ပဲခူးတက္ကသိုလ်နှင့်လှည်းကူးပညာရေးဒီဂရီကောလိပ်ကို ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ကြည့်ရှုစစ်ဆေး

 

ပဲခူးတက္ကသိုလ်နှင့်လှည်းကူးပညာရေးဒီဂရီကောလိပ်ကို ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ကြည့်ရှုစစ်ဆေး

 

ရန်ကုန်  ဇန်နဝါရီ  ၁၂

    ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည်   မြန်မာနိုင်ငံတိုင်းရင်းသား ဘာသာစကားဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတက္ကသိုလ်သို့ ရောက်ရှိကာ တက္ကသိုလ်သန့်ရှင်း သာယာရေးဆောင်ရွက်မှုနှင့် စာသင်ခန်းများတွင်  ကျောင်းသား၊ကျောင်းသူများ ပညာသင်ယူနေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။

ထို့နောက်  သင်ကြားရေးဌာနများ၏ လက်တွေ့ခန်း၊ ဓာတ်ခွဲခန်းများသို့ ရောက်ရှိကာ ဓာတ်ခွဲခန်းများ သန့်ရှင်းသပ်ရပ်စွာ ထိန်းသိမ်းထားရှိရန်နှင့်  နိုင်ငံတော်ကဖြည့်ဆည်း ပေးထားသော ဓာတ်ခွဲခန်းသုံး ပစ္စည်းများကို သင်ကြားရေးနှင့် သုတေသန လုပ်ငန်းများတွင်   ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အမှန်တကယ် အကျိုးရှိထိရောက်စွာ အသုံးပြုရန် မှာကြားသည်။

ယင်းနောက် စာကြည့်တိုက်နှင့်ကွန်ပျူတာ ဌာနသို့ရောက်ရှိကာ ဝန်ထမ်းဆိုင်ရာ အချက်အလက်များ လစဉ်မှတ်တမ်းပြုစု ထိန်းသိမ်းထားရှိမှုများနှင့် အွန်လိုင်းစာကြည့်တိုက်တို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လှည်းကူးပညာရေး ဒီဂရီကောလိပ်သို့ ရောက်ရှိကာ   ပညာ့အားမာန်ခန်းမ၌ ကျောင်းအုပ်ကြီး၊ ဆရာ၊  ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ ပညာရေးဒီဂရီကောလိပ်မှ ဘွဲ့ရရှိပြီးနောက် အခြေခံပညာကျောင်းများတွင်  တပည့် ကျောင်းသား၊ ကျောင်းသူများကို ပြန်လည်သင်ကြား ပို့ချပေးရမည့်ဆရာ၊ ဆရာမလောင်း များဖြစ်သဖြင့်  ဘာသာရပ်ကျွမ်းကျင်မှု၊ သင်ပြနည်း တတ်ကျွမ်းမှု၊ အားကစားနှင့် ကာယပညာထူးချွန်မှု တို့ကို အလေးထား သင်ကြားလေ့ကျင့်ကာ စည်းကမ်းလိုက်နာမှုနှင့် ပြုမူနေထိုင်မှုတွင် စံနမူနာဖြစ်စေရေး လမ်းညွှန်ပြသပေးရန် မှာကြားပြီး နိုင်ငံတော်က ပံ့ပိုးစောင့်ရှောက်ပေးနေမှုများနှင့် ဆရာ၊ဆရာမ၊ သင်တန်းသား၊ သင်တန်းသူများက ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများကို ရှင်းလင်းပြောကြားကာ ဆရာ၊ ဆရာမ၊ သင်တန်းသား၊ သင်တန်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။