ပင်လယ်နီအတွင်း တင်းမာမှုက ထိန်းချုပ်ရန် မဖြစ်နိုင်သည့် အခြေအနေဖြစ်လာနိုင်ဟု ကုလသမဂ္ဂပြော

 

ပင်လယ်နီအတွင်း တင်းမာမှုက ထိန်းချုပ်ရန် မဖြစ်နိုင်သည့် အခြေအနေဖြစ်လာနိုင်ဟု ကုလသမဂ္ဂပြော

 

    ပင်လယ်နီအတွင်း  ဖြစ်ပွားနေသော တင်းမာမှုများက ထိန်းချုပ်ရန် မဖြစ်နိုင်သည့် အခြေအနေအထိဖြစ်လာနိုင်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်က ဇန်နဝါရီလ ၁၅ ရက် သတင်းစာ ရှင်းလင်းပွဲ၌ ပြောသည်။

အောက်တိုဘာလ ၇ ရက်ကတည်းက စတင်ဖြစ်ပွားသော  အစ္စရေး-ဟားမတ်ပဋိပက္ခမှ အစပြုသည့် အရှေ့အလယ်ပိုင်း ဒေသတွင်း တင်းမာမှုကြောင့် လူထောင်ပေါင်းများစွာ သေဆုံးထားသည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောသည်။

ဟားမတ်တို့၏ တိုက်ခိုက်မှုကြောင့် အစ္စရေးဘက်က လူ ၁၂၀၀ ခန့်သေဆုံးကာ ၂၀၀ ကျော် အဖမ်းခံရစဉ် အစ္စရေးတို့၏ လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် ဂါဇာဒေသရှိလူ ၂၄၀၀၀ ကျော် သေဆုံးထားသည်။

“ပင်လယ်နီဒေသတွင်းမှာ  တင်းမာမှုတွေက အလွန်ကိုပဲ မြင့်တက်နေပါတယ်။ အဲဒီတင်းမာမှုတွေက မကြာမီအချိန်အတွင်းမှာ  ထိန်းချုပ်မရနိုင်တဲ့ အခြေအနေအထိ ဖြစ်လာနိုင်ပါတယ်”ဟု   အန်တိုနီယိုဂူတားရက်က ပြောသည်။

ထို့ပြင် နေ့စဉ်ပစ်ခတ်မှုများ ဖြစ်ပွားနေခြင်းသည် အစ္စရေးနှင့် လက်ဘနွန်တို့ကြား တင်းမာမှုများကိုလည်း မြင့်တက်လာစေနိုင်ကြောင်းနှင့် ထိုမှတစ်ဆင့်  ဒေသတွင်း တည်ငြိမ်အေးချမ်းမှုအပေါ် သက်ရောက်မှုများ ရှိလာနိုင်မည်ကို    စိုးရိမ်ကြောင်း အန်တိုနီယိုဂူတားရက်က ပြောထားသည်ဟု သိရသည်။