ဝမ်းရေးထက်ပင် ခက်ပါသည်
ယမန်နေ့မှအဆက်
“ကိုထွန်းငြိမ်း ခုလိုဖြစ်ရတာဟာ အားလုံး ဗိုလ်ညို့ အကြံတွေချည်းပဲ ညီမရယ်။ ညီမနဲ့ပတ်သက်လို့ ကိုထွန်းငြိမ်းအပေါ် ဗိုလ်ညိုက တစ်သက်မကျေဖြစ်နေတယ်။ သိပ်အကြံပက်စက်တဲ့လူဗျာ။ ကိုထွန်းငြိမ်း တင်မကဘူး၊ ကျွန်တော့်ကိုပါ ကိုထွန်းငြိမ်းနဲ့ ပတ်သက်ပြီး ပါတီဌာနချုပ်ကို တိုင်စာပို့တယ်။ ကျွန်တော် ရခိုင်ကို ချက်ချင်းပြောင်းရတာကလည်း သူ့လက်ချက်ပဲ၊ သိပ်ဆိုးတဲ့လူ။ ဒီလိုလူမျိုးကို ပါတီကလည်း စစ်ရေး တာဝန်ခံ ခန့်ထားပေးတယ်။ သိပ်စိတ်ဓာတ်အောက် တန်းကျတဲ့လူ”
ကိုရဲမြင့်သည် ကြမ်းခင်းပြင်ကို ခေါင်းငုံ့စိုက် ကြည့်ကာ သူ၏မကျေနပ်ချက်များကို တစ်လုံးချင်း ဖွင့်အန်နေသည်။
ကိုရဲမြင့်က အကြောင်းစုံပြောပြမှ ကိုထွန်းငြိမ်း ထွက်ပြေးသွားရသော ညက အိမ်ကို လာဝိုင်းရာတွင် ဗိုလ်ညိုပါကြောင်း သိရသည်။ အိမ်အောက်က တက်ခေါက်၍ ဗဟိုက ရဲဘော်များကို ခေါ်ချသွားသူမှာလည်း ဗိုလ်ညိုပင်ဖြစ်သည်။
မခင်မှီနှင့်ပတ်သက်၍ မကျေနပ်ခဲ့သော ဗိုလ်ညို သည် ကိုထွန်းငြိမ်းအပေါ် အမျိုးမျိုး အကောက်ကြံခဲ့ လေသည်တကား။
“ခု ကိုထွန်းငြိမ်းဆီက ဘာသတင်းကြားလဲ ညီမ ရယ်”
ဤတစ်ခါတော့ ကိုရဲမြင့်သည် ကလေးပုခက်လွှဲ နေသော မခင်မှီကို လှမ်းကြည့်၍ မေး၏။
“အစ်ကိုငြိမ်းဆီက သတင်းရယ်လို့ ဘာမှ မကြားရပါဘူး ကိုရဲမြင့်။ ဟိုတုန်းကတော့ သူ ဒီကိုမပြန်လာရဲ တော့ဘူး။ မင်းဘူးမှာပဲ အလုပ်ရှာပြီး အလုပ်ရရင် ခင်မှီ့ကို ခေါ်မယ်လို့ စကားမှာရောက်ပါတယ်”
မခင်မှီမှာ ကိုထွန်းငြိမ်းအကြောင်း ပြောရင်း ဝမ်းနည်းစိတ်နှင့် မျက်ရည် ပိုးပိုးပေါက်ပေါက်ကျလာ သည်။
“အဲဒါပဲကောင်းပါတယ် ညီမရယ်။ ဒီမှာ ဆက်နေရင်လည်း သူ့ကို ဗိုလ်ညိုက တစ်နည်းမဟုတ်တစ်နည်း ကြံစည်ချင် ကြံစည်နေဦးမှာ။ ဒါပေမဲ့ ဒီကိစ္စအတွက် ပြေလည်သွားအောင်၊ ကိုထွန်းငြိမ်းအပေါ် ပါတီက သဘောပေါက်လာအောင်တော့ ကျွန်တော်လည်း အတတ်နိုင်ဆုံး ကြိုးစားကြည့်ပါဦးမယ်။ ကဲ ညီမ ငိုမနေပါနဲ့ကွယ်။ ကျွန်တော်လည်း ဒီကို ပြန်ရောက် လာပြီပဲ။ ကိုထွန်းငြိမ်းနဲ့ ညီမတို့အတွက် ကျွန်တော် အတတ်နိုင်ဆုံး ကူညီပါ့မယ်၊ စိတ်ချပါ”
အမှန်မှာ မခင်မှီ မျက်ရည် ပိုးပိုးပေါက်ပေါက် ကျလာသည်ကို မမြင်ရက်၊ မကြည့်ရက်၍သာ သူ့နှုတ်က ဖြေသိမ့်စကားပြောရသော်လည်း ရိုးသားသော ကိုထွန်းငြိမ်းနှင့် မခင်မှီတို့အတွက်ကိုမူ သူ့စိတ်ထဲကလည်း အသံတိတ် ငိုညည်းလျက်ရှိနေသည်။
ပြည်တွင်းစစ်ကြီးထဲတွင် အပြစ်မဲ့သော ပြည်သူတို့၏အဖြစ်ကို မြင်ရ၊ တွေ့ရသည်မှာ ရင်နာစရာ ကောင်းလှသည်။ ကိုရဲမြင့်အနေဖြင့် ဤအဖြစ်အပျက် များသည် ဟိုနေရာတွေ့၊ ဒီနေရာတွေ့နှင့် သူ၏ စည်းရုံးရေးနယ်ပယ်ထဲတွင်လည်း မကြာမကြာ တွေ့ရ ကြုံရသည်။ ထို့ကြောင့် တစ်ခါတစ်ခါ လက်နက်ကိုင် တော်လှန်နေကြသော မိမိတို့၏ အဖြစ်သနစ်ကိုပင် သံသယဝင်လာတတ်သည်။ အမှန်က ကိုရဲမြင့် တစ်ယောက်သာမဟုတ်၊ ပါတီဌာနချုပ်တွင်လည်း ယခုအခါ ပြည်တွင်းငြိမ်းချမ်းရေး ဟူသောစကားကို လူကြီးတွေဆီက ကြားစပြုပြီး ဖြစ်သည်။ ရဲဘော်ဖြူ တို့၏ မြို့တော်ဖြစ်သော ရခိုင်တိုင်း အမ်းမြို့ရှိ ပါတီ ဌာနချုပ်တွင် လူကြီးပိုင်းက ဤကိစ္စအတွက် တိုးတိုး တိတ်တိတ်ကျိတ်၍ ဆွေးနွေးကြပြီဖြစ်သည်။ သို့သော် ကျယ်ကျယ်လောင်လောင်ကား အသံမထွက်ရဲကြသေး။ တစ်ယောက်နှင့်တစ်ယောက်လည်း ယုံယုံကြည်ကြည် မပြောရဲကြသေး။ ဤစကားကြောင့် နောက်လိုက်ရဲဘော်ဖြူများ အလံနီ၊ အလံဖြူထဲ ရောက်သွားမှာလည်း စိုးရိမ်နေကြလေသည်။
ကိုရဲမြင့်သည် ဟိုဟိုဒီဒီ တွေးနေရာမှ အတွေး အားလုံးကို ခေါင်းထဲက ရုတ်ခြည်းဖယ်ထုတ်လိုက်ပြီး ပက်လက်ကုလားထိုင်ပေါ်၌ ထိုင်နေရင်း မတ်တတ် ထရပ်လိုက်သည်။ ထို့နောက် ကလေးငယ်အား ပုခက် လွှဲပေးနေသော မခင်မှီဆီလျှောက်လာပြီး ပုခက်ထဲက ကလေးကို စူးစူးစိုက်စိုက်ငုံ့ကြည့်လိုက်၏။
တုတ်တုတ်ခဲခဲနှင့် ချစ်စရာကောင်းလှသော ကိုထွန်း ငြိမ်းတို့၏ သမီးဦးလေးကို မြင်ရသောအခါ အမည် မဖော်ပြတတ်သော ဝေဒနာတစ်ခုသည် သူ့ရင်ကို ချက်ချင်းလှုပ်ခတ်လာတော့သည်။
“သမီးက အချောပဲ”
ကိုရဲမြင့်သည် ပုခက်ထဲက ခြေကားရား လက်ကား ရားနှင့် ယက်ကန်ယက်ကန်လုပ်နေသော ကလေးကို စိုက်ကြည့်ကာ တက်တက်ကြွကြွ ရေရွတ်လိုက်သည်။ ပါးစပ်ထဲက တရွှီရွှီ လေချွန်ကာ ကလေးကို မြှူနေသည်။
“ကိုရဲမြင့် ရခိုင်မှာ တော်တော်ကြာခဲ့တယ်နော်”
“လေးလကျော်ပဲ၊ ခု ကလေးက ဘယ်နှလရှိပြီလဲ”
“တစ်လပြည့်ဖို့ တစ်ရက်လိုသေးတယ် ကိုရဲမြင့်”
“သြော်...ဟုတ်လား၊ ဒီလိုဆိုရင် မနက်ဖြန်ဆို တစ်လပေါ့”
“ဟုတ်ကဲ့”
“ကလေးနာမည်ရောပေးပြီးပြီလား”
“ဟင့်အင်း မပေးရသေးပါဘူး”
ယခင်ကဆိုလျှင် နိုင်ငံရေးကလွဲပြီး တခြားစကားများ သိပ်မပြောတတ်သော ကိုရဲမြင့်သည် ဤတစ်ခါ ကလေးလေးနှင့်ပတ်သက်၍ ထွေထွေရာရာ မေးနေသည်ကို မခင်မှီမှာ အံ့သြချင်နေသည်။
ထို့ကြောင့်လည်း မခင်မှီသည် ကိုရဲမြင့်၏မျက်နှာကို မော့ကြည့်ကာ “ဘာလို့လဲ ကိုရဲမြင့်”ဟု မေးမိ၏။
ဆက်လက်ဖော်ပြပါမည်။