နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်နှင့် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်နှင့် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇန်နဝါရီ - ၁၃

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်နှင့် ထန်းတပင်မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်သို့ ရောက်ရှိကြရာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ ရန်ကုန် အနောက်ပိုင်း နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ကြည်စိုးနှင့် ဆရာ၊ ဆရာမများက ကြိုဆိုနှုတ်ဆက်ကြသည်။ 
ထို့နောက် တက္ကသိုလ်ရှိ COMMUNITY CENTRE ခန်းမဆောင်၌ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များ၊ ဦးစီးဌာနများဖွဲ့စည်းထားရှိမှု၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီး ဌာနရှိ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များ ဖွင့်လှစ်ထားရှိမှု၊ လက်ရှိ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ အခြေအနေနှင့် ဖြစ်ပေါ် လာမည့် အခြေအနေဆန်းစစ်ချက်များနှင့် ပိုမိုကျယ်ပြန့်သည့် သင်ကြားသင်ယူမှု နယ်ပယ်များ ထည့်သွင်းဆောင်ရွက်နိုင်သော Polytechnic University များ တည် ထောင်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများကိုလည်းကောင်း၊ ပါမောက္ခချုပ် ဒေါက်တာ ကြည်စိုးက တက္ကသိုလ်၏ တည်နေရာနှင့် သမိုင်းအကျဉ်း၊ ဘာသာရပ် အလိုက် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက်ရှိမှု၊ ဘာသာ ရပ်အလိုက် သင်ကြားရေးဝန်ထမ်းများနှင့် စီမံဝန်ထမ်းများခန့်အပ်ထားရှိမှု၊ စာသင် ဆောင်များ၊ အလုပ်ရုံများနှင့် စာသင်ခန်းများ တည်ဆောက်ထားရှိမှုနှင့် ထပ်မံတည် ဆောက်လျက်ရှိမှု၊ စာကြည့်တိုက်၊ အားကစားရုံနှင့်အားကစားကွင်းများ၊ ကျောင်းသား၊ ကျောင်းသူများ၏ အိပ်ဆောင်များ တည်ဆောက်ထားရှိမှု၊ နယ်ဝေးမှကျောင်းသား၊ ကျောင်းသူများအား အိပ်ဆောင်များ၌ နေရာချထားပေးမှုများကိုလည်းကောင်း၊ တာဝန်ရှိသူတစ်ဦးက တက္ကသိုလ်အတွင်း အဆောက်အဦများ ထပ်မံတည်ဆောက် လျက်ရှိမှု အခြေအနေများကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ကျောင်းအဆောက်အဦးများတည်ဆောက်ရာတွင် လိုအပ်သည့် အဆောက်အဦမှာ တက္ကသိုလ်အင်္ဂါရပ် နှင့် ကိုက်ညီစွာတည်ဆောက်နိုင်ရေး ကြိုတင် Plan ရေးဆွဲဆောင်ရွက်ရန်လိုကြောင်း၊ အဆောက်အဦများတည်ဆောက်ရာတွင် သတ်မှတ်ထားသည့် ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးနိုင်ရေးဆောင်ရွက်ရန်လိုကြောင်းဖြင့် ဖြည့်စွက် မှာကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပညာရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ဆက်လက်ဆွေးနွေးပြောကြား ရာတွင် တက္ကသိုလ်များ၊ ကောလိပ်များသည် အင်္ဂါရပ်နှင့် ကိုက်ညီရမည်ဖြစ်ပြီး အဆင့် မီရန်လိုကြောင်း၊ ယခင်က အဆင့်မြင့်ပညာရပ်များကို ရန်ကုန်မြို့၌သာ လာရောက် သင်ယူခဲ့ရပြီး အဆင့်မြင့်ပညာသင်တက္ကသိုလ်များ နိုင်ငံအဝန်း၌ အရေအတွက် နည်း ပါးခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့်ပညာရပ်များကို သင်ကြား ပေး နိုင်သည့်တက္ကသိုလ်များ ဖြစ်ပေါ်လာရေးစဉ်းစားဆောင်ရွက်ခဲ့ကြပြီး  တက္ကသိုလ် ပညာ ရပ်များကို မိမိတို့ဒေသများ၌သင်ကြားနိုင်ရန်အတွက် အထူးဒေသဇုန် ၁၄ ခု၌ တက္ကသိုလ်များ ဖွင့်လှစ်ပေးခဲ့ကြောင်း၊ သို့သော် အချို့တက္ကသိုလ်များ၌ ပညာ သင်ကြားမှုများ နည်းပါးသည်ကိုတွေ့ရသဖြင့် မိမိတို့နိုင်ငံအတွက် အဓိကလိုအပ်သည့် ဘာသာရပ်များနှင့် မဖြစ်မနေသင်ကြားရမည့် သာသာရပ်များကို ဦးစားပေးသင်ကြား ပေးနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း၊ မိမိအနေဖြင့် ကွန်ပြူတာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ် များကို ပိုမိုကျယ်ပြန့်သည့် သင်ကြားသင်ယူမှုနယ်ပယ်များ ထည့်သွင်းဆောင်ရွက်နိုင်သော Polytechnic University များအဖြစ် ဆောင်ရွက် နိုင်ရေးဆွေးနွေးဆောင်ရွက်ခဲ့ ကြောင်း၊ နိုင်ငံတော်၏ ပညာရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပညာရှင်များနှင့် ဆွေးနွေးဆောင်ရွက် သွားရမည်ဖြစ် ကြောင်း။
မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အဓိကဆောင်ရွက်သည့် နိုင်ငံ ဖြစ်သော်လည်း စိုက်ပျိုးမွေးမြူရေးပညာရှင်များ မွေးထုတ်ပေးနိုင်သည့် တက္ကသိုလ် နည်းပါးကြောင်း၊ ထို့ကြောင့် စိုက်ပျိုး မွေးမြူရေးကျောင်းများဖွင့်လှစ်နိုင်ရေး တာဝန်ရှိသူများနှင့် ဆွေးနွေးဆောင်ရွက်ခဲ့ ကြောင်း၊ အလားတူ စက်မှုနည်းပညာများ ဖွံ့ဖြိုးရေးအတွက်လည်း နည်းပညာ ကျောင်းများကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း၊ စိုက်ပျိုးရေးမှထွက်ရှိသည့် ထွက်ကုန် များကိုအခြေခံ၍ စက်မှုပိုင်းဆိုင်ရာများ အသုံးပြုပြီး ကုန်ထုတ်လုပ်မှုများကို ဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ 

သက်ဆိုင်ရာပညာရပ်များအလိုက် လုပ်ငန်းခွင်ဝင်ရောက်နိုင်သည့် Polytechnic နည်းပညာများကိုသင်ကြားနိုင်ရေး ပညာရေးအနာဂတ် ရည်မှန်းချက်ဖြင့် ဆောင်ရွက် လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်အတွက် လိုအပ်သည့် လူသား အရင်းအမြစ်များရရှိမည်ဖြစ်ကြောင်း၊ တက္ကသိုလ်၊ကောလိပ်များမှ သင်ကြားအောင်မြင် ပြီးသူများအနေဖြင့်လုပ်ငန်းခွင်ကျွမ်းကျင်မှုများရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လိုအပ် သည့် သင်ထောက်ကူပစ္စည်းများနှင့် အဆောက်အဦများကို ဖြည့်ဆည်းဆောင်ရွက် ပေးနေခြင်းဖြစ်ကြောင်း၊ တက္ကသိုလ်ကောလိပ်များကို အဆင့်မြှင့်တင်ပေးခြင်းသည် အနာဂတ်အတွက် သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်သည့်ပညာရှင်များ မွေး ထုတ်ပေးခြင်းပင် ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမ များအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အမှန်တကယ် ပညာတတ်မြောက်မှုရှိစေရေး သင်ကြားပေးရန်လိုပြီး အမှန်တကယ်ထူးချွန်သူများကိုသာ တစ်ဆင့်မြင့်ပညာရပ်များ ဆက်လက်သင်ယူနိုင် ရေး စိစစ်ဆောင်ရွက်သွားလိုကြောင်း၊ တက္ကသိုလ်ပညာရပ်သည် တွေးခေါ်လေ့လာ သင်ကြားခြင်း(Studying)ဖြစ်သဖြင့် အမှန်တကယ် တွေးခေါ်မျှော်မြင်တတ်သည့် ကျောင်းသား၊ ကျောင်းသူများ ဖြစ်စေရေး လေ့ကျင့်သင်ကြားပေးသွားရန်လိုကြောင်း၊ နိုင်ငံတော်အတွက်လိုအပ်သည့် လူသားအရင်းအမြစ်ကောင်းများကို မွေးထုတ်ပေးနိုင် ရေး သင်ကြားရေးနှင့် ပတ်သက်သည့် တာဝန်ရှိသူများအားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန်ပြီး နိုင်ငံတော်မှ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။ 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် တက္ကသိုလ်အတွင်း ၃ ထပ် စာသင်ဆောင်သစ် တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်သို့ ရောက်ရှိကြရာ ပညာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း၊ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခင်သီတာ နှင့် ဒုတိယပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမ များက နွေးထွေးစွာ ကြိုဆို နှုတ် ဆက်ကြသည်။ ထို့နောက် တက္ကသိုလ် ပင်မဆောင်ခန်းမ၌ ပညာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးက ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၏ သမိုင်းအကျဉ်း၊ ဝန်ထမ်းများ ဖွဲ့စည်းထားရှိမှု၊ ဘာသာရပ်အလိုက် ဆရာ၊ ဆရာမများ သင်ကြားပေးလျက်ရှိမှု၊ ဆရာ၊ ဆရာမများ၏ ပညာအရည်အချင်းများ၊ အထူးပြုဘာသာရပ်များလိုက် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားလျက်ရှိမှု၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ မှု၊ အဆောက်အဦများ ဆောက်လုပ်လျက်ရှိမှု၊ IT center rooms တည်ဆောက်ထားမှု အခြေ အနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က မိမိတို့အနေဖြင့် ပညာရေးကို အားပေးဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံ လုံးရှိ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ ပညာသည် လူတစ်ဦးချင်းစီ၏ ဘဝတိုးတက်ရေးကို ဆောင်ရွက်ပေး နိုင်မည်ဖြစ်ပြီး အသိပညာ၊ အတတ်ပညာများရှိမှသာလျင် လုပ်ငန်းနယ်ပယ်မျိုးစုံ၌ ပိုမို တိုးတက်ဖွံ့ဖြိုးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာတတ် လူသားအရင်းအမြစ်ကောင်း များ မွေးထုတ်ပေးနိုင်ရေးအတွက် မိမိတို့အနေဖြင့် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး နိုင်ငံ၏ အနာဂတ်ကို ပညာရေးဖြင့် ကောင်းမွန်စွာ ပုံဖော်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံ၌ ပညာရေးနှင့် ပတ်သက်၍ အားနည်းချက်များ များစွာရှိသည်ကို စစ်တမ်းများအရ တွေ့ရှိ ရကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံလူဦးရေ၏ ၈၅ ရာခိုင်နှုန်းခန့်သည် သာမာန်လုပ်ငန်းများ ကို ဆောင်ရွက်ကြသူများဖြစ်သည်ကို တွေ့ရှိရကြောင်း။
ထို့ကြောင့် မိမိတို့နိုင်ငံ၏ ပညာရေးကို မဖြစ်မနေ မြှင့်တင်ဆောင်ရွက်ရမည် ဖြစ်သဖြင့် မိမိတို့တာဝန်ယူချိန်တွင် ပညာရည်မြှင့်တင်ရေးအဖြစ် KG + 9 အဆင့် အထိ မဖြစ်မနေသင်ကြားရန် မူဝါဒချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ KG + 9 တက်ရောက်အောင် မြင်သူများအနေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုအခြေခံသင်တန်းကျောင်းများ တက် ရောက်ပြီး သက်ဆိုင်ရာ ပညာရပ်များအလိုက် ဆက်လက်သင်ကြားနိုင်မည်ဖြစ်ကြောင်း၊ အခြေခံပညာတတ်မြောက်အောင်မြင်ပြီးသူများအနေဖြင့်လည်း သက်ဆိုင်ရာ ဘာသာရပ်  များအလိုက် အဆင့်မြင့် တက္ကသိုလ်နှင့် ကောလိပ်များကို ဆက်လက် တက်ရောက်နိုင် မည်ဖြစ်ကြောင်း။
နိုင်ငံတွင် အဆင့်မြင့်ပညာတတ်မြောက်သူများ ပေါကြွယ်ဝစေရေးအတွက် တက္ကသိုလ်၊ ကောလိပ်များကို တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိပြီး အားပေးဆောင်ရွက်လျက်ရှိ ကြောင်း၊ တက္ကသိုလ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆရာ၊ ဆရာမ များအနေ ဖြင့် မိမိတို့တာဝန်ယူထားသည့် သက်ဆိုင်ရာ ဘာသာရပ်များအလိုက် ကျွမ်းကျင်မှုများရှိ နေရန် လိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အမှန်တကယ် ပညာတတ်မြောက်နိုင် ရန်အတွက် ထိရောက်သည့် သင်ကြားမှုများဖြစ်ရန်လိုပြီး ဘွဲ့ရရှိပြီးချိန်တွင် သက်ဆိုင်ရာ ဘာသာရပ်အလိုက် အမှန်တကယ်တွေးခေါ်မျှော်မြင်ဆောင်ရွက်တတ်သူများဖြစ်ရန်လို ကြောင်း၊ နိုင်ငံတော်အနေဖြင့် ပညာရေးဝန်ထမ်းများအတွက် သက်ဆိုင်ရာအဆင့် အလိုက် ထိုက်သင့်သည့် ချီးမြှင့်မှုများနှင့် ထောက်ပံ့မှုများကို ဆောင်ရွက်ပေးလျက်ရှိ ကြောင်း။

အရည်အချင်းပြည့်မီသည့် လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာမှသာ လျင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ဆောက်ရေးကို ကောင်းမွန်သည့် အထောက်အပံ့ များဖြစ်စေနိုင်မည်ဖြစ်သဖြင့် အရည်အချင်းရှိသည့် လူသားအရင်းအမြစ်ကောင်းများ မွေး ထုတ်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက် ပေးလိုသည့်စိတ်ဖြင့် တာဝန်ထမ်းဆောင်ကြရန်လိုပြီး နည်းပြများအနေဖြင့် အရည်အချင်း  ပြည့်ဝသူများဖြစ်စေရေး လေ့လာမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေရန်လိုကြောင်း၊ တစ်ဦးချင်းစွမ်းရည်များ တိုးတက်လာပါက မိမိဘဝတိုးတက်ရေးအတွက် ထိုက်သင့်သည့် အကျိုးကို ခံစားခွင့်ရမည်ဖြစ်ကြောင်း၊ ဆရာကောင်းမှ မွေးထုတ်ပေးသည့် တပည့် ကောင်းများဖြစ်အောင် ဆောင်ရွက်ပေးကြစေလိုပြီး အရည်အသွေးမြင့်သည့် ပညာရေး ကွင်းဆက်ဖြစ်အောင် စဉ်ဆက်မပြတ်ပုံဖော်ဆောင်ရွက်ကြရန်လိုကြောင်း။
မိမိတို့နိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေခြင်းဖြစ်သော် လည်း ဒီမိုကရေစီ၏အခြေခံဖြစ်သည့် ဥပဒေအား လေးစားလိုက်နာခြင်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် စီးပွားရေးအသိအမြင်ရှိခြင်းတို့၌ အားနည်းချက်များရှိ ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဥပဒေဆိုင်ရာများနှင့် စီးပွားရေး ဆိုင်ရာများကို သိရှိရန် မဖြစ်မနေလိုအပ်သည်ဟု တွေ့ရှိရသဖြင့် ဥပဒေပညာရပ်ကို နားလည် သိရှိစေရေး တက္ကသိုလ်အားလုံးတွင် ဥပဒေပညာရပ်ကိုသင်ကြားပေးလျက်ရှိ ကြောင်း၊ အလားတူ စီးပွားရေးနှင့်ပတ်သက်သည့် အသိအမြင်များရှိစေရေးအတွက် လည်း စီးပွားရေး အခြေခံဘာသာရပ်များကို သင်ကြားပေးလျက်ရှိကြောင်း၊ မိမိတို့၏ မျှော်မှန်းချက်မှာတက္ကသိုလ်ပညာသင်ကြားပြီး ဘွဲ့ရရှိပြီးသူများအနေဖြင့် ၎င်းတို့၏ လူမှု စီးပွားဘဝနှင့် ပတ်ဝန်းကျင်ကို ကောင်းမွန်အောင် ဆောင်ရွက်နိုင်သူများ ဖြစ်စေ ရေးအတွက် မျှော်မှန်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဆရာ၊ ဆရာမများ အနေဖြင့်လည်း ကျောင်းသား၊ ကျောင်းသူများ ပညာတတ်မြောက်စေရေးနှင့် ၎င်းတို့၏ ဘဝတစ်လျှောက် ကောင်းမွန်မှန်ကန်စွာလျှောက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေး ကြရန် တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပြီး တက္ကသိုလ်အတွင်း လှည့် လည်ကြည့်ရှုစစ်ဆေးကာ တက္ကသိုလ်ပရိဝုဏ်အတွင်း ကံ့ကော်၊ စိန်ပန်း၊ ခရေ စသည့် အရိပ်ရအပင်ကြီးများ စိုက်ပျိုးရေး၊ သန့်ရှင်းသာယာလှပရေးနှင့် ဥပဓိရုပ်ကောင်းမွန်စေ ရေး အတွက် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။