ဝမ်းရေးထက်ပင် ခက်ပါသည်
ယမန်နေ့မှအဆက်
အမှန်က လာသာလာရသည်။ ကိုထွန်းငြိမ်း စိတ်ထဲကလည်း ဆရာကြီးမှာလိုက်သလို တထင့်ထင့်ပင်။ ထို့ကြောင့်လည်း ကိုထွန်းငြိမ်းသည် သူ၏ရုပ်ကို သူတို့နယ်က လယ်သမားတစ်ယောက်နှင့် အတတ်နိုင်ဆုံး တူအောင် ပြုပြင်ကာ လယ်ထဲ၊ ယာထဲက ပြန်လာသူ ကဲ့သို့ ပြုပြင်လာသည်။
အင်္ကျီ၊ လုံချည် အစုတ်တစ်ထည်ကိုဝတ်ကာ ခေါင်းတွင်လည်း ပုဆိုးစုတ်တစ်ထည်ကို နဖူးပြင်အထိကျအောင် ပေါင်းလာ၏။ ပခုံးပေါ်တွင်လည်း ထင်းချောင်း သုံးလေးချောင်းကို စည်းထမ်းလာသည်။ ခရီးဝေးသွားရမည့်သူဖြစ်သဖြင့် အလေးအပင်ထမ်း၍တော့ ဟန်မဆောင်ရဲပေ။
ခရီးတစ်ဝက်လောက်ရောက်၍ ဝမ်းထဲကလည်း တကြုတ်ကြုတ်မြည်လာသောအခါ ကားလမ်းဘေးရှိ လယ်ကန်သင်းရိုးတစ်ခုပေါ်တွင်ထိုင်၍ ထမင်းစားသည်။ မိုးက စွေနေသဖြင့် သောက်ရေအတွက်မူ မပူပင်ရပေ။ သူ ထမင်းစားနေချိန်တွင် ရွာသွန်းလာ သော မိုးကိုပင် ကိုထွန်းငြိမ်းမှာ ဤယနေ့တော့ ကျေးဇူးတင်ရလေသည်။
နံနက် ငါးနာရီကျော်လောက်ကပင် မင်းဘူးမြို့မှ ထွက်လာသော ကိုထွန်းငြိမ်းသည် ညနေ ငါးနာရီ ကျော်လောက်မှာ မိမိရွာနားသို့ရောက်သည်။ ကိုထွန်းငြိမ်း မိမိရွာနားသို့ရောက်လာချိန်မှာ လယ်သမားများ လယ်တောက ပြန်ချိန်ဖြစ်သည်။ ကိုထွန်းငြိမ်းသည် ဤအချိန်ကို တိုင်းဆ၍ တမင်လာသူဖြစ်သဖြင့် ရွာနား ချဉ်းကပ်ရသည်မှာတော့ ဘာမှ အခက်အခဲမရှိပေ။ မနက်ပိုင်း သူထွက်လာပြီး လမ်းတစ်ဝက်လောက် အရောက်ကပင် စွေလာသော မိုးမှာလည်း ယခုဆိုလျှင် ပို၍ပင်သည်းလာသဖြင့် ခေါင်းပေါ်တွင် ခမောက်ကို ဆောင်းလိုက်သောအခါ ကိုထွန်းငြိမ်းမှာ တစ်ရက်တည်းနှင့် တကယ့်လယ်သမားကြီး အသွင်သို့ ပြောင်းသွားလေ၏။
သို့သော် ကိုထွန်းငြိမ်းသည် ရွာဝင်လမ်းအတိုင်း မခင်မှီတို့အိမ်ရှိရာသို့ ဝင်မလာရဲဘဲ ရွာပြင်က ပတ်ကွေ့ကာ မခင်မှီတို့ အိမ်နောက်ဘက်ရှိ ဥယျာဉ် ထဲသို့သာ ပုန်းလျှိုးကွယ်လျှိုးနှင့် ဝင်လာရလေသည်။
ယခုအခါမှာတော့ သူ့ကိုယ်ပေါ်တွင် ထင်းစည်းလည်း မပါတော့သဖြင့် လွတ်လွတ်လပ်လပ်နှင့်ပင် ဥယျာဉ်ထဲကနေပြီး အိမ်ကို အကဲခတ်သည်။ အိမ်ကို အကဲခတ်ရင်း ငှက်ပျောပင်၊ သရက်ပင်များကို အကာအကွယ်ယူကာ တဖြည်းဖြည်း အိမ်နောက်ဖေးသို့ ချဉ်း ကပ်လာနေမိသည်။
မခင်မှီတို့အိမ်နှင့် ပေအစိတ်လောက်သာဝေးသော ငှက်ပျောခြံနား ရောက်လာသောအခါ ကိုထွန်းငြိမ်းမှာ ငှက်ပျောပင်ရင်း၌ပင် ကျောက်ရုပ်ကြီးတစ်ခုကို ချထားသလို မလှုပ်မယှက်ကြီးထိုင်ပြီး အိမ်၏အခြေအနေ၊ အသံဗလံများကို နားစွင့်လေ့လာနေမိသည်။ အိမ်နောက်ဖေး တံခါးဖွင့်ထားသည်ကို မြင်ရသဖြင့် အိမ်ပေါ်တွင် လူရှိနေမှန်းတော့ အတပ်သိနေ၏။ သို့သော် အိမ်ပေါ်သို့ကား ရုတ်တရက် မတက်ရဲသေး ပေ။ ရဲဘော်ဖြူများ ရှိ၊ မရှိကို အကဲခတ်ရသေး၏။
“အူဝဲ၊ အူဝဲ”
အိမ်ရှေ့မှ ကလေးငိုသံကြောင့် ကိုထွန်းငြိမ်း၏ ရင်ထဲမှာ တဒိတ်ဒိတ်အခုန်မြန်သွားသည်။ စိုးရိမ် သောကဖြင့် ငှက်ပျောပင်ရင်းတွင် ငုတ်တုတ်ထိုင်နေရာမှ ကိုယ်ကိုလည်း အနည်းငယ်ကြွလိုက်မိသည်။ ကလေးငိုသံကြောင့် သူ၏ပူလောင်လာသော စိုးရိမ် သောကစိတ်တို့သည် ရုတ်ချည်းလွင့်ပျောက်ထွက်ပြေး သွားကြသည်။
“အမေရေ ကလေးလေး ကြည့်လိုက်ပါဦး။ သမီး ထမင်းအိုးငှဲ့နေလို့”
မီးဖိုထဲမှ အိမ်ရှေ့သို့ လှမ်းပြောလိုက်သော မခင်မှီ ၏အသံသည် ကိုထွန်းငြိမ်း၏ ရင်ကို ဒုတိယမ္ပိ အခုန် မြန်စေပြန်သည်။
မခင်မှီ၏အသံကြောင့် မျက်နှာတစ်ခွင် တစ်ပြင်လုံးမှာလည်း ချက်ချင်းကြည်ပြုံးလာနိုင်၏။ မကြားရသည်မှာ ကြာပြီဖြစ်သော ဇနီးသည်၏အသံသည် ချိုလွင်လျက်ရှိပေစွ။ တစ်ချိန်လုံး စိတ်တထင့်ထင့်နှင့် စောင့်စားနေရသူ၏ အမောမှာ ယခုမှ သက်မချနိုင် တော့၏။ မီးဖိုဆောင်မှ မီးခိုးငွေ့တွေ တလူလူထွက် နေသည်ကိုလည်း ယခုမှသတိပြုမိလိုက်လေသည်။
အိမ်ရှေ့မှ မခင်မှီ၏အမေ ကလေးချော့သံကိုလည်း အူးအူးအဲအဲကြားလာရလေပြီ။
ကိုထွန်းငြိမ်းသည် ဝမ်းသာအားရနှင့်ဖွင့်ထားသော နောက်ဖေးတံခါးပေါက်ကိုသာ မျက်လုံးပေါက်ထွက် မတတ်စိုက်ကြည့်ကာ ထိုတံခါးပေါက်မှ မခင်မှီ ရေကပြင်သို့ ထွက်အလာကို စောင့်ကြည့်နေလေသည်။
မခင်မှီမှာ တော်တော်နှင့် ထွက်မလာပြန်။ “အိမ်ရှေ့ ကလေးရှိရာများ ထွက်သွားပြန်လေပြီလား” ဟု စိုးရိမ်မိလိုက်ပြန်သောအခါ သူ့မျက်နှာမှာ အလိုလို နွမ်းလျသွားပြန်လေသည်။ ထမင်းအိုးငှဲ့နေပါသည် ဆိုသော မခင်မှီ၏ အသံကလည်း တဒင်္ဂတွင် တိတ် ဆိတ်နေပြန်၏။
ကိုထွန်းငြိမ်းမှာ ငှက်ပျောပင်ရင်း၌ပင် အားမလို အားမရနှင့် ထိုင်ရမလို၊ ထရမလို၊ ကုန်းကုန်းကွကွကြီး ဖြစ်နေလေသည်။
မခင်မှီ ရေကပြင်သို့ ထွက်လာရေးကို မိနစ်၊ စက္ကန့် ခန့်မျှစောင့်နေရသော သူ့စိတ်ထဲမှာ ကန္တာရကပ်ကမ္ဘာ တစ်ခုလောက် ကြာညောင်းနေလေသည်။
ဆက်လက်ဖော်ပြပါမည်။