အစ္စရေးနှင့် ဟားမတ်တို့ကြားတိုက်ခိုက်မှု နောက်ထပ် တစ်နှစ် ထပ်ကြာနိုင်ဟုဆို

 

အစ္စရေးနှင့် ဟားမတ်တို့ကြားတိုက်ခိုက်မှု နောက်ထပ် တစ်နှစ် ထပ်ကြာနိုင်ဟုဆို

 

    အစ္စရေးနှင့်ဟားမတ်တို့ကြား ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများသည် နောက်ထပ် တစ်နှစ်ထပ်ကြာနိုင်ကြောင်းနှင့် ထို့ထက်လည်း ပိုနိုင်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောသည်။

အစ္စရေးဝန်ကြီးချုပ်က ပါလက်စတိုင်းတို့၏ အတွင်းပိုင်းနယ်မြေ အနီးရှိ ရပ်ကွက်များမှ   ကောင်စီဥက္ကဋ္ဌများနှင့် တွေ့ဆုံစဉ် ဟားမတ်တို့ကို တိုက်ခိုက်မှုသည် ၂၀၂၅ ခုနှစ်အထိ ဆက်သွားနိုင်သည်ဟု ပြောထားခြင်းဖြစ်သည်။

ထို့ပြင် ဂါဇာနယ်စပ်အနီးရှိ  ရပ်ကွက်များ၌ ယခင်ကနေထိုင်ကြသော အစ္စရေး ပြည်သူများအနေဖြင့် ၎င်းတို့၏နေအိမ် များတွင် ပြန်လည်နေထိုင်ကြရန်၊ ထောက်ပံ့မှုနှင့် တိုက်တွန်းမှုများ ပေးသွားမည့် ကာကွယ်ရေးဝန်ကြီးဌာန၏ မူဘောင်တစ်ခုကိုလည်း ပြန်လည်သုံးသပ်ရန် ဝန်ကြီးချုပ်က သဘောတူသည်။

အောက်တိုဘာလ ၇ ရက်တွင် ဟားမတ်တို့၏ တိုက်ခိုက်မှုကြောင့် အစ္စရေးပြည်သူ ၁၂၀၀ ကျော်သေဆုံးကာ ၂၀၀ ကျော် အဖမ်းခံရပြီးနောက် ထိုဒေသ၌ နေထိုင်သူ အများအပြားမှာ   ဘေးလွတ်ရာသို့ထွက်ပြေး တိမ်းရှောင်သွားရခြင်း  ဖြစ်သည်။

ယခုအခါ အစ္စရေးအစိုးရက ထွက်ပြေးသွားသော ပြည်သူများကို ကိုယ့်အိမ်ကိုယ်ပြန်နေရေး အတွက် တိုက်တွန်းမှုများ လုပ်ရန် စီစဉ်နေစဉ် လက်ရှိတိုက်ပွဲများကြောင့် ထိုပြည်သူများမှာ  ၎င်းတို့၏နေအိမ်များဆီသို့  ပြန်လာလိုခြင်း မရှိသေးကြောင်း၊  အစိုးရအနေဖြင့် ထိုသူများကို ငွေကြေးအရ ထောက်ပံ့မှုများပေးရန် တောင်းဆိုကြောင်း ရပ်ကွက်များမှ အကြီးအကဲများက  တင်ပြတောင်းဆိုသည်။

ထို့နောက် ဝန်ကြီးချုပ်နေတန်ယာဟုက အဆိုပါတောင်းဆိုချက်များကို လိုက်လျောကာ လိုအပ်သော စီစဉ်မှုများ လုပ်ဆောင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများကို ညွှန်ကြားလိုက်ကြောင်း သိရသည်။