စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ဆားထုံးကျေးရွာတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမှုကြောင့် ကျေးရွာနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ဆားထုံးကျေးရွာတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမှုကြောင့် ကျေးရွာနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဇန်နဝါရီလ ၁၈ ရက်

         စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်တွင် နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို PDF အမည်ခံ အကြမ်းဖက်သမားများက တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် ၈ ဦး ကျဆုံးခဲ့ကြောင်းနှင့် ဆားထုံးကျေးရွာက နေအိမ် ၈ လုံးနှင့် တဲ ၁ လုံးတို့ကို  လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသားနေသည်ကို တွေ့ရှိရသည်။

    ဖြစ်စဉ်အမှန်မှာ ဇန်နဝါရီ ၁၇ ရက်နေ့က ဆားလင်းကြီးမြို့နယ်၊ ဆားထုံး ကျေးရွာအနီးတွင် PDF အမည်ခံအကြမ်းဖက်သမားများ ခိုအောင်းနေကြောင်း တည်ငြိမ်အေးချမ်းမှုကိုလိုလားသည့် ပြည်သူများ၏ သတင်းပေးမှုအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ရာ လက်လုပ်သေနတ် ၁၁ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်ဗုံးသီး ၅ လုံး၊ လက်လုပ်မိုင်း ၂ လုံးနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။ ထို့နောက် အဆိုပါကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကာ PDF အမည်ခံအကြမ်း ဖက်သောင်းကျန်းသူများက ဆားထုံးကျေးရွာရှိ နေအိမ်များကို မီးရှို့ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

        လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေးနှင့် ရပ်ရွာတည်ငြိမ် အေးချမ်းရေးကို ပြည်သူလူထုနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ တရားမဝင်ပြည်ဖျက် မီဒီယာများက အကြမ်းဖက်သမားများ၏ အကြမ်းဖက် လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင် လွဲမှားစေရန်အတွက် သတင်းအမှား များကို လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်းသတင်းရရှိပါသည်။