ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေး အဖွဲ့ ရခိုင်ပြည်နယ် သံတွဲမြို့သို့ ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်

 

ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေး အဖွဲ့ ရခိုင်ပြည်နယ် သံတွဲမြို့သို့ ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်

 

နေပြည်တော် ဇန်နဝါရီ ၁၄

    မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်  ပြည်သူ့ဆေးရုံကြီး ခုတင်-၁၀၀၀၊  မြောက်ဥက္ကလာပ   ပြည်သူ့ဆေးရုံကြီးနှင့်  မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်း  ခွဲစိတ်အထူးကုဆေးရုံကြီး-မန္တလေးတို့မှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများပါဝင်သည့်  အထူးကုဆေးကုသရေး အဖွဲ့သည် ကျန်းမာရေး ဝန်ကြီးဌာန အစီအစဉ်ဖြင့် ဇန်နဝါရီလ ၁၃  ရက်နှင့်  ၁၄ ရက်တို့တွင်  ရခိုင်ပြည်နယ် သံတွဲမြို့သို့ သွားရောက်၍ ခရိုင်ပြည်သူ့ဆေးရုံ၊ သံတွဲမြို့မှ အထူးကုဆရာဝန်များနှင့်အတူ ဒေသခံပြည်သူများကို ဆေးကုသမှုများ ဆောင်ရွက်ပေးသည်။  

အဆိုပါ ခရီးစဉ်အတွင်း နှလုံးဆေးကုသမှုဆိုင်ရာ လူနာ ၁၃၀ ဦး၊ အစာအိမ်အူလမ်း ကြောင်းဆိုင်ရာလူနာ ၁၂၀ ဦး၊ ရင်ခေါင်းဆေးကုသမှုဆိုင်ရာ လူနာ ၁၀၆ ဦး၊ ဦးနှောက်နှင့်အာရုံကြော ဆေးကုသမှုဆိုင်ရာ လူနာ ၃၁၈ဦး၊ ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်ကုသမှု ဆိုင်ရာလူနာ ၂၁ ဦး၊ အသည်းရောဂါဆိုင်ရာ လူနာ ၇၇ ဦး၊ အထွေထွေရောဂါ ဆေးပညာဆိုင်ရာ လူနာ ၁၈၉ ဦး၊  ဆီးချိုနှင့် ဟော်မုန်း ရောဂါဆိုင်ရာ လူနာ ၁၁၉ ဦး၊ မျက်စိရောဂါ ဆိုင်ရာလူနာ ၃၈၁ ဦး၊  နား၊  နှာခေါင်း၊ လည်ချောင်းရောဂါဆိုင်ရာ လူနာ ၃၂၂ ဦး၊  အရိုးရောဂါလူနာ ၄၀၆ ဦး၊ အရိုးအကြောအဆစ်ရောဂါလူနာ ၉၈ ဦး စုစုပေါင်းဒေသခံ ပြည်သူ ၂၂၈၇ ဦးကို ကြည့်ရှုကုသမှုပေးနိုင်ခဲ့သည်။

လာရောက်ပြသသော လူနာများတွင် သံတွဲမြို့၊ တောင်ကုတ်မြို့နှင့် ဂွမြို့နယ်တို့မှ မြို့ပေါ်နှင့်  ကျေးလက်နေပြည်သူများ ပါဝင်ပြီး  ရောဂါရှာဖွေ စမ်းသပ်မှုများ အနေဖြင့် နှလုံးပုံရိပ်ဖော်စက်ဖြင့်    ကြည့်ရှုခြင်း (Echocardiography) ၅၅ ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း ၈၆ ဦး၊ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်း ၃၅၄ ဦး၊ Ultrasound ရိုက်ကူးခြင်း ၆၃ ဦးနှင့်  နှလုံးစက်ဖြင့် စစ်ဆေးခြင်း (ECG) ၂၅၀ ဦး တို့ကို စမ်းသပ် စစ်ဆေးပေးနိုင်ခဲ့သည်။ ထို့ပြင်  မျက်စိ အတွင်းတိမ်လူနာ ရှစ်ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး ဦးနှောက်နှင့်အာရုံကြော ရောဂါဆိုင်ရာ လူနာ  တစ်ဦး၊  နား၊ နှာခေါင်း၊ လည်ချောင်းရောဂါဆိုင်ရာ   လူနာနှစ်ဦး၊ အရိုးရောဂါဆိုင်ရာလူနာ   တစ်ဦးတို့ကို ရန်ကုန်ရှိ သက်ဆိုင်ရာ ဆေးရုံကြီးများသို့ လွှဲပြောင်းကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးချစ်သည် ခရိုင်နှင့်မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့များနှင့်အတူ ဇန်နဝါရီလ ၁၃ရက်တွင် ပါမောက္ခ/အထူးကုဆရာဝန်ကြီးများအား လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခြင်း၊ ဇန်နဝါရီလ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် အထူးကု   ဆေးကုသရေး အစီအစဉ်သို့  လာရောက်ပြသကုသမှု ခံယူကြသော လူနာများကိုကြည့်ရှု အားပေးပြီး ပါမောက္ခ/အထူး ကုဆရာဝန်ကြီးများအား တွေ့ဆုံနှုတ်ဆက်၍ ကျေးဇူးတင်စကားပြောကြားခြင်း၊ ဒေသထွက် လက်ဆောင်များ ပေးအပ်ခြင်း၊ ညစာအတူသုံးဆောင်ခြင်းတို့ကို  ဆောင်ရွက်ခဲ့သည်။ လာရောက်ပြသသော လူနာများကို သံတွဲမြို့မှ သိမ်ကုန်းကျောင်းဆရာတော် ဘဒ္ဒန္တတေဇိန္ဒနှင့် အလှူရှင်များက နေ့လယ်စာ အာဟာရဒါနထမင်း လှူဒါန်းခဲ့သည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှ အထူးကုသမှုဆိုင်ရာ (Super Speciality) ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၏ အထူးကုကွင်းဆင်း ကုသရေး ခရီးစဉ်များကို ၂၀၂၃ ခုနှစ်အတွင်း ၁၅ ကြိမ်၊ ၂၀၂၄ ခုနှစ် အတွင်း တောင်ကြီးမြို့၊ ပြည်မြို့နှင့် ယခု သံတွဲမြို့တို့၌   ဆောင်ရွက်ထားရှိပြီး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း  သိရသည်။