ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၂)နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၂)နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

 

(၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်)

ချစ်ခင်လေးစားအပ်ပါသော ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသား ပြည်သူညီအစ်ကို မောင်နှမများခင်ဗျား-

    ယနေ့ဇန်နဝါရီလ(၁၅)ရက်နေ့သည် ကယားပြည်နယ် အတွင်းရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့် ကယားတိုင်းရင်းသားများ အတွက် မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော ကယားပြည်နယ်နေ့ဖြစ်ပါသည်။

ယခုကဲ့သို့  နှစ်သစ်ကူးအခါသမယတွင် ကျရောက်သည့် ကယား ပြည်နယ်နေ့၌ ကယားတိုင်းရင်းသားများနှင့်   ပြည်ထောင်စုဖွား တိုင်းရင်းသားများ အားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း         ဆုမွန်ကောင်း တောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။

    ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ကရင်နီ ပြည်နယ်သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ပြည်နယ်တစ်ခုအဖြစ် ပါဝင်ခဲ့ပြီး ၁၉၅၁ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ချက် အက်ဥပဒေအရ လူထုဆန္ဒဖြင့်  ၁၉၅၂ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှစ၍ ကရင်နီပြည်နယ်မှ ကယားပြည်နယ်အဖြစ် တရားဝင် ပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်။ ထိုသို့ ကယားပြည်နယ်ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည့် နေ့ရက်ကို “ကယားပြည်နယ်နေ့” အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။

    ကယားပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့ပိုင်းတောင်တန်း ဒေသဖြစ်ပြီး တောတောင်ရေမြေ သဘာဝအလှတရားများ၊ မြေပေါ် မြေအောက် သယံဇာတများပေါကြွယ်ဝကာ ရိုးရာယဉ်ကျေးမှု အလှ တရားများဖြင့် သာယာလှပသော ပြည်နယ်ဖြစ်ပါသည်။ ရာသီဥတု မျှတပြီး ဒေသခံတိုင်းရင်းသားများ၏ ရင်းနှီးဖော်ရွေမှု၊ ရိုးသားမှုတို့သည် ပြည်နယ်၏ နှစ်သက်စွဲလမ်းဖွယ်ရာ ဂုဏ်အင်္ဂါများပင်ဖြစ်ပါသည်။ သာယာလှပသည့်ရှုခင်း၊ သန့်ရှင်းသပ်ရပ်သည့်  အခင်းအကျင်း၊ တိုင်းရင်းသားတို့၏ ပွင့်လင်းရိုးသားမှု၊ ဒေသခံသားချင်းများက ပြည်နယ် အကျိုးကို ဝိုင်းဝန်းဆောင်ရွက်မှုတို့ကြောင့် ဖွံ့ဖြိုးတိုးတက်ပြီး ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့သည့် ပြည်နယ်တစ်ခုလည်း ဖြစ်ပါသည်။

    ထိုသို့ရရှိပြီး အခြေခံကောင်းများကို အမိအရဆုပ်ကိုင်၍ ကယားပြည်နယ် တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများက  နိုင်ငံတော်အစိုးရနှင့်အတူ  ကြိုးပမ်းဆောင်ရွက် သွားကြရန်နှင့် ထာဝရငြိမ်းချမ်းရေးကို သားစဉ်မြေးဆက် ခံစားနိုင်အောင် တည်ဆောက်သွားကြရန် အထူးလိုအပ်နေချိန်ဖြစ်ပါသည်။

    မိမိတို့မြန်မာနိုင်ငံသည် တိုင်းရင်းသား အားလုံး စည်းလုံးညီညွတ် ကြပြီး ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါဝါ သိက္ခာရှိရှိ နှစ်ပေါင်း ထောင်ချီ လွတ်လပ်စွာ ရပ်တည်နေထိုင်ခဲ့ကြပါသည်။ သို့သော်လည်း နယ်ချဲ့တို့မှ မတရားကျူးကျော်စစ် သုံးကြိမ်ဖြင့် မြန်မာတစ်နိုင်ငံလုံးကို ကိုလိုနီနိုင်ငံအဖြစ် သွတ်သွင်းပြီး ကုပ်သွေးစုပ်ခြယ်လှယ် အုပ်ချုပ်ခဲ့ကြသည်မှာ အားလုံးအသိပင်ဖြစ်ပါသည်။

    ထိုသို့ မတရား ဖိနှိပ်အုပ်ချုပ်မှုအောက်မှ တိုင်းရင်းသားအားလုံးက မျိုးချစ်စိတ် အပြည့်အဝဖြင့် အသက်သွေးချွေး မြောက်မြားစွာ ပေးဆပ်ကာ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ကြိုးပမ်းခဲ့ကြပါသည်။ လွတ်လပ်ရေး ရချိန်တွင် လွတ်လပ်ရေးနှင့်အတူ နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်သည့် အမွေဆိုးကြောင့် ပြည်ထောင်စုကြီး အတွင်း တိုင်းရင်းသား စည်းလုံး ညီညွတ်မှုပြိုကွဲကာ ပြည်တွင်းရေး ပဋိပက္ခများ ဖြစ်ပေါ်လာခဲ့ပါသည်။ ယခုကာလတွင်လည်း ကယားပြည်နယ်အပါအဝင် အထူးသဖြင့် တိုင်းရင်းသားများ နေထိုင်ရာဒေသများတွင် လက်နက်ကိုင် တိုက်ပွဲများ ဖော်ဆောင်နေခြင်း၊ ဆူပူအကြမ်းဖက်၊ ဖျက်ဆီးနှောင့်ယှက်မှုများကြောင့် ဒေသခံတိုင်းရင်းသား ပြည်သူများ  ဒုက္ခများစွာ  ခံစားနေကြရပြီး နိုင်ငံအတွက် အန္တရာယ် များလာနိုင်သဖြင့်  သက်ဆိုင်သူအားလုံးနှင့် တိုင်းရင်းသား ပြည်သူအားလုံးအနေဖြင့်  တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရ ငြိမ်းချမ်းရေးအတွက် အလေးထားစဉ်းစား ဆောင်ရွက်သင့်ပြီ ဖြစ်ကြောင်း အသိပေးပြောကြားလိုပါသည်။

    ကယားပြည်နယ်တွင်လည်း အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် ဒေသတွင်း တည်ငြိမ်နေမှုများ ပျက်ပြားအောင် ဆောင်ရွက်ခြင်း၊ မြို့ရွာများကို တိုက်ခိုက်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကုန်စည်စီးဆင်းမှု ပြတ်တောက်အောင် လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းစသည်တို့အပြင် အများပြည်သူပိုင် မော်တော်ယာဉ်များ၊ အဆောက်အအုံများ၊ ဈေးများ ဖျက်ဆီးခြင်း၊ ဘုန်းကြီးကျောင်းများ၊ ကလေးသူငယ်များ ပညာသင်ကြားနေသော စာသင်ကျောင်းများ၊ ခရစ်ယာန်ဘာသာရေးကျောင်းများ၊ ရုံးအဆောက်အအုံများ အစရှိသည် တို့ကို ဖျက်ဆီးခဲ့ခြင်းများသည် လွန်စွာမှ အကျည်းတန် ရုပ်ဆိုးလှပြီး ပြည်သူလူထု အတိဒုက္ခရောက်စေခြင်းကို ဖြစ်ပေါ်စေခဲ့ပါသည်။

    ထိုအခြေအနေများ၏ အကျိုးဆက်သည် ကယားပြည်နယ်နှင့် ဒေသခံတိုင်းရင်းသားတို့၏ ကောင်းကျိုးကို ဖော်ဆောင်နိုင်မည် မဟုတ် သကဲ့သို့ နိုင်ငံတော်နှင့်ပြည်သူ အားလုံးအတွက် အန္တရာယ်ဖြစ်စေကြောင်း သတိထားဆင်ခြင်နိုင်ကြရန် လိုအပ်ပါသည်။

    မိမိတို့ပြည်ထောင်စုဖွား တိုင်းရင်းသားများ အနေဖြင့် မတူညီသော မိမိတို့ဆန္ဒများကို ရှေ့တန်းတင်ဆောင်ရွက်နေမည်ဆိုပါက အချင်းချင်း အကြားမပြေလည်မှုများ၊ ပဋိပက္ခများဖြင့် တည်ငြိမ်အေးချမ်းမှု ကင်းမဲ့ကာ ဆင်းရဲဒုက္ခများကို ဆက်လက် ရင်ဆိုင်နေကြရမည်သာ ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်အတွင်း ဖြစ်ပေါ်နေသော အခြေအနေများကို မှန်မှန်ကန်ကန်ရှုမြင်ပြီး ကောင်းကျိုးများဖြစ်ထွန်းလာအောင် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။

ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူညီအစ်ကိုမောင်နှမများခင်ဗျား-

    တိုင်းရင်းသားပြည်သူ အားလုံး၏ ဆန္ဒအမှန်မှာ အေးချမ်းသာယာ ဝပြောရေး၊ တရားဥပဒေစိုးမိုးရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် စားဝတ်နေမှုဖူလုံရေးပင် ဖြစ်ပါသည်။ နိုင်ငံတော် တည်ငြိမ်အေးချမ်းပြီး တရားဥပဒေ စိုးမိုးမှုရှိမှသာ တိုင်းရင်းသားပြည်သူများ အေးချမ်းစွာဖြင့် အသက်မွေးဝမ်းကျောင်း ပြုနိုင်ကြမည်ဖြစ်ကာ လူမှုစီးပွားဘဝ တိုးတက် လာနိုင်မည်ဖြစ်ပါသည်။ လက်ရှိနိုင်ငံအတွင်း ကြုံတွေ့နေရသော အခက်အခဲများနှင့် ကြမ်းတမ်း ခက်ထန်မှုများအတွက် အဓိကကျသော အဖြေမှာ အမျိုးသားရင်ကြားစေ့ရေး၊ စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပင်ဖြစ်ပါသည်။ ထို့ကြောင့် ပြည်ထောင်စုအရေး၊ နိုင်ငံရေးနှင့် တိုင်းရင်းသား ပြည်သူအားလုံး၏ အရေးကို အလေးပေးကာ တည်ငြိမ် အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား ပြည်သူအားလုံးတို့က လက်တွဲညီစွာဖြင့် ဝိုင်းဝန်းဆောင်ရွက် သွားကြရန် တိုက်တွန်းလိုပါသည်။

    နိုင်ငံတော်အစိုးရ အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး တို့ကို အမျိုးသားရေး ရည်မှန်းချက်အဖြစ် ချမှတ် ဆောင်ရွက်လျက်ရှိပါသည်။ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့ကို ခေတ်မီနည်းစနစ် များဖြင့် တိုးတက်လာအောင် ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍ များကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်လာစေရန် အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။ တိုးတက်ကောင်းမွန်လာသော စီးပွားရေး မောင်းနှင်အားကို မဏ္ဍိုင်ပြု၍ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်း(MSME)များကို အားပေးမြှင့်တင်ပေးလျက်ရှိပါသည်။ တိုင်းရင်းသား ပြည်သူအားလုံးက အမျိုးသားရေး ရည်မှန်းချက်များ အောင်မြင်ရေး ကျရာကဏ္ဍမှ ပါဝင်ဆောင်ရွက် သွားကြရမည်ဖြစ်ပါသည်။

    နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအား အဓိက စွမ်းအားစုအဖြစ် ပါဝင်လာနိုင်ရေး မြှင့်တင်ဆောင်ရွက် ပေးကြရမည်ဖြစ်ပါသည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် လူငယ်လူရွယ်များ အပါအဝင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးသည် အသိပညာ၊ အတတ်ပညာများ၊ စဉ်းစားတွေးခေါ် နိုင်သည့် စွမ်းရည်များ ပြည့်စုံကြရန် လိုအပ်ပါသည်။ နိုင်ငံတော်အစိုးရ အနေဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော် တည်ဆောက်ရေး အတွက် လိုအပ်သည့် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

    ပညာရေးသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် အခြေခံအုတ် မြစ်ဖြစ်ပါသည်။ ထို့ကြောင့်လည်း လူတိုင်းလက်လှမ်းမီသည့် ဘက်စုံ ပညာရေးစနစ်ကို အကောင်အထည်ဖော်ရေး လူမှုရေးဦးတည်ချက် ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိရေး၊ အနည်းဆုံး အလယ်တန်းအဆင့် (KG+9)ပြီးမြောက်သည်အထိ ပညာသင်ယူနိုင်ရေး၊ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အသက်မွေးဝမ်းကျောင်း ပညာကို အထက်တန်းအဆင့်တွင် သင်ယူနိုင်ရေးတို့ကို အကောင်အထည် ဖော်လျက်ရှိပါသည်။

    လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး၊ ပညာရည်မြင့်မားရေး၊ တိုင်းရင်းသား ညီအစ်ကိုအားလုံး စည်းလုံးညီညွတ်ရေးတို့ သည် အမျိုးသားရေးကိစ္စ၊ အမျိုးသားရေး အကျိုးစီးပွားပင်ဖြစ်ပါသည်။ လူငယ်များကို အတတ် ပညာနှင့်အတူ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တို့ ရှင်သန် ကိန်းအောင်းလာပြီး အမှန်နှင့်အမှား၊ အကောင်းနှင့်အဆိုးကို စဉ်းစားဝေဖန်ပိုင်းခြား နိုင်စွမ်းရှိသော ဥပဒေနှင့် စည်းကမ်းများကို လေးစားလိုက်နာပြီး စွမ်းဆောင်ရည် မြင့်မားသည့် နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန် ပြုစုပျိုးထောင်ပေး ကြရပါမည်။ သို့မှသာ ဗလငါးတန်နှင့် ပြည့်စုံပြီး စွမ်းဆောင်ရည်မြင့်မားသည့် မျိုးဆက်သစ်များအဖြစ် အနာဂတ်နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက် နိုင်ကြမည်ဖြစ်ပါသည်။

ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူညီအစ်ကိုမောင်နှမများခင်ဗျား-

   ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ ခိုင်မြဲရေးအတွက် အမျိုးသားရေး တာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားပြီး တိုင်းရင်းသား ပြည်သူများအကြား တိုင်းရင်းသား စည်းလုံးညီညွတ်ရေး စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ် အခြေခံကောင်းများ ပွားများဖြစ်ထွန်းအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

    မိမိတို့ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အကြား  အပြန်အလှန် လေးစားမှု၊ နားလည်မှု၊ ယုံကြည်မှုများဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို  အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ကြရာတွင် ကယားပြည်နယ်ရှိ တိုင်းရင်းသားများ ကလည်း အတွေးအခေါ်အယူအဆ မှန်ကန်စွာဖြင့် စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းပူးပေါင်း   ပါဝင်ဆောင်ရွက်သွားကြရန် အလေးအနက် တိုက်တွန်းလျက် သဝဏ်လွှာ ပေးပို့အပ်ပါသည်။

 

ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ

သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်

နိုင်ငံတော်ဝန်ကြီးချုပ်

ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ