မော်လမြိုင်တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ကြည့်ရှုစစ်ဆေး

 

မော်လမြိုင်တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဇန်နဝါရီ  ၁၂

    ပညာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မော်လမြိုင်တက္ကသိုလ်သို့ရောက်ရှိပြီး စာသင်ခန်းများ၌ အေးချမ်းစွာ ပညာသင်ယူနေသောကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကား ပြောကြားသည်။

ထို့နောက်   ပြည်ထောင်စုဝန်ကြီးသည် မော်လမြိုင်တက္ကသိုလ်  ဘက်စုံခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံပြီး သုတေသန လုပ်ငန်းသည် တက္ကသိုလ်၏ အသက်သွေးကြောဖြစ်၍ မိမိတို့၏သင်ကြားရေးတာဝန်များသာမက မိမိတို့တက္ကသိုလ် သုတေသနကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း၊ မိမိတို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်  ဒေသအကျိုးပြုမည့် သုတေသနလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း၊ သင်ကြားရေးတာဝန်များ ဆောင်ရွက်ကြရာတွင် အမှန်တကယ် ကျွမ်းကျင်တတ်မြောက်သူများ ဖြစ်အောင် စေတနာအပြည့်ထား၍ သင်ကြားပေးစေလိုကြောင်း၊ သက်ဆိုင်ရာ ဘာသာရပ်အလိုက်  ဘာသာရပ်ဆိုင်ရာ အသိပညာ အတတ်ပညာ အတွေးအခေါ် အယူအဆ အမှန်တကယ် တတ်သိနားလည်အောင် ကြိုးပမ်းသင်ကြား ပေးစေလိုကြောင်း မှာကြားကာ  တက္ကသိုလ်၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်၏ လိုအပ်ချက်များကို ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်၍ ဖြည့်ဆည်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်းတို့ကို  သွားရောက် ကြည့်ရှုစစ်ဆေးပြီး   လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ စာသင်ခန်းအတွင်း အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားသည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း၌ ပြည်နယ်ပညာရေးမှူး၊ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ မြို့ပေါ်ရှိ ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံပြီး သင်ကြားသင်ယူမှုကိစ္စရပ်များ၊ စီမံကိစ္စရပ်များအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မော်လမြိုင်ပညာရေး  ဒီဂရီကောလိပ်သို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊   သင်တန်းသူများနှင့် တွေ့ဆုံကာ သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် ယခုအချိန်တွင်   ဆရာဖြစ်သင်တန်း တက်ရောက်နေသည့်အတွက် သင်တန်းသားဖြစ်သော်လည်း  နောင်တွင် ဆရာ၊ဆရာမများအဖြစ် တာဝန်ထမ်းဆောင်ကြရမည့်သူများ ဖြစ်ကြောင်း၊ သို့ဖြစ်၍ ယခုကတည်းက မိမိတို့ကိုယ်တိုင် ထူးချွန်သူများဖြစ်အောင်၊ ဘာသာရပ်ဆိုင်ရာများတွင် အမှန်တကယ် တတ်ကျွမ်းသူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း  မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။