ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ ဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ ဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

နေပြည်တော်၊ ၂၀၂၄ ဇန်နဝါရီ - ၁၈

‌         ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မြို့နယ်များအတွင်းရှိ ဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်း ဂေါပက အဖွဲ့ဝင် ၂၅ ဦး၊ အုပ်ချုပ်မှုအဖွဲ့ဝင် ၅ ဦး စုစုပေါင်း ၃၀ ဦး တို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။

ဦးစွာ ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယဘုရားကြီးတည်ထား ကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ် အဆင့်ဆင့်ဖြင့်  အောင်မြင်စွာတည်ထား ပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီစက်ကိရိယာများအသုံးပြု၍ ကျောက်စာရုံစေတီတော်များ တည်ထား ဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှု အခြေအနေတို့ကို ရှင်းလင်းပြောကြားကြပြီး မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။

ထို့နောက် ဘုရားဖူးလာဂေါပကအဖွဲ့ဝင်များက ရုပ်ပွားတော်မြတ်ကြီးတည်ဆောက် ပူဇော်ခဲ့မှုလုပ်ငန်းစဉ်အဆင့်ဆင့်ကို အသေးစိတ်ရှင်းလင်းပြောကြား ပေးမှုများအပေါ် ကျေးဇူးတင်စကားများပြောကြားကြသည်။ ထို့နောက် ဘုရားဖူးလာ ဂေါပက အဖွဲ့ဝင်များက ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာတည်ထား ပူဇော်နိုင်ခဲ့မှု အခြေအနေနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကိုမေးမြန်းကြရာ တာဝန်ရှိသူများက အသေးစိတ် ပြန်လည်ရှင်းလင်း ဖြေကြားသည်။

ယင်းနောက် ဂေါပကအဖွဲ့ဝင်များသည် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းကြသည်။ ဆက်လက်၍ ဘုရားဖူးလာဂေါပကအဖွဲ့ဝင်များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုကြပြီး ဘုရားရင်ပြင်တော် ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များအတွင်း၌ ဖူးမြော်လေ့လာကြသည်။ ထို့နောက် မော်ကွန်းတိုက်၌ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ် တော်ပုံစံငယ်ပြသထားမှု၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း ကျင်းပခဲ့သည့် မဟာမင်္ဂလာအခမ်း အနားများတွင် အသုံးပြုခဲ့သော ပစ္စည်းများ၊ မာရဝိဇယ ဆင်းတုတော်ကြီးအား အစိတ် အပိုင်းလေးပိုင်းခွဲ၍ တည်ဆောက်ထားသော ဆင်းတုတော်ကြီးပုံစံငယ်များ၊ မြန်မာ့ရိုးရာ ပန်းဆယ်မျိုး လက်ရာပုံစံငယ်များနှင့် မှတ်တမ်းဓာတ်ပုံများ၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များ၊ အခြားသာသနိက အဆောက်အအုံများကို ဖူးမြော်လေ့လာကြည်ညိုခဲ့ကြသည်။

ထို့အတူ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိကြသည်။

ယနေ့တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ခဲ့ကြသည့် ဂေါပကအဖွဲ့ဝင်များ၏ ရင်တွင်းစကားသံများအား ယခုလို ကြားသိခဲ့ရပါတယ် -

ဦးညိုလုံး(စူဠာမုနိလောကချမ်းသာစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ဥက္ကဌ)

   ဘုရားကြီးကိုတည်ထားပူဇော်ရတဲ့ ရည်ရွယ်ချက်လေးရပ်မှာ ကိုယ့်ရဲ့ဘာသာ သာသနာပြန့်ပွားဖို့အတွက် နိုင်ငံတော်ဝန်ကြီးချုပ်ကြီးက ဦးဆောင်ဒါယကာအနေနဲ့ ဆောင်ရွက်သွားတာက အင်မတန်မှလေးစားဖွယ်၊ ဂုဏ်ယူဖွယ်ကောင်းပါတယ်။ အတုယူ ဖွယ်လည်းကောင်းပါတယ်။ ရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ရတဲ့အခါမှာ ကိုယ့်အရပ်၊ ကိုယ့်ဒေသမှာ ကိုယ့်ဘာသာသသနာပြန့်ပွားအောင် ဆက်လက်ဆောင်ရွက်ဖို့အတွက် အင်အားတွေရရှိလာသလိုခံစားရပါတယ်လို့ ပြောချင်ပါတယ်။ ပြည်နယ်နဲ့တိုင်းဒေသကြီး အသီးသီးက တန်ခိုးကြီးဘုရားတွေရဲ့ဂေါပကတွေ လာရောက်ဖူးမြော်ကြတာကို တီဗီမှာ တွေ့လိုက်ရတော့အင်မတန်မှ ဝမ်းသာခဲ့ပါတယ်။ ကိုယ့်အလှည့်ကိုဘယ်တော့ ရောက်မလဲ ဆိုပြီး မျှော်လင့်ခဲ့မိပါတယ်။ မျှော်လင့်ခဲ့တဲ့အတိုင်းဘဲအခု အကြီးအကဲတွေကစီစဉ်ပေးတဲ့ အတွက် လာရောက်ဖူးမြော်ခွင့်ရခဲ့ပါပြီ။ ထိုနည်းအတူဘဲ ကျန်နေသေးတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးက ဂေါပကအဖွဲ့ဝင်တွေအားလုံးစုံစုံညီညီနဲ့ ဒီလိုမျိုး ပြည်နယ် တိုင်းဒေသကြီးတစ်ခုလုံးမှာ၊ အနှံ့အပြားမှာပြန့်ပွားသွားမယ်ဆိုရင် တစ်နေရာစီက ဘာသာ သာသနာအတွက် ထွန်းလင်းတောက်ပြောင်တဲ့ဆောင်ရွက်မှုတွေ ထွက်ပေါ်လာမယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်

ဦးသိန်းဟန် (တောင်ကြီးမြို့ကျက်သရေဆောင် ရွှေဘုန်းပွင့်ဘုရား ဂေါပကအဖွဲ့ဝင်)

          မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို စတင်တည်ထားကတည်းက ကျွန်တော်တို့ အရမ်းဖူးမြော်ချင်ခဲ့တာပါ။ အခုလိုလာရောက်ဖူးမြော်ခွင့်ရတဲ့အတွက် ရင်ထဲမှာအတိုင်း မသိ ကျေနပ်မိပါတယ်။ တကယ်ကြည်နူးပါတယ်။ ထေရဝါဒဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ အတွက် အရမ်းကိုဂုဏ်ယူစရာကောင်းပါတယ်။ အရမ်းလည်း ပီတိဖြစ်စရာကောင်းပါ တယ်။ နောင်လာမယ့်မျိုးဆက်သစ်တွေအတွက်လည်း ဒီဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးက ဂုဏ်ယူစရာတစ်ရပ်အနေနဲ့ အမြဲတမ်းတည်ရှိနေမယ်လို့ ယုံကြည်ပါတယ်။

ခွန်ကျော်ဆန်း(မွေတော်ကက္ကူဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး)

          နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ ကျွန်တော်တို့ဂေါပကအဖွဲ့ကို အခုလိုဖိတ်ကြားပေး တဲ့အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့ ပြည်နယ်ဝန်ကြီးချုပ်က အခုလိုစီစဉ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဗုဒ္ဓဘာသာသာသနာထွန်းကားအောင် နိုင်ငံတော် အစိုးရအနေနဲ့ ကမ္ဘာမှာအကြီးဆုံး၊ အမြင့်ဆုံးဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ထားပူဇော် ပြီး ဆောင်ရွက်ပေးတဲ့အတွက် ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ဂုဏ်ယူမဆုံးဖြစ်မိပါတယ်။ သာသနာတော်ကြီးထွန်းကားပြန့်ပွားအောင် ထိန်းသိမ်းစောင့်ရှောက်ကြဖို့အတွက် ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေအားလုံးမှာ တာဝန်ရှိပါတယ်။

 ဦးစိုးမြင့် (ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ဝင်)

မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကို အခုလိုလာရောက် ဖူးမြော် ကြည်ညိုနိုင်ဖို့အတွက် ပြည်နယ်ဝန်ကြီးချုပ်က အစစအရာရာ စီစဉ်ပေးပါတယ်။ ဘုရားကြီးကိုဖူးမြော် လိုက်ရတဲ့အချိန် ရင်ထဲမှာဖြစ်ပေါ်လာတဲ့ ပီတိဖြစ်မှုကဘာနဲ့မှ မလဲနိုင်အောင် အေးချမ်းလွန်းပါတယ်။ ကိုယ်တိုင် ဂေါပကတာဝန်ကို ထမ်းဆောင်နေတဲ့ သူတစ်ယောက်ဖြစ်တဲ့အတွက် ဘုရားကြီးကိုဖူးမြော်ကြည်ညိုရင်း ဘုရားပရဝုဏ်တစ်ခုလုံး သန့်ရှင်းသပ်ရပ်ပြီး စိမ်းလန်းစိုပြေနေအောင် စနစ်တကျစီမံခန့်ခွဲမှုတွေ ဆောင်ရွက်ထားတာကိုလည်း သတိထား လေ့လာမိပါတယ်။ ဂေါပကတစ်ယောက်အနေနဲ့ သာသနိကအဆောက်အအုံတွေကို ရေရှည်တည်တံ့အောင် ဘယ်လိုထိန်းသိမ်း စောင့်ရှောက်ရမယ်၊ သက်ဆိုင်ရာကဏ္ဍတွေအလိုက် ဘယ်လိုတည်ဆောက်ရမယ်၊ ဝန်ထမ်းတွေကို ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတဲ့ ဗဟုသုတတွေလည်း အများကြီး လေ့လာခဲ့ရပါတယ်။ ဘုရားကြီးကိုတည်ဆောက်ထားတဲ့ အဆင့်မြင့် နည်းပညာတွေကိုလည်း လေ့လာခွင့်ရခဲ့ပါတယ်။ ကမ္ဘာပေါ်မှာဉာဏ်တော် အမြင့်ဆုံးဖြစ်တဲ့ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ကိုယ့်နိုင်ငံမှာ အခုလို တည်ထားပူဇော်နိုင်ခဲ့တဲ့အတွက် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတစ်ယောက်အနေနဲ့ များစွာ ဂုဏ်ယူမိပါတယ်။ အတုယူဖို့ကောင်းတဲ့ စီမံခန့်ခွဲမှုနည်းစနစ်တွေကိုလည်း လေ့လာ မှတ်သားပြီး ကျွန်တော်တို့တာဝန်ယူထိန်းသိမ်းစောင့်ရှောက်ရတဲ့ ဘုရားစေတီတွေ  ပိုမို ကြည်ညိုဖွယ်ဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အကျိုးရှိရှိပြန်လည်အသုံးချ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဦးသန်းကျော်(တောင်ကြီးမြို့ မြို့လယ်ဓမ္မာရုံဂေါပကအဖွဲ့ဝင်)

ပြည်နယ်ဝန်ကြီးချုပ်ရဲ့စီစဉ်ပေးမှုနဲ့ တောင်ကြီးမြို့နယ်နဲ့ ညောင်ရွှေမြို့နယ် အတွင်းမှာရှိတဲ့ ဂေါပကအဖွဲ့တွေစုပြီး လာကြတာဖြစ်ပါတယ်။ အခုလာရောက်တဲ့ ဘုရားဖူးအဖွဲ့မှာ ဖောင်တော်ဦးဘုရား ဂေါပကအဖွဲ့၊ မွေတော်ကက္ကူဘုရားဂေါပကအဖွဲ့၊ စူဠာမုနိဘုရားဂေါပကအဖွဲ့၊ ရွှေဘုန်းပွင့်ဘုရား ဂေါပကအဖွဲ့နဲ့ တောင်ကြီးမြို့ မြို့လယ် ဓမ္မာရုံ ဂေါပကအဖွဲ့ဆိုပြီး ဂေါပကအဖွဲ့ ငါးဖွဲ့ပါတယ်။ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်လိုက်ရတဲ့အချိန်မှာ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ရော မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ပါ ကိုယ့်ကိုယ်ကို ဂုဏ်ယူမိတဲ့ စိတ်တွေဖြစ်လာပါတယ်။ အခုလိုခမ်းနားကြီးကျယ်ပြီး ကြည်ညိုဖွယ်ရာ ကောင်းလွန်းတဲ့ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ထားပူဇော်ဖို့ဆိုတာ တကယ်မလွယ်ကူတဲ့ ကိစ္စပါ။ တော်ရုံတန်ရုံ သဒ္ဓါတရား လောက်နဲ့ မဖြစ်နိုင်တဲ့ကိစ္စပါ။ ဘုရားကြီးရဲ့ဂေါပကအဖွဲ့ဝင်တွေ ရှင်းပြတာကို နားထောင်ပြီး ဗီဒီယိုမှတ်တမ်းတွေကို ကြည့်လိုက်တဲ့အခါမှာ အခုလိုကြည်ညိုဖွယ်ရာ သပ္ပာယ်လှတဲ့ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ထားပူဇော်နိုင်ဖို့အတွက် ကြိုးစားဆောင်ရွက်ခဲ့ကြတဲ့ တပ်မတော်သားတွေရဲ့ ဇွဲလုံ့လနဲ့ ဆောင်ရွက်ချက်တွေကို ဘယ်လိုမှ မချီးကျူးဘဲမနေနိုင်ပါဘူး။ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးက ကျွန်တော်တို့မြန်မာ နိုင်ငံမှာ ဗုဒ္ဓဘာသာသာသနာ နေလိုလလို ထွန်းလင်းတောက်ပနေတယ်ဆိုတာကို ကမ္ဘာတစ်ဝှမ်းလုံးကို ပြသလိုက်တဲ့ ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးဖြစ်တယ်လို့ ဆိုချင်ပါတယ်ခင်ဗျာ။