အမေရိကန်က ယီမင်ရှိ ဟူသီသူပုန်များ၏ ပစ်မှတ်များကို ထပ်မံတိုက်ခိုက်

 

အမေရိကန်က ယီမင်ရှိ ဟူသီသူပုန်များ၏ ပစ်မှတ်များကို ထပ်မံတိုက်ခိုက်

 

    အမေရိကန်က  ယီမင်နိုင်ငံရှိ ဟူသီသူပုန်တို့၏ ပစ်မှတ်များကို ထပ်မံတိုက်ခိုက်မှုများ လုပ်ဆောင်ကြောင်း အမေရိကန်တာဝန်ရှိသူများ၏ ပြောဆိုချက်ကို ကိုးကား၍ CBS သတင်းဌာနက ဖော်ပြထားသည်။

အမေရိကန်က တိုက်ခိုက်လိုက်သော နေရာများသည်   ဟူသီသူပုန်များက နောက်ထပ်တိုက်ခိုက်မှုများ လုပ်ရန် ပြင်ဆင်နေသော နေရာများဖြစ်ကြောင်း သတင်းဌာနက ဆက်လက်ဖော်ပြထားသည်။

အမေရိကန်စစ်ဘက် အနေဖြင့် ဟူသီသူပုန်များ ထိန်းချုပ်ရာနေရာရှိ ဒုံးကျည်ထည့်သွင်းထားပြီး အချိန်မရွေးပစ်ခတ်ရန် အသင့်ဖြစ်နေသော  နေရာ ၁၄ ခုကို တိုက်ခိုက်မှုများ  လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် အလယ်ပိုင်းဒေသ ကွပ်ကဲမှုဌာနချုပ်က ထုတ်ပြန်ထားသည်။

“ပင်လယ်နီဒေသထဲမှာ အမေရိကန်နဲ့ မိတ်ဖက်အဖွဲ့များရဲ့ သင်္ဘောများ သွားလာမှုအပေါ် တိုက်ခိုက်မှုများကို ကာကွယ်ရန်နဲ့ လွတ်လပ်စွာ  ရေကြောင်းသွားလာမှုကို အကာအကွယ်ပေးရန်   နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု အနေနဲ့ ဇန်နဝါရီလ ၁၇ ရက်  အရှေ့ပိုင်းစံတော်ချိန် ည ၆ နာရီဝန်းကျင်မှာ အမေရိကန် စစ်ဘက်က ယီမင်ရှိဟူသီသူပုန်တို့ရဲ့ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ပါတယ်”ဟု အမေရိကန်အလယ်ပိုင်းဒေသကွပ်ကဲမှုဌာနချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယီမင်တို့အနေဖြင့် ပစ်ခတ်ရန်အသင့် ပြင်ဆင်ထားသော  ဒုံးကျည်များသည် ပင်လယ်နီအတွင်းရှိ ကုန်တင်သင်္ဘောများနှင့် အမေရိကန် စစ်ရေယာဉ်များအပေါ် ခြိမ်းခြောက်မှုများ ဖြစ်စေသည့်အရာများ ဖြစ်ကြောင်း  အဆိုပါ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ထို့ပြင် အမေရိကန်တို့၏ တိုက်ခိုက်မှုသည် ပင်လယ်နီအတွင်း သွားလာနေသော နိုင်ငံတကာ ကုန်တင်သင်္ဘောများ အပေါ်အဆင်အခြင်မဲ့ တိုက်ခိုက်မှုများ လုပ်ဆောင်နေသည့် ဟူသီသူပုန်တို့၏ တိုက်စွမ်းအားများကို   လျော့ကျစေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို  တွေ့ရသည်။

ဟူသီသူပုန်တို့အနေဖြင့် ဇန်နဝါရီလ၁၇ ရက်နံနက်ပိုင်းတွင် အမေရိကန်နိုင်ငံက ပိုင်ဆိုင်သော   ဂျန်ကိုပီကာဒီ အမည်ရှိ ကုန်တင်သင်္ဘောကို အေဒင်ပင်လယ်ကွေ့တွင် တိုက်ခိုက်မှုများ  လုပ်ဆောင်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုတွင် ဒဏ်ရာရရှိသူ မရှိကြောင်း၊ သင်္ဘောသည်  အနည်းငယ်ထိခိုက်မှုများ ရှိသော်လည်း ဆက်လက်ခရီးနှင်နိုင်သေးကြောင်း အမေရိကန်အလယ်ပိုင်းဒေသ ကွပ်ကဲမှုဌာနချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ဟု သိရသည်။