တရုတ်(တိုင်ပေ)အရေးတွင် ဖိလစ်ပိုင်အနေဖြင့် မီးနှင့်မကစားရန် တရုတ်သတိပေး

 

တရုတ်(တိုင်ပေ)အရေးတွင် ဖိလစ်ပိုင်အနေဖြင့် မီးနှင့်မကစားရန် တရုတ်သတိပေး

 

    ဖိလစ်ပိုင်နိုင်ငံအနေဖြင့် တရုတ်(တိုင်ပေ)အရေးတွင် မီးနှင့်မကစားရန် တရုတ်နိုင်ငံက သတိပေးလိုက်ကြောင်း သိရသည်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့ဂျူနီယာသည် တရုတ်(တိုင်ပေ)သမ္မတ ရွေးကောက်ပွဲ၌ အနိုင်ရရှိသွားသော လိုင်ချင်းထေကို ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောပြီးနောက် တရုတ်နိုင်ငံက ယခုကဲ့သို့ သတိပေးလိုက်ခြင်း ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံအနေဖြင့် တရုတ်(တိုင်ပေ)နှင့်    နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် အကျိုးစီးပွားများ ခိုင်မာစေမှု၊ ငြိမ်းချမ်းရေးကို အားပေးမြှင့်တင်မှု၊ ပြည်သူများ   ချမ်းသာကြွယ်ဝမှုတို့အတွက် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖာဒီနန်မားကို့ဂျူနီယာက လူမှုကွန်ရက်တွင် ရေးထားသည်။

ထို့နောက် ဖိလစ်ပိုင်သမ္မတ၏ မှတ်ချက်ပြုစကားသည် တရုတ်တစ်နိုင်ငံတည်းဟူသော အခြေခံသဘောတရားကို ဆိုးဝါးစွာ ချိုးဖောက်နေခြင်းဖြစ်ကြောင်း၊ ဖိလစ်ပိုင် နိုင်ငံက တရုတ်နိုင်ငံနှင့်  သံတမန်ရေး ကတိကဝတ်များကို အလေးမထားရာ ရောက်ကြောင်းနှင့် တရုတ်နိုင်ငံ၏ပြည်တွင်းရေးကို  ဝင်ရောက်စွက်ဖက်နေခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ  မောင်နင်းက ပြောသည်။

“တရုတ်နိုင်ငံအနေနဲ့ ဒီကိစ္စကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါတယ်။  ဒါနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင် နိုင်ငံဘက်ကိုလည်း တရားဝင် ကန့်ကွက်သွားမှာဖြစ်ပါတယ်” ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။

ယင်းနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက   တရုတ်နိုင်ငံဆိုင်ရာ  ဖိလစ်ပိုင် သံအမတ်ကြီးကို ဆင့်ခေါ်ကာ တရားဝင် ကန့်ကွက်သည်။

၁၉၄၀ ပြည့်နှစ်တွင်  ဖြစ်ပွားသော တရုတ်ပြည်တွင်းစစ်၌ ရှုံးနိမ့်သွားသော တရုတ်အမျိုးသားရေး တပ်ဖွဲ့များက ထိုင်ဝမ် ကျွန်းသို့ ထွက်ပြေးသွားကာ ထိုနေရာမှာပင် အမေရိကန်၏အကူအညီဖြင့် သီးခြားနိုင်ငံကဲ့သို့ တစ်စင်ထောင်နေခြင်းဖြစ်သည်။

တရုတ်နိုင်ငံက   တရုတ်(တိုင်ပေ)နှင့် ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး အတွက် ကြိုးပမ်းနေသကဲ့သို့   တရုတ်(တိုင်ပေ)ကို နိုင်ငံတစ်နိုင်ငံ အနေဖြင့် သတ်မှတ်ဆက်ဆံနေသော နိုင်ငံများကိုလည်း သတိပေးမှုများ လုပ်ထားကြောင်း သိရသည်။