ပဲခူးတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

 

 

ပဲခူးတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

 

ပဲခူး  ဇန်နဝါရီ  ၁၇

    ပဲခူးတက္ကသိုလ် စုဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ၂၀၂၃-၂၀၂၄  ပညာသင်နှစ် ပဲခူးတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း  တက်ရောက်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တက္ကသိုလ်တစ်ခုဆိုသည်မှာ နိုင်ငံ၏ တန်ဖိုးမဖြတ်နိုင်သည့် ရတနာတစ်ခုဖြစ်ပြီး သာယာဝပြော၍ ငြိမ်းချမ်းသော အနာဂတ်လူ့ဘောင်ကို တည်ထောင်နိုင်ရန် ထူးချွန်ထက်မြက်ပြီး ပညာရည်ပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်တွေကို ဖော်ထုတ်ပေးနေသည့်  နေရာတစ်ခုဖြစ်ကြောင်း၊ တက္ကသိုလ်တွင် ဘာသာရပ်ဆိုင်ရာ ပညာရပ်အသီးသီးကို ပို့ချသင်ကြားပေးရုံသာမက အကျင့်စာရိတ္တကောင်းမွန်သည့် ပညာတတ် နိုင်ငံ့သားကောင်း ရတနာများကို မွေးထုတ်ပေးလျက်ရှိသည်နှင့်အညီ မောင်တို့၊ မယ်တို့အနေဖြင့် ဉာဏ်ရည်ထက်မြက်ပြီး စဉ်းစားတွေးခေါ်မှုမြင့်မားသော အသိပညာ အတတ်ပညာရှင်များ ဖြစ်အောင် ကြိုးစားကြစေ လိုကြောင်း ပြောကြားသည်။

ထို့နောက် ပဲခူးတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီး  ဒေါက်တာအေးအေးခိုင်က တက္ကသိုလ်အကြောင်း သိကောင်းစရာများအား   မိတ်ဆက်ရှင်းလင်း ပြောကြားပြီး သက်ဆိုင်ရာပါမောက္ခများက တက္ကသိုလ်တွင် သင်ကြားပို့ချသွားမည့် ဝိဇ္ဇာဘာသာရပ်၈ ခုနှင့် သိပ္ပံဘာသာရပ် ၆ ခုတို့၏ သိမှတ်ဖွယ်ရာများအား ရှင်းလင်းပြောကြား ခဲ့ကြသည်။

ယင်းနောက် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများက “မြကျွန်းညိုညို တက္ကသိုလ်”၊ “ထာဝရမြန်မာ”၊ “ဗုဒ္ဓပူဇနိယ”၊”ရှမ်းနှစ်သစ်ကူးပွဲတော်”စသည့်တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် ပဲခူးတက္ကသိုလ်သို့ ပထမနှစ် တက်ရောက်သင်ကြားမည့် မောင်/မယ်များအား    တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက    ရင်းရင်းနှီးနှီးနှုတ်ဆက်  အားပေးစကား ပြောကြားခဲ့ပြီး ဘာသာရပ်အလိုက်    ခင်းကျင်းပြသထားသည့်   ပြခန်းများအား  လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။