ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်း ပုစွန်အစုံ ပိဿာချိန် ၇၂၀၀၀ အထိ တင်ပို့ရောင်းချ

 

ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်း ပုစွန်အစုံ ပိဿာချိန် ၇၂၀၀၀ အထိ တင်ပို့ရောင်းချ

 

    ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်မှ  ရန်ကုန်ဈေးကွက်သို့  ပြီးခဲ့သည့်ဒီဇင်ဘာလ အတွင်း  ပုစွန်အစုံပိဿာချိန် ၇၂၀၀၀ အထိ တင်ပို့ ရောင်းချခဲ့ကြောင်း  ဘိုကလေးမြို့နယ်၌  ရေထွက် ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံ လုပ်ငန်းလုပ်ကိုင် သူ  ဒေါ်အငယ်မ၏ ပြောပြချက်အရ သိရသည်။

ဘိုကလေးမြို့နယ်၌   ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး ပွဲရုံလုပ်ငန်း လုပ်ကိုင်သူများသည် ဒေသထွက် ရေထွက်ကုန်များကို ဝယ်ယူပြီး စနစ်တကျသန့်စင်၍ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိရာ ပြီးခဲ့သည့် နိုဝင်ဘာလက  ပုစွန်အစုံပိဿာချိန်  ၅၇၀၀၀ ခန့်သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဒီဇင်ဘာလ ၁ ရက်မှ ၃၁ ရက်အထိ တစ်လတာ ကာလအတွင်း ပုစွန်အစုံ ပိဿာချိန်   ၇၂၀၀၀  အထိ   တင်ပို့ရောင်းချနိုင်ခဲ့သည်။

“ဘိုကလေးမြို့နယ်ကနေ   ရန်ကုန်ဈေးကွက်ကို အရင်ထက် ပုစွန်အစုံ ပိဿာချိန် တော်တော်များများ   တင်ပို့ရောင်းချနေရတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်း ရန်ကုန်ဈေးကွက်က အဝယ်လိုက်ခဲ့တာကြောင့် ပိဿာချိန်   ၇၂၀၀၀ အထိ  တင်ပို့ရောင်းချခဲ့ရတယ်”  ဟု  ဒေါ်အငယ်မ ကပြောသည်။

ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ခဲ့သည့် ပုစွန်အမျိုးအစား များမှာ ပုစွန်ဘော့ချိတ်၊ ပုစွန် ဆိတ်၊ ပုစွန်ဆိတ်အကြီး၊ ပုစွန်တုပ်ကြီးတို့ဖြစ်ကြောင်း သိရသည်။