ဝမ်းရေးထက်ပင် ခက်ပါသည်

 

ဝမ်းရေးထက်ပင် ခက်ပါသည်

 

ယမန်နေ့မှအဆက်

 

“ကျွန်တော် ညနေတစ်ခေါက်လာခဲ့ပါ ဦးမယ် ဦးရယ်။ ဦးတို့၊ အဘတို့ ခု ဘယ်မှာ တည်းကြပါလဲ”

“ဦးဇာဂရကျောင်းမှာပေါ့ကွယ်”

“ဟုတ်ကဲ့၊ ညနေ ကျွန်တော် ဆက်ဆက် လာခဲ့ပါဦးမယ်။ ပြီးတော့ မခင်မှီအတွက် စကားဆောင်းပါး၊ ပစ္စည်းဆောင်းပါးလည်း ပေးလိုက်ပါရစေ”

“ပေးလှည့်ပါကွယ်၊ ပေးလှည့်ပါ။ ငါတို့ မင်းအကြောင်း၊   ကျန်းမာတဲ့အကြောင်းလည်း မင်းဇနီးကို ပြောပြလိုက်ပါ့မယ်”

မျက်ရည်အဝဲသားနှင့် တဖွဖွပြန်ပြော ကြားနေသော ဦးလှကွန့်၏ မျက်နှာကို ကိုထွန်းငြိမ်းမှာ တစ်လမ်းလုံး မြင်ယောင်လာမိသည်။ ပြီး ယောကျ်ားရင့်မာကြီးတစ် ယောက်၏ တသဲ့သဲ့ငိုရှိုက်သံ တစ်ခုသည်လည်း သူနှင့်အတူ ပါလာလေသလားဟု သူ့စိတ်ထဲက မလုံမလဲဖြစ်လာမိသည်။

အမှန်ကတော့ သမီးနှင့်ဇနီးကို တွေ့လိုသော်လည်း  သွားမတွေ့ရဲသော  သူ့ ဝိညာဉ်၊ သူ့စိတ်တို့ကလည်း အတိတ်နောက်ကြောင်းကို ပြန်ပြောင်းသတိရကာ တသဲ့ သဲ့ငိုရှိုက်လာခြင်းသာ။

 

“ဒေါ်ဒေါ်ရေ ဈေးထဲမှာ ဒဟပ်ကုန်းက လူတွေတွေ့ခဲ့တယ်။     ကျွန်တော့်ဇနီး ခင်မှီမှာ သမီးလေးမွေးတယ်တဲ့။ တစ်လ သမီးတောင်ရှိပြီတဲ့။    ကလေးအတွက် ဘာတွေဝယ်ပေးလိုက်ရရင် ကောင်းမလဲ မသိဘူး။ ဒေါ်ဒေါ်တို့၊ ညီမတို့ပဲ ဝယ်ခိုင်းရ မှာပဲ။  ကျွန်တော့်သမီးလေးကို ကျွန်တော် သိပ်မြင်ချင်တာပဲဗျာ။ ခု သမီးလေးအတွက် အင်္ကျီလေးတွေ၊ ဘောင်းဘီလေးတွေဝယ် မလို့ ပိုက်ဆံပြန်လာယူတာ”

ဒေါ်ခင်ခင်မြိုင်နှင့် တင်တင်မြိုင်တို့မှာ ပျော်မြူးလာသော ကိုထွန်းငြိမ်း၏ အဖြစ်ကိုကြည့်ကာ စိတ်မကောင်းဖြစ်မိကြ၏။

သူ့ခမျာ သူ့သမီးလေးကို မည်မျှတွေ့ ချင်၊ မြင်ချင်ရှာပေလိမ့်မည်နည်း။

“အေးကွယ်  ကြားရတာ  ဝမ်းသာပါ တယ်။ သမီးအတွက်ရော၊ မင်းဇနီးအတွက် ပါ လူကြုံရှိတုန်း ပေးလိုက်ရမှာပေါ့။ မင်း ညီမနဲ့ ဒေါ်ဒေါ်တို့ လိုက်ဝယ်ပေးမယ်။ ပြီး တော့ ကလေးလေး ရက်နည်းနည်းရလို့ ကျန်းကျန်းမာမာ  အခြေအနေရောက်ရင် မြို့ကို လိုက်လာကြဖို့လည်း မှာလိုက်ဦး။ ခုတော့ သွေးနု၊ သားနုမို့ နေကောင်းရင် တောမှာပဲ နေကြပါစေဦးပေါ့”

ကိုထွန်းငြိမ်း၏အဖြစ်က စိတ်မကောင်း နိုင်စရာမရှိသော်လည်း ဒေါ်ခင်ခင်မြိုင်က လူကြီးပီပီ သင့်တင့်လျောက်ပတ်အောင် ပြောတတ်လေသည်။

နံနက်စာစားပြီးကြသည်နှင့် တစ်ပြိုင်နက်  ဒေါ်ခင်ခင်မြိုင်၊  တင်တင်မြိုင်နှင့် ကိုထွန်းငြိမ်းတို့သည် ဈေးထဲ ထွက်လာကြသည်။  ဈေးထဲတွင်  ကိုထွန်းငြိမ်းဇနီးနှင့် သမီးလေးအတွက်  အဝတ်အထည်တွေ ဝယ်ကြသည်။ အဝတ်အထည်တွေ ဝယ် ပြီးသောအခါ ကိုထွန်းငြိမ်းသည် ညနေစာ ကိုပင် အိမ်ပြန်မစားတော့ဘဲ လိပ်တောင် ရပ်ရှိ  ဒဟပ်ကုန်းကလူတွေတည်းနေကြသော ဦးဇာဂရကျောင်းသို့ ထွက်သွားလေသည်။ ညနေစာကို ရွာကလူတွေနှင့်အတူ ထမင်းဆိုင်တစ်ဆိုင်ဆိုင်တွင် စားလာမည့် အကြောင်းကိုလည်း မှာသွားလေသည်။

ထိုနေ့က ကိုထွန်းငြိမ်းသည် ည  ၁၀ နာရီကျော်မှ  အိမ်ကိုပြန်ရောက်၏။သို့သော် တစ်ညလုံး အိပ်မပျော်နိုင်ပေ။ မမြင်ဖူးသေးသော သမီးလေး၏ရုပ်သွင်ကို စိတ်ကူးထဲတွင် ပုံမှန်းတွေးတောကာ ဇနီးသည်နှင့် စိတ်ထဲက ကျီစယ်လျက်ရှိလေသည်။

ဒဟပ်ကုန်းကလူတွေ ပြန်သွားပြီး သုံး လေးရက်ကြာသည်အထိ ကိုထွန်းငြိမ်းမှာ တစ်ညမှ အိပ်မရဖြစ်နေသည်။သူ့စိတ်ထဲက သမီးလေးကို မြင်လိုတွေ့လိုစိတ်သည်  ဖိနှိပ်နှိမ်နင်း၍ မရဖြစ်ကာ ရူးချင်သလောက် ပင်ခံစားနေရလေသည်။

ထို့ကြောင့် တစ်နေ့တော့ ဒဟပ်ကုန်းကို ဖြစ်သည့်နည်းနှင့်သွားပြီး  သမီးနှင့်ဇနီးကို သွားခေါ်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။ ဦးကျော်လူ၊ ဦးလှကွန့်တို့ ပြောစကားအရ ဆိုလျှင် ယခုအခါ ဒဟပ်ကုန်းတွင် ရဲဘော် ဖြူများ ရှိကြမည်မဟုတ်ပေ။ အကယ်၍ ရှိကြလျှင်လည်း ဦးကျော်လူ၊ ဦးလှကွန့်တို့ နှင့် သမီး၊ ဇနီးသည်တို့အတွက် ကိုထွန်း ငြိမ်းက အဝတ်အထည်၊ ငွေတွေ ပေးလိုက် သည်ဆိုသဖြင့် ကိုထွန်းငြိမ်းသည် ဘယ် နည်းနှင့်မျှ ဒဟပ်ကုန်းကို လာတော့မည် မဟုတ်ဟု သူတို့ထင်နေကြပေလိမ့်မည်။

ယခုအခါ မခင်မှီသည် သူ့အမေအိမ်သို့ ပြောင်းရွှေ့နေသည်ဆိုသဖြင့် သူ့ယောက္ခမ တိုက်နယ်ဥက္ကဋ္ဌ ဦးဘကျော် မရှိခိုက် သွားလျှင် ပို၍အဆင်ပြေလေမည်။ ဦးဘကျော် မရှိတုန်း    အိမ်တွင်   တိတ်တိတ် တစ်ည လောက်အိပ်ကာ မခင်မှီရော၊ သမီးကိုပါ ခေါ်ပြီး မိုးမလင်းမီ ဒဟပ်ကုန်းက ထွက် လာမည်။ ဒဟပ်ကုန်း ဆင်ကုန်တိုင်လောက် လွန်လျှင် ရဲဘော်ဖြူများကို မကြောက်ရ တော့။ အစိုးရထိုးစစ်ဆင်နေသဖြင့် ကိုထွန်း ငြိမ်း  ရွာကိုလာပြီး သမီးနှင့်ဇနီးကို  ခေါ် သွားကြောင်း သတင်းကြားသော်လည်း ရဲဘော်ဖြူများသည် ကျောက်ကြီးစခန်း ဘက်တော့ ဘယ်နည်းနှင့်မျှ မလိုက်ဝံ့ကြပေ။

မခင်မှီတို့သားအမိကို ခုနေချိန်ခါ သွား ခေါ်ရရင် အကောင်းဆုံးဖြစ်မှာပဲ။ နောက် ဆိုရင် အစိုးရတိုက်ကင်းတွေက ပြန်ဆုတ် လာကြရင် ဒီအခွင့်အရေးမျိုး ရတော့မှာ မဟုတ်ဘူး။ ငါ သွားခေါ်မှ၊ သွားခေါ်မှ။

ကိုထွန်းငြိမ်းသည် ညအမှောင်ကြီးထဲ၌ တစ်ယောက်တည်း ရေရွတ်ကာ  ဇနီးနှင့် သမီးကို သွားခေါ်ရန် သန္နိဋ္ဌာန်ချလိုက်လေ သည်။

 

ဆက်လက်ဖော်ပြပါမည်။