ဝမ်းရေးထက်ပင် ခက်ပါသည်

 

ဝမ်းရေးထက်ပင် ခက်ပါသည်

 

ယမန်နေ့မှအဆက်

 

“မခင်ခင်ငြိမ်း”မှာ ကိုထွန်းငြိမ်းရော မခင်မှီကပါ သဘောကျပြီးသား၊ ရွေးပြီးသားနာမည်ဖြစ်သဖြင့် မည်သို့မျှ ကန့်ကွက်စရာမရှိပေ။ “ခင်” တစ်လုံးပိုလာသည်ကလွဲလျှင် အားလုံးအားလုံး ကျေနပ်ကြမည့်နာမည် ပင်တည်း။

သို့သော် ကိုရဲမြင့်သည် “ခင်”ဆိုသည့်နာမည်တစ်လုံးကို  မည်သည့် အဓိပ္ပာယ်နှင့် အပိုပေးထားခဲ့သည်ကိုတော့ မည်သူမျှ မတွေးမိ၊ မမေးမိ ကြပေ။

“ကျွန်တော် ပြန်ပါဦးမယ် ဒေါ်ဒေါ်”

“ထမင်းစားပြီးမှ ပြန်ပါလားကွယ်”

“နေပါစေ အဒေါ်ရယ်၊ ဒီကနေ့ ဆရာကြီးအိမ် ပြန်စားမယ်ပြောထား ခဲ့လို့ပါ”

“အေးအေး”

ကိုထွန်းငြိမ်းသည် ကိုရဲမြင့်တို့ အမေပွဲရုံမှ ဆရာကြီးဦးကျော်ရွှေအိမ် သို့ ပြန်လာသည်။

ကိုထွန်းငြိမ်းမှာ ရဲဘော်ဖြူတို့ဆီ၌ အထင်လွဲခံရပြီး ဒဟပ်ကုန်းက ထွက်ပြေးလာခဲ့ရသည်မှာ လေးငါးလခန့်ပင် ရှိသွားလေပြီ။ ထိုလေးငါးလ အတွင်း သူသည် မခင်မှီကို နေ့စဉ်သတိရလျက်ရှိသည်။ ကိုယ်ဝန်အရင့်အမာနှင့် ကျန်ခဲ့သော မခင်မှီသည် ယခုအခါ သားသားလေးလား၊ မီးမီး လေးလားဟု မသိရသော ကလေးအမေပင် ဖြစ်နေရှာရော့မည်။ နေထိုင်မှ ကောင်းပါလေရဲ့လား။ ကျန်းကျန်းမာမာပင် ရှိပါလေရဲ့လား စသည်စသည် အတွေးမျိုးကို တွေးမိပြီဆိုလျှင် ကိုထွန်းငြိမ်း၏ရင်ထဲမှာ အမြဲပူလောင် ခဲ့ရသည်။  မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရသည်။  ကျိတ်၍ငိုခဲ့ရသော ရက်တွေလည်း မနည်းခဲ့။

သို့သော် ဒဟပ်ကုန်းကိုကား ကိုထွန်းငြိမ်းတစ်ယောက် မပြန်နိုင်ခဲ့ပေ။ ကိုထွန်းငြိမ်း ဒဟပ်ကုန်းက ပြေးလာရပြီး မကြာမီပင် သူတို့နယ်ဘက်ကို အစိုးရက  ထိုးစစ်ဆင်နေသဖြင့် လမ်းပိတ်ခဲ့သည်။  မခင်မှီ၏သတင်း၊ ရပ်သတင်း၊ ရွာသတင်းကို ကြားလို၊ သိလိုဇောနှင့် ဈေးဘက်တွင် သူတို့ နယ်ကလူတွေကို ရှာခဲ့ရသည်မှာလည်း နေ့တိုင်းလိုလိုပင်။ ယခင် နှစ်လ ကျော်လောက်ကမူ ဒဟပ်ကုန်းမြောက်ပိုင်းက မင်းဘူးကို ဈေးဝယ်လာသူ  တစ်ဦးနှင့် မခင်မှီဆီ စကားအမှာပါးခဲ့ရသည်။ သူ မင်းဘူးတွင် အလုပ် အကိုင်အဆင်ပြေလျှင် မှာလိုက်မည်ဟု။

ယခုတော့ သူသည် အလုပ်အကိုင်အတည်တကျ မရသေးသော်လည်း ကိုရဲမြင့်တို့ အမေပွဲရုံတွင် ကူညီလုပ်ကိုင်ပေးကာ အဆင်ပြေနေလေပြီ။ မခင်မှီ မင်းဘူးတွင် လာနေလျှင်လည်း သူတို့မိသားစု၏ စားဝတ်နေရေးမှာ အဆင်ပြေနေနိုင်လေပြီ။ သားနှစ်ယောက်ရှိသော်လည်း တစ်ယောက်မှ သူတို့မျက်စိအောက်တွင် မရှိကြဘဲ တစ်ယောက်က  ထိန်းသိမ်းခံ၊ တစ်ယောက်က တောခိုသူပုန်ဖြစ်နေသောကြောင့် ကိုရဲမြင့်တို့အမေ၊ အဖေ တွေမှာ သားသူငယ်ချင်းဖြစ်သူ ကိုထွန်းငြိမ်းအား ယခုအခါ မိမိသားတမျှ ခင်မင်နေကြရှာသည်။ ထို့ကြောင့်လည်း ပွဲရုံအလုပ်ကို ကိုထွန်းငြိမ်းကိုပင် ဦးစီးလုပ်ကိုင်စေကာ ထမင်းစရိတ်၊ ဆေးလိပ်ဖိုးအပြင် တစ်လငွေ ၁၅၀ ပေးထားလေသည်။  သူ့သားငယ် ကိုရဲမြင့်သည် ဒဟပ်ကုန်းသို့ မကြာ မကြာရောက်လာပြီး ကိုထွန်းငြိမ်းတို့အိမ်မှာ စားသောက်ဝင်ထွက်သွားလာသည်များကိုပြောပြလျှင် အဘွားကြီးခမျာမှာ မျက်ရည်များပင် လည်လာတတ်သည်။ ဤသည်တို့မှာ ကိုထွန်းငြိမ်း မင်းဘူးသို့ပြေးလာခဲ့ရစဉ် ကဖြစ်၏။

ယခု သူ့သားငယ်သတင်းကို မကြားရ၍ အဘွားကြီးမှာ စိတ်မကောင်း ဖြစ်နေရသလို မခင်မှီ၏အကြောင်းကို လုံးဝမကြားရသော ကိုထွန်းငြိမ်း မှာလည်း  စိတ်မကောင်းဖြစ်နေရသည်။ သို့သော် ဒဟပ်ကုန်းက  လူ တစ်ယောက်ယောက်ကို တွေ့လျှင်တော့  မခင်မှီကို မင်းဘူးသို့ ချက်ချင်း လိုက်လာရန်  မှာမည်ဟူသော ရည်ရွယ်ချက်နှင့်  ရသမျှငွေတွေကို စုထားသည်။ ဒဟပ်ကုန်းက ပြေးလာရပြီဖြစ်သော်လည်း ကျောင်းဆရာလခ လည်း တစ်လနှစ်လထုတ်၍ ရခဲ့လေရာ ယခုအခါ  ကိုထွန်းငြိမ်းလက်ထဲ မှာ ငွေ ၅၀၀ နီးပါးရှိသည်။

မင်းဘူးတွင် အားလုံးအဆင်ပြေနေခါမှ မင်းဘူးနှင့် ဒဟပ်ကုန်းသည် ယခင်ကထက် အဆက်အသွယ် ပြတ်လျက်ရှိသည်။

သို့သော် ကိုထွန်းငြိမ်းမှာ ဘာပဲဖြစ်ဖြစ် ဒဟပ်ကုန်းကို စွန့်စွန့်စားစား သွားပြီး  မခင်မှီကိုပင်  သွားခေါ်လိုစိတ်ဖြစ်နေမိသည်။  ဤကိစ္စအတွက် ဆရာကြီးနှင့်လည်း အကြိမ်ကြိမ် တိုင်ပင်ဖူးသည်။ လူကြီးတွေကတော့ အစိုးရကလည်း ထိုနယ်တစ်ဝိုက်တွင် အပြင်းအထန် ထိုးစစ်ဆင်နေသဖြင့် မသွားသင့်ဟု တားကြသည်။ မခင်မှီမှာလည်း အမိအဖ ဆွေမျိုးတွေ ရှိနေကြသဖြင့် စိတ်မပူရန် ဖျောင်းဖျခဲ့ကြသည်။  သို့သော်  ကိုထွန်းငြိမ်း အနေမှာကား မခင်မှီကို နေ့တိုင်းသတိရပြီး တစ်နေ့မှ စိတ်မကောင်းနိုင်ခဲ့ပေ။

လူကြီးတွေက အခြေအနေကို စောင့်ကြည့်ပါဦးဆိုသဖြင့် စောင့်ခဲ့ရ သည်မှာ ယခုဆိုလျှင် လေးလနီးပါးပင်ရှိသွားလေပြီ။ မခင်မှီသည်ပင် ယခုဆိုလျှင်  ကလေးအမေ ဖြစ်နေရှာရော့မည်။  အခြေအနေမှာကား တစ်နေ့ထက်တစ်နေ့ ပို၍သာဆိုးလာ၏။ ယခင် ဒဟပ်ကုန်းက လူတစ် ယောက်တလေကို  ဈေးထဲတွင်တွေ့ရ၍  မခင်မှီ၏သတင်းကို  ကြားရ၊ သိရ၊ စကားများပါးခဲ့ရသော်လည်း ယခုမူ လုံးဝအဆက်အသွယ် ပြတ်ခဲ့ရ လေပြီ။ 

ဤသည်တို့ကိုတွေးလေ ကိုထွန်းငြိမ်း၏ရင်ထဲမှာ နွေကဲ့သို့ပူလောင် ရလေပင်။ မြန်မာနိုင်ငံတွင် အပူပြင်းဆုံးသော မင်းဘူး၏ တပေါင်းနွေ သည်ပင် ကိုထွန်းငြိမ်းရင်ထဲကအပူကို မီအံ့မထင်။          

ဆက်လက်ဖော်ပြပါမည်။