အီရန်က အမေရိကန်ကောင်စစ်ဝန်ရုံး အနီးရှိ အစ္စရေး ထောက်လှမ်းရေး အဖွဲ့ရုံးကို ဒုံးကျည်များဖြင့် ပစ်ခတ်

 

အီရန်က အမေရိကန်ကောင်စစ်ဝန်ရုံး အနီးရှိ အစ္စရေး ထောက်လှမ်းရေး အဖွဲ့ရုံးကို ဒုံးကျည်များဖြင့် ပစ်ခတ်

 

    အီရန်က ဆီးရီးယားရှိ IS  စစ်သွေးကြွတို့၏ အခြေစိုက်စခန်းတစ်ခုနှင့်  အီရတ်ရှိ အစ္စရေးထောက်လှမ်းရေး အဖွဲ့ရုံးတို့ကို ဒုံးကျည်များဖြင့်  ပစ်ခတ် တိုက်ခိုက်လိုက်ကြောင်း သိရသည်။

အီရန်အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့က အဆိုပါတိုက်ခိုက်မှုများကို လုပ်ဆောင်ခြင်းဖြစ်ပြီး တိုက်ခိုက်ခံရသော အစ္စရေးထောက်လှမ်းရေး အဖွဲ့ရုံးမှာ အမေရိကန်ကောင်စစ်ဝန်ရုံး အနီးတွင်ရှိကြောင်း သတင်းဌာနများက ထုတ်ပြန်ထားသည်။

အီရန်အနေဖြင့် အဆိုပါပစ်မှတ်များကို တိုက်ခိုက်ရာတွင် အမြင့်ပျံဒုံးကျည်များကို အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်းနှင့် မကြာသေးမီက အီရန်နိုင်ငံအတွင်း လုပ်ဆောင်ခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများအတွက် လက်စားချေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇန်နဝါရီလ ၃ ရက်က အီရန်ကာမန်မြို့၌ ဝတ်ပြုဆုတောင်းသူများ စုရုံးရောက်ရှိနေသည့် နေရာတွင်   ဗုံးခွဲတိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်ပွားရာ အနည်းဆုံးလူအယောက် ၁၀၀ ခန့်သေဆုံးသည်။   ထိုတိုက်ခိုက်မှုများကို IS အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်သည်ဟုလည်း ဝန်ခံထားသည်။

အလားတူ    အီရန်တပ်မတော်မှ ခေါင်းဆောင်များကို ကျဆုံးစေသည်အထိ ထောက်လှမ်းရေး လုပ်ငန်းများကို လုပ်ဆောင် ခဲ့သောကြောင့် အစ္စရေးတို့၏ ထောက်လှမ်းရေးတပ်ဖွဲ့ကို  ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်ကြောင်း အီရန်စစ်ဘက်၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

အစ္စရေးထောက်လှမ်းရေး တပ်ဖွဲ့ရုံးကို တိုက်ခိုက်မှုတွင်    လူလေးဦးသေဆုံးခဲ့ကြောင်း၊ သို့သော် သေဆုံးသူများတွင် အမေရိကန်နိုင်ငံသား တစ်ဦးမျှမပါဝင်ကြောင်းနှင့်  အမေရိကန်ကောင်စစ်ဝန်ရုံးအနီးရှိ  နေရာရှစ်ခုသို့    ဒုံးကျည်များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း  အီရတ်လုံခြုံရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင်  ဖော်ပြထားသည်ကို တွေ့ရသည်။