင့်တော်တော့သဖြင့် လင်သား မရှိသော မခင်မှီအား အမေဖြစ်သူက မိမိ အိမ်ပေါ်သို့ ခေါ်လာရခြင်းဖြစ်သည်။
မခင်မှီကိုမြင်သည်နှင့် ဦးဘကျော်၏ စကားက အဆက်မပြတ် ပေါ်လာချေသည်။
“ငါတို့ပါတီနဲ့ ငါ့ကို မထောက်နဲ့ဦး၊ အမှန်တကယ်မြတ်နိုးလို့ ယူထားတယ်ဆိုရင် ဇနီးမျက်နှာတော့ ထောက်ဖို့ကောင်း တယ်မဟုတ်လား။ ဒါဟာလည်း ဟိုတုန်း က ဒီလို နိုင်ငံရေး အမြတ်ထုတ်ချင်လို့ လူမှုရေးနဲ့ ပူးပေါင်းကြံခဲ့တာ။ ဒါတွေ ငါကမြင်လို့ တားခဲ့သေးတယ်။ ကဲ ခုတော့ ဘယ့်နှယ်ရှိစ၊ ဖွတ်ထွက်မှ တောင်ပို့မှန်း သိကြပြီမဟုတ်လား”
“မောင်ထွန်းငြိမ်းဟာ ဒီလိုအကြံအစည်မျိုးနဲ့ သမီးကို လက်ထပ်ခဲ့တယ်လို့ ရှင်ယူဆတာဟာ တစ်ဖက်သတ် မကျလွန်းဘူးလား ကိုဘကျော်”
“ဟင်း ဟင်း၊ တစ်ဖက်သတ် မကျလွန်းဘူးလားတဲ့ ဟုတ်လား”
ဦးဘကျော်သည် နာကြည်းဒေါသသံနှင့် မရယ်ချင်ရယ်ချင် ညှစ်ရယ်ကာ သူ့ မိန်းမ၏မျက်နှာကိုလည်း ခက်ထန်စွာ တစ်ချက်လှမ်းကြည့်လိုက်သည်။
“ဟုတ်တယ်၊ ရှင်က ရှင်ထင်တာတွေ ချည်း ဇွတ်ပြောနေတာကိုး။ မောင်ထွန်း ငြိမ်းဟာ...”
“တော် တော်၊ မင်းတို့မိန်းမတွေဟာ အဲဒါကြောင့် နှာခေါင်းသာမပါရင် ချီးကို တောင် စားမယ်လို့ပြောတာ သိပ်မှန်တယ်။ ခုပဲကြည့်စမ်း၊ တကယ်လို့ မင့်သမီးအပေါ် အချစ်စစ် အချစ်မှန်နဲ့ လက်ထပ်ခဲ့ရင်၊ နိုင်ငံရေး အမြတ်ထုတ်ဖို့ အစီအစဉ်နဲ့ ကြံ စည်တာမဟုတ်ခဲ့ရင် မင်း သမီးကို ဒီလို ပစ်ထားပါ့မလား။ ဒီမှာမနေဝံ့ရင်လည်း အကျိုးအကြောင်း သတင်းစကားရောက် လာဖို့ မသင့်ဘူးလား။ ခု ဒီကောင် ဒီက ထွက်သွားတာ သုံးလေးလရှိပြီ။ မင်းတို့ဆီ ဘာစကား တစ်ခုမှာဖူးလို့လဲ”
“မှာပါတယ် ဦးလေး၊ ရဲဘော်ဖြူတွေက သူ့အပေါ်အထင်လွဲနေကြလို့ ဒီကိုတော့ သူ ပြန်မလာဝံ့တော့ဘူးတဲ့။ အဲဒါကြောင့် မင်းဘူးမှာ အလုပ်ရှာနေပါတယ်။ အလုပ် ရရင် ခင်မှီ့ကိုခေါ်မယ်လို့ ဟိုလက စကား အမှာရောက်ပါတယ်”
ကိုထွန်းငြိမ်းနှင့်ပတ်သက်၍ တစ်ဖက်သတ်စွပ်စွဲ အထင်လွဲကာ ပြောချင်တိုင်း ပြောနေသော ပထွေးဖြစ်သူ ဦးဘကျော် အား ဤတစ်ခါတော့ မခင်မှီက ငိုရှိုက်ရင်း အခန်းထဲက လှမ်းပြောလိုက်၏။
“အေး မင်းတို့ကို ထွန်းငြိမ်းက ကောင်းကောင်းကြီး လာခေါ်ပါလိမ့်မယ်။ စောင့် နေကြဟေ့၊ စောင့်နေကြ၊ စောင့်နေကြ”
ဦးဘကျော်၏ ဒေါသနှင့်အော်လိုက်သံ အဆုံးမှာ မခင်မှီသည် ကိုယ့်ကိုယ်ကိုယ် အိမ်ရာပေါ်သို့ ပစ်လှဲချလိုက်ကာ ကျူကျူ ပါအောင် ငိုပစ်လိုက်လေသည်။
ဆက်လက်ဖော်ပြပါမည်။