မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီ၏ ခြောက်ထပ်ရုံး အဆောက်အအုံသစ်နှင့် ဗဟိုသားဖွား သင်တန်းကျောင်း(ရန်ကုန်) RC ငါးထပ်အုပ်ချုပ်ရေးနှင့် စာသင်ဆောင်သစ်ဖွင့်ပွဲ အခမ်းအနားများ ကျင်းပ

 

မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီ၏ ခြောက်ထပ်ရုံး အဆောက်အအုံသစ်နှင့် ဗဟိုသားဖွား သင်တန်းကျောင်း(ရန်ကုန်) RC ငါးထပ်အုပ်ချုပ်ရေးနှင့် စာသင်ဆောင်သစ်ဖွင့်ပွဲ အခမ်းအနားများ ကျင်းပ

 

ရန်ကုန် ဇန်နဝါရီ  ၁၉

    မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီ၏ ခြောက်ထပ်ရုံး အဆောက်အအုံသစ် ဖွင့်ပွဲ အခမ်းအနားကို ယနေ့တွင် ဗဟန်းမြို့နယ်၌ ကျင်းပရာ   ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွား ကောင်စီဥက္ကဋ္ဌ ဒေါ်နွဲ့နွဲ့ခင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။    

ထို့နောက် အခမ်းအနားကို ဆက်လက် ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီး ဌာန၏ ကျန်းမာရေး ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီသည် အထောက်အကူပြု ပံ့ပိုးပေးလျက်ရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ ထို့ပြင် သူနာပြုနှင့်သားဖွားများ၏ စည်းကမ်းပိုင်း ဆိုင်ရာနှင့်  ကျင့်ဝတ်ပိုင်းဆိုင်ရာများကို ထိန်းသိမ်းစောင့်ရှောက်သည့် Regulato-ry Body) အဖွဲ့အစည်းကြီးလည်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွား ကောင်စီအနေဖြင့် ဒေသတွင်းနှင့်အာဆီယံ နိုင်ငံများနှင့်တန်းတူ  သူနာပြုနှင့် သားဖွားများ၏  အရည်အသွေးများ ဖွံ့ဖြိုးတိုးတက်စေရေး၊   နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊  သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများကို အသိအမှတ်ပြုလွှာ (Initial  Accreditation  Statusများ ပေးအပ်နိုင်ခဲ့ခြင်း၊ စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်း(Continuing Professional Development (CPD)) စနစ်ကို စတင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်း တို့အတွက်   ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားသည်။  

ယင်းနောက်  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားပြီး   ခြောက်ထပ်ရုံး  အဆောက်အအုံ တည်ဆောက်သည့် မှတ်တမ်းဗီဒီယိုကိုပြကာ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီ ဥက္ကဋ္ဌတို့က အလှူရှင်များကို   ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်၍ မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီ ဥက္ကဋ္ဌ  ဒေါ်နွဲ့နွဲ့ခင်က ကျေးဇူးတင်စကား ပြောကြားသည်။ 

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီ ဥက္ကဋ္ဌထံသို့ ထောက်ပံ့ငွေပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အဆောက်အအုံသစ် အတွင်းရှိ သူနာပြုနှင့် သားဖွားများ၏ အရည်အသွေး စစ်ဆေးခန်းများ၊ စာကြည့်တိုက်များ၊ မှတ်တမ်းထိန်းသိမ်း ထားရှိသည့်အခန်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

ထို့နောက်  ကျန်းမာရေးဝန်ကြီးဌာနကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ဗဟိုသားဖွား သင်တန်းကျောင်း(ရန်ကုန်) RC ငါးထပ်အုပ်ချုပ်ရေးနှင့် စာသင်ဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို   ဆက်လက် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က  RC ငါးထပ် အုပ်ချုပ်ရေးနှင့် စာသင်ဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းကျောင်းသည်  သူနာပြုနှင့် သားဖွားသင်တန်းကျောင်း ၅၃ ကျောင်း အနက် နှစ်ပေါင်း ၁၂၀ ကျော် ရှိပြီဖြစ်သည့် သက်တမ်းအရှည်ဆုံး  ကျောင်းကြီးဖြစ်ကြောင်း၊ ကျောင်းကြီးပိုမိုဖွံ့ဖြိုး တိုးတက်စေရန်နှင့် ခေတ်နှင့်လျော်ညီစေရန် ယခုလို RC ငါးထပ် အုပ်ချုပ်ရေးနှင့် စာသင်ဆောင် အဆောက်အအုံသစ်ကြီးကို   နိုင်ငံတော် ဘဏ္ဍာငွေကျပ်  ၉၄၅ ဒသမ ၇ သန်း အကုန်အကျခံ  တည်ဆောက် ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ ထို့ပြင်  ဗဟိုသားဖွား သင်တန်းကျောင်း(ရန်ကုန်)သည် မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီမှ ''Initial Accreditation Status'' အသိအမှတ်ပြု လွှာကိုရရှိခဲ့သည့်  ကျောင်းတစ်ကျောင်း ဖြစ်သည့်အတွက်  ဂုဏ်ယူကြောင်းနှင့် နိုင်ငံတော်နှင့်ပြည်သူလူထု အတွက် တန်ဖိုးရှိလှသည့်   အရည်အသွေးပြည့်ဝသော သားဖွားဆရာမများအား စဉ်ဆက်မပြတ် ဆက်လက်မွေးထုတ်သွားရန် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။  

ဆက်လက်၍  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားပြီး ဗဟိုသားဖွား သင်တန်းကျောင်း(ရန်ကုန်) ကျောင်းအုပ်ကြီးက ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက်   ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က  ထောက်ပံ့ငွေကျပ်သိန်း ၁၀၀ ကို သင်တန်းကျောင်းသို့ ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့  ဝန်ကြီးချုပ်နှင့် အဖွဲ့သည်  RC ငါးထပ်အုပ်ချုပ်ရေးနှင့် စာသင်ဆောင်သစ်ရှိ    စာသင်ခန်း၊ လက်တွေ့ခန်းများ၊ ကွန်ပျူတာခန်းများတွင် သားဖွားသင်တန်းသူများ သင်ထောက်ကူ ပစ္စည်းများအသုံးပြု၍ လေ့ကျင့်သင်ကြားနေမှုများကို ကြည့်ရှုအားပေး ခဲ့ကြကြောင်း သိရသည်။