နည်းပညာတက္ကသိုလ်(မအူပင်)နှင့် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်များသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ကြည့်ရှုစစ်ဆေး

 

နည်းပညာတက္ကသိုလ်(မအူပင်)နှင့် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်များသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ဇန်နဝါရီ ၁၃

    သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် သည် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီလ ၁၂ ရက်မှ ၁၃ ရက်အထိ ဧရာဝတီတိုင်း ဒေသကြီး မအူပင်မြို့ရှိ နည်းပညာတက္ကသိုလ် (မအူပင်)နှင့်  ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်များသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာ ဇန်နဝါရီလ ၁၂ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မအူပင်မြို့ရှိ နည်းပညာတက္ကသိုလ်(မအူပင်) သို့ရောက်ရှိကာ ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ပါမောက္ခချုပ်က ကျောင်းဆိုင်ရာများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုနိုင်သည့် အရည်အချင်း ပြည့်ဝသော အင်ဂျင်နီယာများကို မွေးထုတ်ပေးခြင်းဖြင့် လူမှုအသိုက်အဝန်းတွင် နည်းပညာကဏ္ဍ ဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးနိုင်သည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးရန် မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည်  စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ စက်ပစ္စည်းများ၊ စာကြည့်တိုက်၊  အလုပ်ရုံများနှင့် ကျောင်းသား၊ ကျောင်းသူအိပ်ဆောင်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ  လိုအပ်သည်များကို မှာကြားဖြည့်ဆည်း  ဆောင်ရွက်ပေးခဲ့သည်။

ဇန်နဝါရီလ ၁၃ ရက်တွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်သို့ ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ပါမောက္ခချုပ်က ကျောင်းဆိုင်ရာ အချက်အလက်များ ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ကျောင်းသား၊ ကျောင်းသူများအား အရည်အချင်း ပြည့်ဝမှုရှိစေရေး လေ့ကျင့်သင်ကြားပေးရန် လိုအပ်သကဲ့သို့  ကျောင်းသား၊  ကျောင်းသူများကလည်း ကြိုးစားလေ့လာသင်ယူကြရန်၊ နိုင်ငံတကာ တက္ကသိုလ်များနှင့် ရင်ပေါင်တန်းနိုင်ရန် ပညာရေးနယ်ပယ် ကဏ္ဍအသီးသီးတွင် မျက်ခြည်မပြတ် အစဉ်လေ့လာကြိုးစား အားထုတ်ကြရန်လိုအပ်ကြောင်း၊  ဆရာ၊ ဆရာမများအနေဖြင့်   မိမိဒေသတွင်းမှ လိုအပ်ချက်များအပေါ် မူတည်၍ သုတေသန လုပ်ငန်းများကို လုပ်ဆောင်ကြရန်၊ ကျောင်းသား၊ ကျောင်းသူများ၏ လက်တွေ့လုပ်ငန်း များကိုဆောင်ရွက်ရာ၌  အမှန်တကယ် လိုအပ်သည့် လက်တွေ့ပစ္စည်းများကို စီမံ ချက်များရေးဆွဲပြီး ဖြည့်ဆည်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ လက်တွေ့ခန်းများအား သင်ရိုးညွှန်းတမ်းနှင့်အညီ ဖြည့်ဆည်း၍ ကျောင်းသား၊ ကျောင်းသူများကို စနစ်တကျ လေ့ကျင့်ပေးရန် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းစိမ်းလန်းစိုပြည်မှုရှိစေရေးဆောင်ရွက်ထားကြရန် မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လက်တွေ့ခန်းများ၊ ကွန်ပျူတာ ခန်းများ၊ သင်ထောက်ကူပစ္စည်းများ၊ စာကြည့် တိုက်၊ အလုပ်ရုံများ လှည့်လည်ကြည့်ရှု စစ်ဆေးကာ ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ၊  ဆရာမများနှင့်  ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို မှာကြားညှိနှိုင်း  ပေါင်းစပ်ဆောင်ရွက် ခဲ့ကြောင်း သတင်း ရရှိသည်။