ဝမ်းရေးထက်ပင် ခက်ပါသည်
ယမန်နေ့မှအဆက်
မခင်မှီ၏သတင်းကိုသိလို၍ ရေနစ်သလိုဖြစ်နေသော ကိုထွန်းငြိမ်း ၏ အခြေအနေမှာ ဤလူနှစ်ယောက်သည်ပင် မဟာအားကိုးအားထားရာပါ တည်း။
“မင်းဘူးမြို့မှာ ကျောင်းဆရာကြီး ဦးကျော်ရွှေလို့ မေးလိုက်ရင် ဘယ်သူ့မေးမေး ရပါတယ်ဗျာ။ ကျွန်တော်အရင်က ကျောင်းနေတဲ့အိမ် လေ”
“အင်း ဟုတ်လား၊ အဘတို့ကတော့ အရင်လည်း သိကျွမ်းဖူးတာ မဟုတ်တော့ မမေးမိပါဘူး မောင်ထွန်းငြိမ်းရယ်။ ပြီးတော့ မင်းကိုလည်း မင်းဘူးမှာရှိတယ်မှန်းမှ မသိတာ။ ရွာကလူတွေက စစ်ထဲဝင်သွားပြီလို့တောင် ပြောနေကြတာ”
“စစ်ထဲဝင်သွားတာက ကျွန်တော့်ညီ မောင်ထွန်းလင်းပါ။ ကျွန်တော် က အရပ်မှာ ကျောင်းဆရာ လာလုပ်သေးတာပဲ အဘရယ်။ ရဲဘော်ဖြူတွေ အထင်လွဲလို့ ပြေးလာခဲ့ရတာ”
“အေးလေကွယ်၊ အဲဒါတော့ သိတာပေါ့”
“ခု ကျွန်တော့်မိန်းမ မခင်မှီတစ်ယောက် နေကောင်းရဲ့လားဟင် အဘ။ မခင်မှီ မီးဖွားပြီးပြီလား၊ ဘာလေးမွေးလဲဟင်”
“မခင်မှီ နေကောင်းပါတယ်။ ကလေးလေးကတော့ မိန်းကလေးထင်ပါရဲ့ကွယ်။ မင်းမိန်းမ မီးဖွားပြီးတာ တစ်လတောင်ကျော်ရောပေါ့။ မင်း မသိသေးဘူး ထင်တယ်”
မခင်မှီ သမီးမိန်းကလေး မွေးသည်ဟူသော စကားကို ကြားလိုက်ရသောအခါ ကိုထွန်းငြိမ်း၏ရင်ထဲမှာ ပီတိအဟုန်နှင့် ဝမ်းသာလုံးဆို့ သွားသည်။ ထို့ကြောင့်လည်း ဦးကျော်လူ၏အမေးကိုပင် ရုတ်တရက် မဖြေနိုင် ဖြစ်သွားရ၏။
မခင်မှီနှင့် ယခင်က တိုင်ပင်ခဲ့ကြသလို ခုဆိုလျှင် သမီးလေး မခင်ငြိမ်း ကို တို့ရပြီဟုလည်း စိတ်ထဲက ရေရွတ်လိုက်၏။
“ဟုတ်ကဲ့ အဘ၊ အရပ်ကသတင်းဆိုလို့ ကျွန်တော် ခုထိ ဘာမှ မသိရပါဘူး အဘရယ်။ ခု အဘပြောမှ မခင်မှီ သမီးလေးမွေးကြောင်း သိရလို့ ဝမ်းသာလိုက်တာ”
“ခု မင်း၊ မင်းဘူးမှာ ဘာလုပ်နေလဲ မောင်ထွန်းငြိမ်း”
ဤစကားကိုတော့ တစ်ချိန်လုံးနှုတ်ဆိတ်နေသော ဦးလှကွန့်က ဝင်မေးသည်။
“ကျွန်တော် ပွဲရုံတစ်ရုံမှာ ခေတ္တဝင်လုပ်နေပါတယ်...ဦး”
“ရွာကိုပြန်ဖို့ရော စိတ်မကူးဘူးလားကွယ်”
“ခု ရွာအခြေအနေ ဘယ်လိုရှိပါလဲဦး။ ရဲဘော်ဖြူတွေ အုပ်ချုပ်နေသမျှတော့ ကျွန်တော်မပြန်ရဲတာ အမှန်ပါ။ ဦးလေးသား ကိုဖေသန်း လည်း ရဲဘော်ဖြူတစ်ယောက်မို့ ပြောရတာတော့ အားနာပါရဲ့ ဦးလေးရယ်။ သူတို့ ကျွန်တော့်ကို သက်သက် အထင်လွဲကြတာပါ။ ကျွန်တော် နိုင်ငံရေးကို ဝါသနာမပါဘူး၊ လုပ်လည်း မလုပ်ခဲ့ရပါဘူး”
“အင်း”
ကိုထွန်းငြိမ်း၏ စကားအဆုံးမှာ ဦးလှကွန့်သည် အံကိုတင်းတင်းကြိတ်၍ သက်မတစ်ချက်ကို ချလိုက်၏။ အဘဦးကျော်လူကတော့ မျက်နှာ ပျက်နေသည်။
ကိုထွန်းငြိမ်းမှာ သူတို့နှစ်ယောက်၏ ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေကြောင့် အံ့အားသင့်သွားမိ၏။
“အင်း အမိ၊ အဖကို သိပ်ဒုက္ခပေးတဲ့ မောင်ဖေသန်း၊ မင်းလည်း အရင် ကြားလိုက်မှာပေါ့။ ဆင်ကုန်တိုင်ရွာက ဟိုသူငယ်မနဲ့ ရှုပ်ရှုပ်ယှက်ယှက်ဖြစ်ပြီး လက်ပတ်ဖြူထဲ ဝင်သွားလိုက်တာ။ လက်ပတ်ဖြူဖြစ် သွားပြီးမှ ရွာကိုတစ်ခေါက် သူ့မျက်နှာလာပြဖော်ရတယ်။ ခုလည်း ဘယ်တိုင်း၊ ဘယ်ပြည်ရောက်နေမှန်းမသိဘူး။ သူထွက်သွားကတည်းက သူ့စိတ်သောကနဲ့ တရှောင်ရှောင်ဖြစ်ကျန်ခဲ့တဲ့ သူ့အမေ မသီဦးကတော့ ဆုံးရှာပြီ”
ဦးလှကွန့်မှာ ယောက်ျားရင့်မာကြီးပင် ဖြစ်လင့်ကစား ဝမ်းနည်းစိတ်ကို မချုပ်တည်းနိုင်တော့ဘဲ စကားအဆုံးတွင် မျက်ရည်ကျလာသည်။
ကိုထွန်းငြိမ်းမှာ သူ့စကားအတွက် ဦးလှကွန့်၏အဖြစ်ကို မြင်မိကာ ရင်ထဲလှိုက်ဖိုသွားမိသည်။ သူ့သားအကြောင်း ငါပြောမိတာ မှားလေခြင်း ဟုလည်း နောင်တရမိသည်။
တစ်ဦးတည်းသောသားအတွက် မိခင်ဖြစ်သူမှာ မည်မျှပူပန်သောက ဖြစ်ခဲ့ရသည်ကိုတော့ ကိုထွန်းငြိမ်းရွာ၌ရှိစဉ်ကပင် ကြားဖူးသည်။
ဤတစ်လောတွင် မည်သူ့ကိုတွေ့တွေ့ ပူပင်သောကတွေ ကိုယ်စီ နှင့်ချည်းပါတကားဟု ကိုထွန်းငြိမ်းမှာ တွေးပြီးစိတ်မကောင်းဖြစ်ရပြန် သည်။
ကိုရဲမြင့်တို့အမေ၊ တင်တင်မြိုင်၊ မိမိ၊ ပြီးတော့ ဦးလှကွန့်။
“ဟင် အဒေါ် ဆုံးရှာပြီကိုး”
“အေးကွယ် မသီဦးလည်း ဒီသားစိတ်နဲ့ပဲ ဆုံးရှာပြီ။ မောင်ဖေသန်း ထွက်သွားကတည်းကပဲ နာတာရှည်ဖြစ်နေတဲ့ မသီဦးဟာ ခုတစ်လော အစိုးရ စစ်တပ်ကလည်း စစ်ဆင်ရေးလိုက် လုပ်နေလို့ လက်ပတ်ဖြူတွေ ကစဉ့်ကလျား ဖြစ်နေကြတယ်လည်းကြားရော တစ်ခါတည်း ဆုံးရှာတာပဲ။ ခု မင်းယောက္ခမ ကိုဘကျော်တို့တောင် ရွာမှာအိပ်ရဲတာ မဟုတ်ဘူး။ သူက တိုက်နယ်ဥက္ကဋ္ဌဆိုတော့ ကြောက်မှာပေါ့လေ”
ဤစကားကိုတော့ အဘကျော်လူက စိတ်မကောင်းစွာနှင့် တစ်လုံးချင်း ပြောပြလေသည်။
“အေးဗျာ ကြားရတာတော့ စိတ်မကောင်းစရာချည်းပါပဲ။ ခု အဘတို့ မင်းဘူးလာကြတဲ့ကိစ္စကရော”
“မသီဦးကို ရက်လည်ဆွမ်းကျွေးဖို့အတွက် လှူဖွယ်ဝတ္ထုနဲ့ ငါးဟင်း ဆီပျားကိစ္စပဲပေါ့ကွယ်”
“ဒေါ်ကြီးအတွက် ကျွန်တော်လည်း အလှူငွေငါးကျပ် လှူလိုက်ပါ့မယ် ဦးလေးလှကွန့်”
“အေးကွယ် သာဓု၊ သာဓု၊ ငါ့တူကြီး ဘုန်းကြီးလို့ အသက်ရှည်ပါစေ။ အနာမျိုး ကိုးဆယ့်ခြောက်ပါး ကင်းပါစေ”
ကိုထွန်းငြိမ်းက ရိုရိုသေသေလှမ်းပေးသော ငါးကျပ်တန်တစ်ရွက်ကို လက်နှစ်ဖက် တုန်တုန်ယင်ယင်နှင့် လှမ်းယူနေသော ဦးလှကွန့်၏ ဆုပေးသံကြောင့် ကိုထွန်းငြိမ်းရင်ထဲမှာ ဆို့နင့်နေမိ၏။
ဆက်လက်ဖော်ပြပါမည်။