မြောက်ကိုရီးယားက တောင်ကိုရီးယားနှင့် ဆက်ဆံရေးအဖွဲ့များ အားလုံးကို ဖျက်သိမ်း

 

မြောက်ကိုရီးယားက တောင်ကိုရီးယားနှင့် ဆက်ဆံရေးအဖွဲ့များ အားလုံးကို ဖျက်သိမ်း

 

    မြောက်ကိုရီးယားက တောင်ကိုရီးယား နိုင်ငံနှင့် နှစ်နိုင်ငံကြား ဆက်ဆံရေးကိစ္စရပ်များ ဆောင်ရွက်နေသည့် အဖွဲ့များ အားလုံးကို ဖျက်သိမ်းလိုက်ကြောင်း သိရသည်။

မြောက်ကိုရီးယား ပြည်သူ့လွှတ်တော်က အဆိုပါအဖွဲ့များကို ဖျက်သိမ်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း KCNA သတင်းဌာနက ဖော်ပြထားသည်။

“တောင်ကိုရီးယားနိုင်ငံနဲ့ဆိုရင် ကိုရီးယား  နှစ်နိုင်ငံပြန်လည် ပေါင်းစည်းဖို့က ဘယ်တော့မှမဖြစ်နိုင်တော့ပါဘူး။ ပြီးတော့ တောင်ကိုရီးယားနိုင်ငံက မြောက်ကိုရီးယား နိုင်ငံအတွက် အမြဲတမ်း ရန်လိုနေတဲ့နိုင်ငံအဖြစ် သတ်မှတ်လိုက်ပါပြီ” ဟု ပြည်သူ့လွှတ်တော်က ထုတ်ပြန်ထားသည်။

ယခုဖျက်သိမ်းလိုက်သည့် အဖွဲ့များမှာ ငြိမ်းချမ်းစွာနိုင်ငံ ပြန်လည်ပေါင်းစည်းရေး ကော်မတီ၊ အမျိုးသားစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဗျူရို၊ ကွမ်ဂန်းဆန် အပြည်ပြည်ဆိုင်ရာ ခရီးသွားလုပ်ငန်း အာဏာပိုင် အဖွဲ့တို့ဖြစ်သည်။

ထိုအဖွဲ့များသည် မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့ကြား ဆွေးနွေးပွဲများ ကျင်းပရေး၊ ပေါင်းစပ်ညှိနှိုင်းမှုများ လုပ်ဆောင်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် အသုံးပြုသည့် အဖွဲ့များဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် တောင်ကိုရီးယားနိုင်ငံနှင့်   စစ်မဖြစ်ချင်ကြောင်း၊ သို့သော် စစ်ဖြစ်မည်ဆိုလျှင်လည်း ရှောင်ရှားသွားမည် မဟုတ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင်  ကင်ဂျုံအွန်က ဇန်နဝါရီလ ၁၅ ရက်တွင် ပြောသည်။

တောင်ကိုရီးယားနိုင်ငံက မြောက်ကိုရီးယားနိုင်ငံ၏ မြေပြင်၊ ဝေဟင်နှင့်   ရေပြင်တို့ကို ဆံခြည်မျှင်တစ်မျှင်စာမျှ ကျူးကျော်ခဲ့ပါက ထိုကျူးကျော်မှုကို စစ်ပွဲဖြစ်ပွားရန် လုပ်ဆောင်သည့်  ရန်စမှုအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ကင်ဂျုံအွန်က မှတ်ချက်ပြုပြောထားသည်ဟု KCNA သတင်းဌာနက ဖော်ပြထားသည်။