ရွှေကြိုလူငယ်မောင်မယ်များ လေ့ကျင့်ဆောင်ရွက်နေမှု၊ ဖိုတိုလစ်သို ပုံနှိပ်စက်ရုံနှင့် စာဆိုဗိမာန် တည်ဆောက်မည့် မြေနေရာတို့ကို ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ကြည့်ရှုစစ်ဆေး

 

ရွှေကြိုလူငယ်မောင်မယ်များ လေ့ကျင့်ဆောင်ရွက်နေမှု၊ ဖိုတိုလစ်သို ပုံနှိပ်စက်ရုံနှင့် စာဆိုဗိမာန် တည်ဆောက်မည့် မြေနေရာတို့ကို ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ကြည့်ရှုစစ်ဆေး

 

ရန်ကုန်  ဇန်နဝါရီ  ၁၅

    ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ မွန်းလွဲပိုင်းတွင်   ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးတွင်   ၂၀၂၃ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ၌  ပါဝင်ဆောင်ရွက်ကြမည့်  ရွှေကြိုလူငယ်မောင်မယ်များ လေ့ကျင့်ဆောင်ရွက်နေမှုကို လည်းကောင်း၊ ဗဟန်းမြို့နယ်  ဖိုတိုလစ်သိုပုံနှိပ်စက်ရုံတွင် ကျောင်းသုံးစာအုပ်များ ပုံနှိပ်ဆောင်ရွက်နေမှုနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်တွင် တည်ဆောက်မည့် စာဆိုဗိမာန်အဆောက်အအုံမြေနေရာတို့ကို လည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးသည်။

    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၌ လေ့ကျင့် ဆောင်ရွက်နေသည့် ရွှေကြိုမောင်မယ်များအား သွားရောက်တွေ့ဆုံ၍ အားပေးစကား ပြောကြားရာတွင် ယနေ့သည် မြန်မာ့ရုပ်ရှင် လောကအတွက် အနုပညာရှင်များ အားသစ်လောင်းသည့်နေ့တစ်နေ့ဟု ပြောလိုကြောင်း၊ ရွှေကြိုမောင်မယ်များသည်  လူငယ်များ ဖြစ်သည့်အတွက် နိုင်ငံတော်က အားကိုးအားထားပြုနိုင်သည့်   လူငယ်လူရွယ်များ ဖြစ်အောင်ကြိုးပမ်း ဆောင်ရွက်ရန်   လိုအပ်သကဲ့သို့ စိတ်ဓာတ်ပိုင်း၊ ကိုယ်ကျင့်တရားပိုင်း ကောင်းမွန်စေရန်  ယခုကတည်းက ဖြည့်ကျင့်ဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်အစိုးရက လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် လူငယ်များ ပါဝင်နိုင်ရေးအတွက် အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့သည် နောင်တစ်ချိန်တွင် အောင်မြင်သည့် အနုပညာရှင်များ ဖြစ်စေရမည် ဆိုသည့် ယုံကြည်ချက်၊ ခံယူချက်များဖြင့် ကြိုးစားဆောင်ရွက်ရန် လိုသကဲ့သို့ ဥပဒေစည်းကမ်းများကိုလည်း လေးစားလိုက်နာရန် လိုအပ်ကြောင်း၊ သို့မှသာနိုင်ငံကို အကျိုးပြုသည့် နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း။

    အချို့အနုပညာရှင်များသည် အောင်မြင်မှုကို အခွင့်ကောင်းယူ၍ ပြည်သူများအပေါ် မလျော်မကန် ပြုကျင့်ဆောင်ရွက်မှုများ၊ နိုင်ငံ့အကျိုး၊ လူမျိုးအကျိုးကို အလေးမထားဘဲ မာန်မာနထောင်လွှားကာ ရပ်တည်လှုပ်ရှားနေမှုများကို တွေ့မြင်နေရ၍    လွန်စွာစိတ်မကောင်းဖြစ်မိကြောင်း၊ ၎င်းတို့အား သင်ခန်းစာယူ၍ ကိုယ်ကျင့်သိက္ခာကောင်းမွန်ပြီး ရုပ်ရှင်လောကကို ကောင်းကျိုးပြုနိုင်မည့် အနာဂတ်မျိုးဆက်သစ် လူငယ်များ ဖြစ်ပေါ်လာစေရန်   ကြိုးစားကြစေလိုကြောင်း ပြောကြားကာ ရွှေကြိုလူငယ်မောင်မယ်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

    ထို့နောက်  ဗဟန်းမြို့နယ်  ငါးထပ်ကြီး ဘုရားလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဖိုတိုလစ်သိုပုံနှိပ်စက်ရုံသို့ သွားရောက်၍ ကျောင်းသုံးပုံနှိပ်စာအုပ်များ ရိုက်နှိပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှူးနှင့်ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ပုံနှိပ်ဆောင်ရွက်နေသည့် လုပ်ငန်းများ အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပုံနှိပ်အရည်အသွေး ကောင်းမွန်ရေးနှင့် သက်ဆိုင်ရာ နယ်မြေများသို့ အချိန်မီပို့ဆောင်ရေး ကိစ္စများကို ဆွေးနွေးမှာကြားသည်။

    ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာန ကိုယ်စား ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနကတာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ဗိုလ်တထောင်ခရိုင် မင်္ဂလာတောင်ညွန့်မြို့နယ် ဥယျာဉ်ရပ်ကွက်(မြေတိုင်းရပ်ကွက် ၁၈-အေ)ရှိ မြေဧရိယာ ၃၁ ဒသမ ၀၈၉ ဧကအနက်မှ စာဆိုဗိမာန် အဆောက်အအုံ သုံးထပ်(RC) တည်ဆောက်မည့်မြေဧရိယာ ၂ ဒသမ ၁၈ဧက မြေနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ   ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က  ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ  တာဝန်ယူရေးဆွဲပေးထားသည့် စာဆိုဗိမာန်အဆောက်အအုံ သုံးထပ်(RC) တည်ဆောက်မည့်  ဒီဇိုင်းပုံစံငယ်နှင့် မြေနေရာ အကျယ်အဝန်းနှင့် ယင်းမြေပေါ်ရှိ အဆောက်အအုံဟောင်းများ စာရင်းတို့ကို   ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် ပေါ်ထွန်းခဲ့သော စာပေပညာရှင်များနှင့် စာရေးဆရာများကို အသိအမှတ်ပြု ချီးမြှင့်ရာရောက်စေမည့် စာဆိုဗိမာန်တစ်ခု အောင်မြင်စွာ ပေါ်ပေါက်ဖြစ်ထွန်းလာစေရန်    နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှုပြုထားသည့် အတွက် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက် သွားရန်တို့ကို မှာကြားသည်။

    အဆိုပါ  စာဆိုဗိမာန်အဆောက်အအုံ သုံးထပ်(RC) အား  အိန္ဒိယနိုင်ငံအစိုးရ၏ အကူအညီအထောက်အပံ့ဖြင့် တည်ဆောက်နိုင်ရေး   ကနဦးသဘောတူညီမှု ရရှိထားပြီ ဖြစ်သည့်အတွက် အိန္ဒိယနိုင်ငံ အစိုးရနှင့် မကြာခင်ကာလအတွင်း စီမံကိန်း သဘောတူညီမှုစာချုပ် ချုပ်ဆိုဆောင်ရွက်သွားမည်ဖြစ်ပြီး အဆောက်အအုံ တည်ဆောက်ရာ၌ ကုန်ကျမည့်  ခန့်မှန်းတန်ဖိုးမှာ  ငွေကျပ် ၇၉၁၈ ဒသမ ၈၃၃ သန်း ဖြစ်ကြောင်း သိရှိရသည်။