​​​​​​​ဘုရားစေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ဖျက်ဆီးမှုအပေါ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ကန့်ကွက်ရှုတ်ချပွဲများပြုလုပ်

ဘုရားစေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ဖျက်ဆီးမှုအပေါ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ကန့်ကွက်ရှုတ်ချပွဲများပြုလုပ်

နေပြည်တော်၊ ၂၀၂၄ ဇန်နဝါရီ  ၁၄

အကြမ်းဖက်သောင်းကျန်းသူများက ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော် များအား ဖျက်ဆီးစော်ကားမှုအား ကန့်ကွက်ရှုတ်ချပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၌ ကျင်းပပြုလုပ်လျက်ရှိသည်။

ထိုသို့ ပြုလုပ်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကမ်းနားလမ်း ရှုခင်းသာရင်ပြင်၌လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်သူ့ အားကစားကွင်း၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ ဗိုလ်ချုပ်ကြေးရုပ် ရှေ့၌လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ မြို့သစ်ရပ်ကွက်ရှိ ခရိုင်အားကစားကွင်း ၌လည်းကောင်း အသီးသီး ကျင်းပပြုလုပ်ကြရာ သတ်မှတ် နေရာအသီးသီးမှ ချီတက် စုဝေးကြပြီး သံဃာတော်များ နှင့် မျိုးချစ်ပြည်သူ ဦးဆောင်သူများက ဗုဒ္ဓဘာသာအပေါ် ဖျက်ဆီးရန် လုပ်ဆောင် နေမှုများကို ကန့်ကွက်ကြောင်း ဟောပြောကြသည်။

ထို့နောက် ကန့်ကွက်ရှုတ်ချပွဲသို့ တက်ရောက်လာကြသူများက “ သာသနာကို ဖျက်ဆီးနေသော အကြမ်းဖက်သူများ(ကျရှုံးပါစေ)၊ လူသတ်အကြမ်းဖက် သောင်းကျန်းသူ မှန် သမျှ(ဆန့်ကျင်ကြ)၊ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာ၀င် တိုင်းရင်းသားများ ကိုးကွယ် ယုံကြည်သည့် ဘုရား၊ စေတီ၊  ဆင်းတုတော်များအား စော်ကား ဖျက်ဆီးသူ(ဒို့ရန်သူ)၊ ဘုရား၊ စေတီ၊ ဆင်းတုတော်များကို ဖျက်ဆီးနေသော ပြည်ဖျက် မိစ္ဆာ သောင်းကျန်သူများ (ကျရှုံးပါစေ)၊ ဒို့ဘာသာ၊ ဒို့သာသနာ၊ ဒို့ယဉ်ကျေးမှု ဖျက်ဆီး စော်ကားသူများအား (ဆန့်ကျင်ကြ)၊ အကြမ်းဖက်အားပေး လောက်ကောင်များ(အလိုမရှိ)၊ သာသနာဖျက် အကြမ်းဖက်သမားများ (အလိုမရှိ)” စသည့် ကြွေးကြော်သံများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြသည်။

အဆိုပါ ကန့်ကွက်ရှုတ်ချပွဲများသို့  သက်ဆိုင်ရာ မြို့နယ်အသီးသီးမှ သံဃာ တော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် မျိုးချစ်ပြည်သူများ တစ်ခဲနက် တက်ရောက် ကန့်ကွက်ရှုတ်ချခဲ့ကြကြောင်း သတင်းရရှိသည်။