ကျိုင်းတုံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်း ကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲပြုလုပ်၊ ကျိုင်းတုံတက္ကသိုလ်၏(၁၇)နှစ်ပြည့် တက္ကသိုလ်နှစ်ပတ် လည်နေ့ အထိမ်းအမှတ် ဈေးရောင်းပွဲတော်ကျင်းပ

ကျိုင်းတုံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်း ကျောင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲပြုလုပ်၊ ကျိုင်းတုံတက္ကသိုလ်၏(၁၇)နှစ်ပြည့် တက္ကသိုလ်နှစ်ပတ် လည်နေ့ အထိမ်းအမှတ် ဈေးရောင်းပွဲတော်ကျင်းပ

နေပြည်တော်၊ ၂၀၂၄ ဇန်နဝါရီ -၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်း ကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆု ပေးပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်း၌ပြုလုပ်ရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းနှင့် တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းသား/ကျောင်းသူလေးများက “ ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြသည်။ ထို့နောက် တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး ပညာရေးစုံညီပွဲတော်အတွက် ထောက်ပံ့ငွေများပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်တွင် အတန်းစဉ်ဆုရရှိကြသူများ၊ အင်္ဂလိပ်စာ၊ သင်္ချာ် ပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် ကဗျာ ပြိုင်ပွဲတွင် ဆုရရှိကြသူများ၊ အာဇာနည်နေ့အထိမ်းအမှတ် ကဗျာ၊ ဆောင်းပါး၊ စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ ကဗျာ ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများတွင်ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ များအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ ၎င်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ကျောင်းသား/ ကျောင်းသူများ၏ သီဆိုကပြဖျော်ဖြေ တင်ဆက်မှု များအား ကြည့်ရှုအားပေးပြီး ပြခန်းများအတွင်း ခင်းကျင်းပြသထားသည့် ပစ္စည်းများ အား လှည့်လည်ကြည့်ရှုကြသည်။

ထို့ပြင် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာန၊ ကျိုင်းတုံတက္ကသိုလ်၌ပြုလုပ်သည့် (၁၇)နှစ်ပြည့် တက္ကသိုလ်နှစ်ပတ် လည်နေ့ အထိမ်းအမှတ် ဈေးရောင်းပွဲတော်ကို တက်ရောက် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဈေးရောင်း ပွဲတော်အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။