ဝမ်းရေးထက်ပင် ခက်ပါသည်

 

ဝမ်းရေးထက်ပင် ခက်ပါသည်

 

ယမန်နေ့မှအဆက်

 

    မခင်မှီ၏  ကိုယ်ဝန်မှာ ယခုအခါ နေစေ့လစေ့ ရင့်မာနေပြီ။ ကိုထွန်းငြိမ်း၏ ဦးလေး၊ အဒေါ်တို့အိမ်တွင် နေ၍မသင့်ဟု အမေက လာခေါ်သည်။ အားကိုးအားထားရာ လင်သားလည်းမရှိသော အိမ်တစ်အိမ်တွင် နေသည်နှင့်စာသော်  အမေအရင်းရှိသော အိမ်မှာ ပြောင်းရွှေ့နေထိုင်သည်က   ပို၍သင့်လျော်သည်၊ ပို၍  စိတ်ချမ်းသာလိမ့်မည် အထင်နှင့် အမေ့အိမ်လိုက်လာကာမှ ဦးလေးစကားကြောင့် အိမ်ကိုရောက်ရောက်ချင်း စိတ်ညစ်ရသည်။ ငိုရသည်။

ယခု ကိုထွန်းငြိမ်းနှင့် မခင်မှီတို့ မတွေ့ကြရသည်မှာ လေးလကျော် သွားလေပြီ။   ထိုလေးလအတွင်းတွင်   “မင်းဘူး၌  အလုပ်ရှာနေသည်။ အလုပ်အကိုင် အတည်တကျရရင် ခင်မှီ့ကိုမှာလိုက်ပါမည်”ဟူသော စကားလောက်သာ ကိုထွန်းငြိမ်းဆီက ကြားခဲ့ရလေသည်။ ဤစကားကိုပင် မြို့ ဈေးပြန်သူများက  တိုးတိုးတိတ်တိတ် လာပြော၍ ကြားရခြင်းဖြစ်သည်။ မခင်မှီအနေမှာ သန္ဓေသားကိုလွယ်၍   ကိုထွန်းငြိမ်းဆီက “လာပါ”ဟူသော အမှာစကားကိုစောင့်ရင်း  သုံးလေးလအချိန်တို့ ကုန်ဆုံးခဲ့ရသည်။ ယခုဆိုလျှင် “သားသားလေးလား၊ မီးမီးလေးလား” ဟု ခွဲခြားမသိနိုင်သေးသော လူသားတစ်ယောက်ပင် လူ့လောကသို့ ဝင်ရောက်လာရန် အတိတ် နိမိတ်ပြလျက်ရှိချေပြီ။

“ယောကျ်ားဖောင်စီး၊ မိန်းမမီးနေ”ဟူသော စကားအရ ဤလိုကိုယ်ဝန် အရင့်အမာနှင့် အာဝေဏိကဒုက္ခကို လွယ်ထားရသောအချိန်တွင် မိမိ၏ လင်သားဖြစ်သူကို မည်မျှတောင့်တ မျှော်လင့်ရသည်ကို မခင်မှီမှာ ပြောမပြတတ်အောင်ရှိလေသည်။  ကိုထွန်းငြိမ်းနှင့် ပတ်သက်၍ ငိုခဲ့ရသည့် ရက်များကလည်း မရေမတွက်နိုင်တော့ပေ။

ဒီလိုနှင့်ပင်  အမေတို့ိအိမ်ကိုရောက်ပြီး  တစ်လမပြည့်ခင်  သမီးဦးရတနာလေးကို  ဖွားမြင်လာ၏။  ကလေးကိုမြင်ရမှ  ကလေး၏အဖေကို ပို၍သတိရမိသည်။ သမီးလေး၏ မျက်လုံး၊  မျက်ခုံး၊ နှာတံ၊ နားရွက် စသည်တို့မှာ အဖေနှင့်ချွတ်စွပ်တူနေသည်။ “သမီးမိန်းကလေးက အဖေနဲ့တူရင်  ကောင်းစားသတဲ့တော်” ဟူသော  အဘွားကြီးများ၏စကားက အဖေနှင့်တူသောသမီးအတွက် မခင်မှီသည် တစ်အားတက်ခဲ့ရသည်။

အဖေတူ သမီးလေး၏ ဝင်းပပမျက်နှာကြောင့် ကိုထွန်းငြိမ်း ဦးလေး၊ အဒေါ်တို့မှာလည်း ဖျပ်ဖျပ်လူးမျှ သမီးလေးကို ချစ်ရှာကြသည်။ မခင်မှီ တွင် သမီးဦးရတနာဖွားမြင်ကြောင်း သတင်းစကားကို ကိုထွန်းငြိမ်းဆီ ပါးချင်သဖြင့် မြို့သို့သွားသူများကို တိုးတိုးတိတ်တိတ်ရှာဖွေရသည်မှာလည်း မောနေကြသည်။ သို့သော် မြို့နှင့်ဒဟပ်ကုန်းက အဆက်အသွယ် လုံးဝပြတ်နေသဖြင့် ကိုထွန်းငြိမ်းခမျာမှာလည်း သူ့မိန်းမတွင် သမီးဦး မွေးလေသလား၊ သားဦးမွေးလေသလားဆိုသည်ကိုပင် မသိနိုင်ဘဲရှိလေသည်။

သမီးလေး တစ်လပြည့်ရန် တစ်ရက်အလိုတွင် ကိုရဲမြင့်ရောက်လာသည်။ ကိုထွန်းငြိမ်း၏ အကြောင်းကို အားလုံးသိပြီးဖြစ်သော ကိုရဲမြင့် သည် မခင်မှီကို   ချက်ချင်းနှုတ်မဆက်နိုင်ဘဲ  ခဏတော့ ငိုင်နေသည်။ အမှန်က ကိုရဲမြင့်သာမဟုတ်၊ မခင်မှီအနေမှာလည်း ကိုရဲမြင့်ကို  ရုတ်တရက်    ဘယ်လိုနှုတ်ဆက်ရမှန်းမသိဘဲ    မျက်ရည်အဝဲသားနှင့်သာ ကိုရဲမြင့်၏မျက်နှာကို    ကြောင်ကြည့်နေမိသည်။    ကိုရဲမြင့်ကိုကြည့်ရင်း ရင်ထဲက ဆို့လာမိသည်။ မျက်ရည်ဝဲလာမိသည်။

“ညီ ညီမ၊ နေကောင်းတယ်နော်”

“ဟုတ် ဟုတ်ကဲ့၊ နေကောင်းပါတယ်”

“ဥက္ကဋ္ဌကြီးရော”

“ဦးလေး မနေ့ကပင် လက်ပန်ဘက်သွားပါတယ်”

ကိုရဲမြင့်သည် သူ၏ကျောပိုးအိတ်ကို ပစ်ချကာ ပက်လက်ကုလားထိုင် ပေါ်သို့ နွမ်းနွမ်းလျလျထိုင်ချလိုက်သည်။

ကိုရဲမြင့် ထိုင်ချလိုက်မှ ဧည့်သည်ကို “ထိုင်ပါ” ဟု မပြောမိသည်ကို သတိရ၍ မခင်မှီ စိတ်မကောင်းဖြစ်သွားမိသည်။

“ကျွန်တော် အားလုံးကြားပါတယ် ညီမရယ်။  ကိုထွန်းငြိမ်းကို  သက်သက် သူတို့အထင်လွဲကြတာပါ။ ကိုထွန်းငြိမ်းဟာ နိုင်ငံရေးမှာ ရှင်းတယ်ဆိုတာ ကျွန်တော်အသိဆုံးပါပဲ။ အဲဒါကြောင့်လည်း ကိုထွန်းငြိမ်း ထွက် ပြေးသွားရတယ် ကြားကြားချင်း ကျွန်တော် ညီမတို့ဆီလာဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါ ဒါပေမဲ့”

ကိုရဲမြင့်၏ အသံမှာ အထစ်ထစ် အငေါ့ငေါ့နှင့် ဆို့နင့်လာသည်။ ယခင်က နေ့စဉ်လိုလို ဝင်ထွက်သွားလာ၊ စားသောက်နေခဲ့သော ကိုထွန်း ငြိမ်း၊ မခင်မှီတို့အတွက် သူ့စိတ်ထဲမှာ ယူကျုံးမရဖြစ်လာမိသည်။

“ဒါပေမဲ့ ကျွန်တော်လည်း ရုတ်တရက် ရခိုင်ကို ပြောင်းရမယ်လို့ ဗဟိုက အမိန့်ကျလာတော့ ညီမတို့ဆီလာရင်း လမ်းတစ်ဝက်က ပြန်ခေါက်ပြီး ရခိုင်ကို ထွက်သွားရတယ်”

“ကိုရဲမြင့် ခု ရခိုင်ကလာတာလား”

“ဟုတ်ပါတယ်၊ အမ်းမြို့က လာတာပါပဲ။ ပါတီက တာဝန်ပေးတာကတော့ အရင် ကျွန်တော်တာဝန်ကျတဲ့ စေတုတ္တရာဘက်ပဲ ပြန်ကျပါတယ်။ ခု ညီမတို့အခြေအနေ သိချင်တာနဲ့ တမင်ဝင်လာတာ”

အစကသော်    ကိုရဲမြင့်နှင့်ပတ်သက်၍   မခင်မှီသည်   မကျေနပ်ခဲ့။ နေ့စဉ်လိုလို ဝင်ထွက်စားသောက်နေသော ကိုရဲမြင့်သည် ကိုထွန်းငြိမ်း အား မတရားစွပ်စွဲ၍ သတ်ဖြတ်ရန် စီစဉ်ကြသည့်အထဲ၌ပင် ပါမည်ဟု ထင်ခဲ့၏။ ထို့ကြောင့်လည်း သူတို့ဆီ သုံးလေးလပေါ်မလာဘဲ မျက်နှာ လွဲှခဲပစ်လုပ်ရက်သည်ဟု နာကြည်းခဲ့ရသည်။ ယခု  ကိုရဲမြင့်စကားကို ကြားရမှ သူ့အား ရုတ်တရက် ရခိုင်သို့ပို့လိုက်ကြသည်ကို ပြန်သတိရမိ သည်။

မခင်မှီနှင့် ကိုထွန်းငြိမ်း၊ ဦးလေး၊ အဒေါ်တို့ တိုင်ပင်ခဲ့ကြစဉ်ကမူ ကိုထွန်းငြိမ်းအား ကိုရဲမြင့်က အခေါ်လွှတ်၍ လူတစ်ယောက်လာခေါ် သွားသည်ဟု ပြောလိုက်လျှင် ကိုရဲမြင့်၏ အရှိန်အဝါကြောင့် ကိုထွန်းငြိမ်း ကိစ္စမှာ ပေါ့လိမ့်မည်ဟု ထင်ခဲ့ကြသည်။ ယခုသော် ထိုစကားအတွက် ကိုရဲမြင့်ကိုပါ သူတို့ပါတီက ရခိုင်ကိုပို့လိုက်ကြကြောင်း သိရသောအခါ မခင်မှီမှာ စိတ်မကောင်းဖြစ်ရပြန်သည်။ ပေါ့စေလို၍ ထိုးခဲ့သော ဆေး သည် ယခုတော့ ပို၍လေးရပြီ၊ တစ်ယောက်အပြစ်ကျမည်အတွက် နှစ် ယောက်စလုံး အပြစ်ရကြပြီ။                     

ဆက်လက်ဖော်ပြပါမည်။