ဝမ်းရေးထက်ပင် ခက်ပါသည်
ယမန်နေ့မှအဆက်
ထို့ကြောင့်လည်း မခင်မှီသည် ကိုရဲမြင့်၏မျက်နှာကို မော့ကြည့်ကာ “ဘာလို့လဲ ကိုရဲမြင့်”ဟု မေးမိ၏။
“ဘာမှမဟုတ်ပါဘူး။ ကလေးကို ဘယ် လိုနာမည်ပေးမလဲဆိုတာ မေးမလို့ပါ”
ကိုရဲမြင့်က ရှက်သွားသလို ပြုံး၍ဖြေသည်။
“ဘယ်လိုနာမည်ပေးရကောင်းမလဲ ကို ရဲမြင့်”
“ကျွန်တော်တို့ ကိုငြိမ်းကြီးက သူ့သမီးလေးကို ဘယ်လိုနာမည်ပေးမယ် ပြောဖူးလဲ”
“အရင်က အစ်ကိုငြိမ်းပြောဖူးတာကတော့ သားလေးဆိုရင် မောင်ထွန်းခင် တဲ့။ သမီးလေးဆိုရင် မခင်ငြိမ်းလို့ ပေးမယ်တဲ့။ ညီမနာမည်ရော၊ သူ့နာမည်ပါ ပါအောင်တဲ့လေ။ ယောကျ်ားလေးဆိုရင် သူ့နာမည် ထွန်းဆိုတာကို ဦးဆုံးထည့်ပြီး မိန်းကလေးဆိုရင် ညီမနာမည် ခင်ကို ရှေ့ကထည့်မယ်တဲ့”
“ဒီလိုဆို ခု ဒီကလေးဟာ “မခင်ငြိမ်း” ပေါ့နော်”
“ကောင်းမလား မသိဘူးလေ။ သူ့ ဦးလေး၊ သူ့အဒေါ်တွေကတော့ အင်္ဂါသမီး မို့ “မေစစ်” လို့ပေးချင်သတဲ့။ ကိုရဲမြင့်က ရော ဘယ်လိုပေးချင်လို့တုံး”
“ဟာ မေစစ်တော့ မကြိုက်ဘူးဗျာ။ ဒီစစ်ဆိုတဲ့စကားက နိမိတ်ကိုမကောင်းပါဘူး။ ခင်ငြိမ်း ခင်ငြိမ်း ခင်ငြိမ်း၊ ဒီနာမည် သိပ်ကောင်းတယ်။ ကျွန်တော်တို့ ကိုငြိမ်းကြီး အကြိုက်လည်းဖြစ်တယ်။ မခင်ငြိမ်းလို့ ပဲ မှည့်ပါ။ ငြိမ်းဆိုတဲ့ စကားလုံးဟာ သိပ် အဓိပ္ပာယ်ရှိတယ်။ အရပ်သားအတွေးနဲ့ ရိုးရိုးတွေးရင် ငြိမ်းတယ်၊ ချမ်းတယ်ဆိုတဲ့ သဘော။ ကျွန်တော်တို့ ရဲဘော်ဖြူတွေ အနေနဲ့ဆိုရင်လည်း ငြိမ်းချမ်းရေးရတော့ မယ်ဆိုတဲ့ အတိတ်နိမိတ် မဟုတ်ဘူးလား ကွနော်။ သမီး မခင်ငြိမ်း၊ သမီးနာမည် မခင်ငြိမ်းပါပဲ ကျွန်တော့်သမီး”
ကိုရဲမြင့်သည် သူ့အဓိပ္ပာယ်နှင့်သူ သဘောကျကာ ကလေးကို ကောက်ချီ လိုက်သည်။
“မခင်ငြိမ်းတဲ့ဟေး၊ ကျွန်မနာမည် ခင် ငြိမ်းပါတဲ့လို့ ပြောလိုက်စမ်း သမီးရယ်” ဟု လည်း ရေရွတ်၍ ကျေနပ်နေသည်။
“မေစစ် ဆိုတာတော့ ကိုရဲမြင့် သဘော မကျဘူးပေါ့”
“ဟင့်အင်း မကျဘူး၊ မကျဘူး”
“ဘာလို့လဲ ကိုရဲမြင့်ရယ်”
“စစ်ဆိုတာ ပါနေလို့လေ၊ စစ်ဆိုတာ ကောင်းတာမှမဟုတ်တာ။ အဲဒါကြောင့် ပညာရှိတွေက အဆိုအမိန့်ရှိတယ်။ ကောင်းသောစစ်နဲ့ မကောင်းသော ငြိမ်းချမ်းရေးဆို တာ မရှိဘူးတဲ့။ စစ်ဆိုရင် ပြည်တွင်းစစ်ပဲ ဖြစ်ဖြစ်၊ ပြည်ပစစ်ပဲဖြစ်ဖြစ် ဘာစစ်မှ မကောင်းဘူး။ ခု ကြည့်လေ ပြည်တွင်းစစ် ကြောင့်”
ဤစကား အရောက်တွင်တော့ မခင်မှီ၏ မျက်နှာညှိုးသွားသဖြင့် ကိုရဲမြင့်က နှုတ်ဆွံ့သွားသည်။
“ဒါနဲ့တောင် ကိုရဲမြင့်တို့ စစ်တိုက်နေ ကြသေးတယ်နော်”
“ဒါတော့ မလွှဲမရှောင်သာလို့ပါ မခင်မှီ။ ကျွန်တော်တို့ မလွှဲမရှောင်သာလို့ တိုက်နေ ကြရတာပါ”
ကိုရဲမြင့်၏အသံမှာ လှိုက်ခတ်လာသည်။
“ဟေ့ မောင်ရဲမြင့် မဟုတ်လား”
မန်းချောင်းနား ရေသွားခပ်ရာမှ ပြန်လာသော ဒေါ်ခင်ရီ၏စကားကြောင့် ကိုရဲမြင့်က အိမ်ရှေ့ဘက် လှမ်းကြည့်လိုက်သည်။
“ဟုတ်ကဲ့၊ ဟုတ်ပါတယ် ဒေါ်ဒေါ်”
“မင်းက ပျောက်ချက်သား ကောင်းနေ လိုက်တာ”
“ဟုတ်ကဲ့ ကျွန်တော် ရခိုင်ဘက် ရောက် နေလို့ပါ”
“ခု ဒီကိုရောက်တာ ကြာပြီလား”
“မကြာသေးပါဘူး ဒေါ်ဒေါ်”
“အေး ကိုဘကျော်လည်း လက်ပန်ဘက် ထွက်သွားတာ ဒီနေ့ညနေ ပြန်ရောက် မလားပဲ။ သမီး ညနေစာအတွက် စီစဉ်ပါ ဦးကွယ်”
မခင်မှီတို့ အမေက ညနေစာအတွက် စီစဉ်ရန် ပြောလိုက်သည်။
“ဟော့ မောင်ရဲမြင့် ကိုယ်ပေါ် သမီး သေးပါချပြီ။ အားနာစရာကောင်းလိုက်တာ မောင်ရဲမြင့်ရယ်။ ကဲ ပေးပေး၊ ကလေး အဒေါ့်ကိုပေး”
“ဟားဟား ရပါတယ် အဒေါ်ရယ်။ အရေးမကြီးပါဘူး”
ကိုရဲမြင့်က တဟားဟားရယ်ရင်း မခင် မှီ သမီးလေးကို မခင်မှီ့အမေဆီ လှမ်းပေး လိုက်သည်။ ပြီး ကလေးသေးရည်စို သွား သောပုဆိုးကို ခါနေသည်။
“ဟဲ့ ခင်မှီ၊ မောင်ရဲမြင့်ကို ကိုဘကျော် လုံချည်တစ်ထည်ပေးလိုက်ပါဦး”
“အရေးမကြီးပါဘူး ဒေါ်ဒေါ်၊ ကျွန် တော် ပုဆိုးအပိုပါပါတယ်”
မခင်မှီသည် ပုဆိုးတစ်ထည်ကို ယူလာ ပြီး ကိုရဲမြင့်ကို ပေးသည်။
“နေပါစေ ညီမ၊ ကျွန်တော့်ပုဆိုး အပို ပါတယ်။ ဥက္ကဋ္ဌကြီး ပုဆိုးလား နေပါစေ”
“အို ကိုရဲမြင့်ကလည်း မဟုတ်တာ၊ လဲ လိုက်စမ်းပါ။ ဦးလေး ပုဆိုးမဟုတ်ပါဘူး၊ ကို ကိုထွန်းငြိမ်း ပုဆိုးပါ”
ဤတစ်ခါတော့ ကိုရဲမြင့်သည် ဘာမှ စောဒကမတတ်တော့ဘဲ မခင်မှီလက်ထဲက ပုဆိုးကို လှမ်းယူ၍ လဲဝတ်လိုက်ရသည်။ ကိုရဲမြင့်ပုဆိုးကိုမူ မခင်မှီက လျှော်ဖွပ်ရန် ယူသွားလေသည်။
ထိုနေ့ညနေက ကိုရဲမြင့်သည် မခင်မှီ တို့အိမ်၌ တစ်ညအိပ်သွားလေသည်။
နောက်တစ်နေ့ ဝေလီဝေလင်း နံနက် ထမှာတော့ ကိုထွန်းငြိမ်း၊ မခင်မှီတို့ သမီး ဦးကို ကိုရဲမြင့်က “မခင်ခင်ငြိမ်း” ဟု အမည် ပေးသည်။ သူ့လည်ပင်းက ငါးမူးသား လောက်ရှိမည့် ရွှေကြိုးတစ်ကုံးကိုလည်း ကလေးလည်ပင်းတွင် အတင်းဆွဲပေး၏။ မခင်မှီနှင့် အမေတို့က အတင်းတားပြီး ပြန်ပေးကြသည့်ကြားထဲက အတင်းဆွဲပေး သွားသည်။ သူ့ကိုခင်ကြရင် လက်ခံရမည်ဟု အတင်းအကျပ်ကိုင်ကာ သမီးလေး တစ်လပြည့်တဲ့နေ့မှာ နာမည်ပေး ကင်ပွန်း တပ် အမှတ်တရဟု ဆိုသည်။
ဆက်လက်ဖော်ပြပါမည်။