၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့်အလယ်တန်းဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်)ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

 

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့်အလယ်တန်းဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်)ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်  ဇန်နဝါရီ  ၁၇

    ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံ ပညာမူလတန်းနှင့်    အလယ်တန်းဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်) ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းရှိ သီရိမင်္ဂလာခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ စွမ်းရည်ပြိုင်ပွဲတွင် အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်ပေးကြသည့် အဆင့်မြင့်ပညာဦးစီးဌာန၊ ဆရာအတတ် ပညာဦးစီးဌာနမှ ဆရာ၊ ဆရာမများ၊  တိုင်းဒေသကြီး၊ ပြည်နယ်များမှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ၊ ကြီးကြပ်သူဆရာ၊ ဆရာမများ၊ မိဘအုပ်ထိန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက  ပညာရေးစနစ်သစ်တွင် ကျောင်းသား၊ ကျောင်းသူများ အရည်အချင်းရှိသော နိုင်ငံသားများ ဖြစ်ပေါ်လာရေးအတွက် ၂၁ ရာစု သင်ကြားရေးဆိုင်ရာ စွမ်းရည်များနှင့် ပြည့်စုံအောင် သင်ကြားပေးလျက်ရှိကြောင်း၊ အနာဂတ် နိုင်ငံတော်ကို ဦးဆောင်ကြမည့် ကျောင်းသားလူငယ်များ အနေဖြင့် နိုင်ငံတကာသုံး ဘာသာစကားဖြစ်သည့် အင်္ဂလိပ်စာ အရေး၊အဖတ်၊ အပြောစွမ်းရည်များ တိုးတက်လာစေရန်နှင့် စဉ်းစားတွေးခေါ်ဉာဏ် ရင့်သန်ပြီး သင်္ချာဆိုင်ရာဉာဏ်ရည် တိုးတက်ရန်လိုကြောင်း၊   အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လာရောက်ဖြေဆိုကြသည့် အတွက် အားရကျေနပ်မိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့၏ အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်များနှင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလတည်းဟူသော ဗလငါးတန်နှင့် ပြည့်စုံသူများဖြစ်အောင် ဆက်လက်ကြိုးစား ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုမှုနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန လေ့လာဆန်းစစ် အကဲဖြတ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က   ရှင်းလင်းတင်ပြပြီး သင်္ချာစွမ်းရည်ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများဖြေဆိုမှုနှင့် စပ်လျဉ်း၍ သင်္ချာစွမ်းရည်ပြိုင်ပွဲ စာစစ်မှူးချုပ် ရန်ကုန်တက္ကသိုလ် သင်္ချာဌာနပါမောက္ခ ဒေါက်တာအောင်ကျော်က ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် အတန်းလိုက် ပထမဆု ရွေးချယ်ခံရသည့်   ကျောင်းသား၊ ကျောင်းသူများက အင်္ဂလိပ်စာစွမ်းရည်ကို ပြသတင်ဆက်ကာ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် Grade 5, Grade 6,  Grade 7, Grade 8 , Grade 9 မှ ပထမ၊ ဒုတိယ၊ တတိယ ဆုရ ကျောင်းသား၊  ကျောင်းသူများကို ဆုချီးမြှင့် ပေးအပ်သည်။

ထို့နောက် အကဲဖြတ် စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ  ကူညီဆောင်ရွက်ပေးသည့် တက္ကသိုလ်မှ တာဝန်ရှိဆရာ၊ ဆရာမများ ကိုယ်စား အင်္ဂလိပ်စာနှင့် သင်္ချာအကဲဖြတ် ဒိုင်နှစ်ဦးကို  ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။