မြောက်ကိုရီးယားနှင့် နယ်ပယ်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရန် ရုရှားရည်မှန်း

 

မြောက်ကိုရီးယားနှင့် နယ်ပယ်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရန် ရုရှားရည်မှန်း

 

    ရုရှားနိုင်ငံအနေဖြင့် မြောက်ကိုရီးယား နိုင်ငံနှင့်   နယ်ပယ်ပေါင်းစုံတွင် ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ရန် ရည်မှန်းထားကြောင်း   ရုရှားသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ဇန်နဝါရီ လ ၁၅ ရက်တွင် ပြောသည်။

မြောက်ကိုရီးယားနိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီး ချိုဆွန်းဟွေ     ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က   ရုရှားနိုင်ငံသို့ ဇန်နဝါရီလ ၁၅ ရက်မှ ၁၇ ရက်အထိ ချစ်ကြည်ရေးခရီး လာရောက်စဉ် ပြောရေးဆိုခွင့်ရှိသူက ယခုကဲ့သို့ပြောခြင်းဖြစ်သည်။

“ပထမဆုံးအနေနဲ့ မြောက်ကိုရီးယား နိုင်ငံဆိုတာ  မိမိတို့ရဲ့ အိမ်နီးချင်းဖြစ်ပါတယ်။ အနီးဆုံးအိမ်နီးချင်းပါ။ ဒါ့အပြင် နယ်ပယ်ပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုတိုးမြှင့်သွားဖို့ ရည်မှန်းထားတဲ့ မိတ်ဖက်နိုင်ငံလည်းဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံနဲ့ ဆွေးနွေးမှုများကို အဆင့်အတန်းအားလုံးနဲ့ ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု ဒီမီထရီပက်စကော့က ပြောသည်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်တွင်    ရုရှားသမ္မတဗလာဒီမာပူတင်နှင့် တွေ့ဆုံဆွေးနွေးမှုလည်း  ပါဝင်ကြောင်း၊ မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့နှင့် ထဲထဲဝင်ဝင်ဆွေးနွေးပြီး သဘောတူညီချက်များ ရရှိမည်ဟု    ရုရှားနိုင်ငံက မျှော်လင့်ထားကြောင်း ၎င်းကဆက်ပြောသည်။

ထို့အတူ ရုရှားသမ္မတ အနေဖြင့် မြောက်ကိုရီးယား နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားမည်ဖြစ်ကြောင်း၊     သွားမည့်အချိန်ကို နှစ်ဖက်ညှိနှိုင်းပြီးနောက် ထုတ်ပြန်မည်ဖြစ်ကြောင်းနှင့်  သိပ်မဝေးသော အချိန်တွင် ဖြစ်နိုင်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောထားသည်ဟု သိရသည်။