ဝမ်းရေးထက်ပင် ခက်ပါသည်

 

ဝမ်းရေးထက်ပင် ခက်ပါသည်

 

ယမန်နေ့မှအဆက်

    ယနေ့လည်း ကိုထွန်းငြိမ်းသည် စိတ်ပျက်အားငယ်စွာဖြင့်  ခေါင်းငိုက်စိုက်ချကာ  ဆရာကြီးဦးကျော်ရွှေ အိမ်သို့ ပြန်လာရလေသည်။

“ဟော ညီမ ပြန်ရောက်နေပြီ”

“ဟုတ်ကဲ့ အစ်ကို၊ ကျောင်းပိတ်လို့ ညီမပြန်ရောက် နေပြီ”

မန္တလေးတွင် ဆရာဖြစ်သင် သွားတက်နေသော တင်တင်မြိုင်ကို အိမ်ရှေ့တွင် သစ်ခွပန်းပင်များ ရေ လောင်းနေသည်ကို တွေ့ရသည်။

ကိုထွန်းငြိမ်းသည် နောက်ထပ် တင်တင်မြိုင်အား ဘာစကားမှမပြောဘဲ အိမ်ပေါ်သို့သာ တက်လာ၏။ ကိုထွန်းငြိမ်း၏အကြောင်းကို   အမေ့ဆီက  အကုန် ကြားထား၍ စိတ်မကောင်းဖြစ်မိသူ တင်တင်မြိုင်က လည်း အလိုက်သိစွာပင် နှုတ်ဆိတ်နေလိုက်သည်။

“မင်းညီမ ကျောင်းပိတ်လို့ ပြန်ရောက်နေပြီ”

တင်တင်မြိုင်၏အမေက သမီးပြန်ရောက်နေသဖြင့် ဝမ်းသာအားရပြောသည်။

“ဟုတ်ကဲ့ ဒေါ်ဒေါ် ညီမ သစ်ခွပန်းတွေ ရေလောင်း နေတာတွေ့ခဲ့ပါပြီ”

“အေးကွယ်၊ သစ်ခွပန်းတွေ မနည်းပါလာတယ်။ အဲဒါ  မောင်ထွန်းလင်းပေးလိုက်တာတဲ့။ မင်း ထမင်း စားတော့မလား”

“ရေချိုးလိုက်ပါဦးမယ် ဒေါ်ဒေါ်”

ကိုထွန်းငြိမ်း ရေချိုးရန် ရေတွင်းနားရောက်လာချိန်ထိ   တင်တင်မြိုင်သည်  ရေတွင်းဘေးနားက  မခွာသေး။ သစ်သားတန်းစင်တွင်ချိတ်ထားသော သစ်ခွ ပန်းများကိုသာ ရေလောင်းနေဆဲတည်း။

ဤသစ်သားတန်းစင်သည် သူ့ညီ မောင်ထွန်းလင်း လုပ်ပေးထားခဲ့သော သစ်သားတန်းစင်ဖြစ်သည်။ ယခု ထိုသစ်သားတန်းစင်ပေါ်တွင် သူ့ညီပေးလိုက်သည်ဆို သော သစ်ခွပန်းပင်များကို တင်တင်မြိုင်သည် မမောနိုင်၊ မပန်းနိုင် ရေလောင်းလျက်ရှိ၏။

“ညီမ  မြိုင်က  အသားညိုသွားသလိုပဲ၊ ဝတော့ ဝလာတယ်။ မောင်လင်းနဲ့ တွေ့ခဲ့သေးတယ်ဆို”

“ဟုတ်ကဲ့ အစ်ကို၊ ကိုလင်းက ခုသင်တန်းပြီးလို့ မြစ်ကြီးနားဘက်ကို စစ်ဆင်ရေးထွက်သွားရတယ်။ မန္တလေးကိုဝင်ပြီး သစ်ခွပန်းတွေတောင် ပေးထားခဲ့ သေးတယ်။   ဒီသစ်ခွပန်းတွေက  ကိုလင်းပေးထား တဲ့   သစ်ခွပန်းတွေလေ၊   ညှိုးသွားမှာစိုးလို့   ညီမ ရေလောင်းနေတယ်”

တင်တင်မြိုင်၏စကားကိုကြားရမှ    သူ့မှာလည်း သူ့စိတ်သောကနှင့် သူပါတကားဟု      ကိုထွန်းငြိမ်း သဘောပေါက်သွားလေသည်။

“ရေချိုးပြီးမှ အေးအေးဆေးဆေး ထမင်းဝိုင်းမှာ စကားပြောကြတောပေါ့ ညီမရယ်”

“ဟုတ်ကဲ့၊ ညီမ ထမင်းပွဲသွားပြင်လိုက်မယ်နော်”

“သစ်ခွပန်းရေလောင်းနေတယ်ဆို လောင်းပါဦး၊ ညီမရေ ဖြည်းဖြည်းပေါ့”

“တော်လောက်ပါပြီ   အစ်ကိုရယ်။  ညီမလည်း ထမင်းဆာနေပါပြီ”

ကိုထွန်းငြိမ်းသည် ရေမချိုးခင် ရေတွင်းထဲက ရေ သုံးလေးပုံးဆွဲပြီး တင်တင်မြိုင်လောင်းထားခဲ့သော သစ်ခွပန်းများကို  ဆက်ပြီးရေလောင်းလိုက်သည်။ သူ့စိတ်ထဲမှာ စစ်ထွက်သွားသူ ညီငယ်သည် ဤသစ်ခွ ပန်းများနှယ်   အေးချမ်း၍  လှပပွင့်လန်းနိုင်ပါစေ၊ စစ်အောင်နိုင်ပါစေဟု သူ့နှုတ်မှ တရွရွဆုတောင်းနေ မိသည်။

ရွှေရောင်၊ ငွေရောင်ပွင့်နေကြသော သစ်ခွပန်းများ ကို ခဏငေးကြည့်ကာ ဇနီးသည် မခင်မှီကိုလည်း သတိရနေမိသည်။ နွေရက်နှင့်အတူ သူ၏နှလုံးသား သည်   ပူလောင်လျက်ရှိသည်။   “ခင်မှီလေးလည်း ကိုယ့်ကို သိပ်လွမ်းနေရှာမှာပဲ”

သည်လိုနှင့်ပင် တစ်ဆောင်းကုန်၊ တစ်နွေပျောက် ၍ မိုးဦးကိုရောက်ရပြန်ချေပြီ။ ရင့်ရော်ခြောက်သွေ့ နေခဲ့ကြသော သစ်ပင်ပန်းမန်တို့သည်လည်း စိမ်းလန်း သောရွက်သစ်ကို ဆင်ကာ လောကအလှကို မြရောင် ဖြင့် ခြယ်သလျက်ရှိချေပြီ။ သို့သော် ကိုထွန်းငြိမ်း၏ ရင်ထဲမှာကား  မိုးနှင့်အတူ  အေးမြမလာနိုင်သေး။ ပို၍သာ ပူလောင်လျက်ရှိ၏။

ကိုထွန်းငြိမ်းသည်   ဈေးထဲ၌   အဓိပ္ပာယ်မဲ့စွာ လျှောက်နေမိသည်။  “ခုနေခါ  မခင်မှီတစ်ယောက် ဘယ်လိုများ နေရှာပါလိမ့်”ဟူသောအတွေးနှင့် ရင်ထဲက ပူလောင်လျက်ရှိ၏။

“မောင် မောင်ထွန်းငြိမ်း မဟုတ်လား”

သူ့နောက်မှ  တစ်စုံတစ်ယောက်၏အသံကြောင့် ကိုထွန်းငြိမ်းသည်   ခေါင်းကို  ဆတ်ခနဲနောက်ပြန် လှည့်ကြည့်လိုက်၏။

“ဟာ အဘ၊ အဘကျော်လူ”

“ဟော ဦးလေး လှကွန့်”

ဒဟပ်ကုန်းမြောက်ပိုင်းက ဦးကျော်လူနှင့် ဦးလှကွန့် တို့ကို  ဈေးထဲတွင်  အမှတ်မထင်တွေ့လိုက်ရသဖြင့် ကိုထွန်းငြိမ်း၏မျက်နှာက ချက်ချင်းဝင်းပသွားသည်။

ၑအဘနဲ့  ဦးလေးတို့ ဘယ်တုံးကရောက်ကြသလဲ ဟင်”

“မနေ့ညကပင် ဆိုပါတော့ကွယ်”

“ဒါနဲ့တောင် ကျွန်တော့်ဆီ မဝင်ကြဘူးဗျာ”

“ဟ မင်းနေတဲ့အိမ် တို့မှမသိတာ၊ ပြီးတော့...”

ဦးကျော်လူက  ကိုထွန်းငြိမ်း၏မျက်နှာကို  စူးစူးစိုက်စိုက်ကြည့်၍ ပြောလိုက်၏။

အမှန်က ဦးကျော်လူ၊ ဦးလှကွန့်တို့မှာ ရွာမြောက်ဖျားက လူတွေဖြစ်သဖြင့် ကိုထွန်းငြိမ်းနေသော အငြိမ်းစား ကျောင်းဆရာကြီးအိမ်ကို မသိသည်မှာ အမှန်ပင်။ ပြီး ယခင်ကဆိုလျှင် ကိုထွန်းငြိမ်းတို့နှင့်လည်း ရင်းရင်း နှီးနှီးရှိကြသူတွေ မဟုတ်ပေ။ မြင်ဖူးတွေ့ဖူး၊ မေးဖူး ခေါ်ဖူးရုံလောက်သာ သိကြသည်။ သို့သော် ဒဟပ်ကုန်း ကလူတွေဆို ဤယခုအနေ ဤလူနှစ်ယောက်ကို တွေ့ ရခြင်းမှာ   ဖြစ်ခေါင့်ဖြစ်ခဲ အခွင့်အရေးဖြစ်သဖြင့် ကိုထွန်းငြိမ်းကတော့ ရင်းရင်းနှီးနှီး နှုတ်ဆက်ခေါ်ပြောမိသည်။                   

ဆက်လက်ဖော်ပြပါမည်။